ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ခြောက်ရက်မြောက် အခြေအနေ

(ယူကရိန်းတောင်ပိုင်းမှာ ရုရှားစစ်ဘက် အားသာနေ)
 
မတ်-၂-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှုပြုလုပ်နေတာဟာ ခြောက်ရက်မြောက်ရှိနေပြီဖြစ်ပြီး စစ်ရေးဖိအားတိုးမြှင့်နေတဲ့ရုရှားအနေနဲ့လည်း နိုင်ငံတကာဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
လက်ရှိမှာတော့ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်ဟာ ယူကရိန်းရဲ့ ခုခံစစ်ကြောင့် ထင်တိုင်းမပေါက်တာတွေလည်းရှိနေပါတယ်။
 
-ကိယက်ဗ်
ယူကရိန်းမြို့တော် ကိယက်ဗ်ကတော့ ရုရှားရဲ့ အဓိကစစ်ဆင်ရေးနေရာတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။ ရုရှားတပ်ဖွဲ့၀င်တွေဟာ မြို့ရဲ့ မြို့ရဲ့ အနောက်ဘက်နဲ့ အရှေ့ဘက်တို့ကနေ စစ်ရေးလှုပ်ရှားနေကြပါတယ်။ မြို့ရဲ့မြောက်ဘက်ကိုချီတက်လာတဲ့ မိုင် ၄၀ လောက်ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကတော့ မြို့ကို အနောက်ဘက်ကနေ တိုက်ခိုက်မှုအတွက် ကူညီထောက်ပံ့ပေးဖို့ရှိနေတယ်လို့ အကဲခတ်တွေက ပြောဆိုထားပါတယ်။
 
-ခါကိဗ်
ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းက ဒုတိအကြီးဆုံး ခါကိဗ်မြို့ဟာလည်း ရုရှားစစ်တပ်က ၀င်ရောက်ထိန်းချုပ်ဖို့ စစ်ရေးလှုပ်ရှားနေတဲ့မြို့ထဲမှာ ပါ၀င်နေပြီး မတ် ၂ ရက်မှာတော့ လေကြောင်းကနေ ပစ်ခတ်တာတွေနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါဟာ မြေပြင်ထိုးစစ်ဆင်တိုက်ခိုက်တာမလုပ်ခင် လေကြောင်းတိုက်ခိုက်မှုပြုပြီး ပြင်ဆင်တာလို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
 
ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေမှာ ရဲစခန်းတစ်ခုနဲ့ ကာရာဇင်တက္ကသိုလ်တို့ကိုလည်း ထိမှန်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးပြီး ၁၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမြို့ဟာ ရုရှားတပ်ဖွဲ့၀င်တွေအများပြား ဖြန့်ကြက်ချထားတဲ့ ရုရှားနယ်စပ်ကနေ မိုင် ၃၀ အကွာမှာတည်ရှိနေပြီး လက်ရှိမှာတော့ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
 
-ယူကရိန်းတောင်ပိုင်း
ယူကရိန်းတောင်ပိုင်းမှာတော့ ရုရှားရဲ့ စစ်ဆင်ရေးတွေအားသာနေပုံရပြီး အဲဒီဒေသမှရှိတဲ့ ခါဆွန်မြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အခိုင်အမာပြောဆိုထားပါတယ်။ မြို့ကို ရုရှားတပ်ဖွဲ့၀င်တွေက အလုံးစုံ၀ိုင်းရံထားပေမယ့်လည်း မြို့ဟာ ယူကရိန်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ မြို့တော်၀န်ကပြောပါတယ်။
 
မဟာဗျူဟာကျတဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ မာရူပိုးဟာလည်း ရုရှားတပ်တွေရဲ့ အပြင်းအထန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
 
-နိုင်ငံတကာ တုံ့ပြန်မှု
ယူကရိန်းကို ရုရှားကကျူးကျော်မှုမပြုခင်ကတည်းက ကျူးကျော်နိုင်ခြေနဲ့ပတ်သက်ပြီး အမေရိကန်အပါအ၀င် အနောက်အုပ်စုနိုင်ငံတွေက သတိပေးမှုတွေ ဆွေးနွေးညှိနှိုင်းမှုတွေပြုခဲ့ကြပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်နဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေကို နိုင်ငံတကာက ချမှတ်ခဲ့သလို အခြားဖိအားမျိုးစုံလဲပေးနေပါတယ်။
 
ယူကရိန်းကို ကျူးကျော်မှုနဲ့ပတ်သက်ပြီး ရုရှားကို ကုလသမဂ္ဂအထွေထွေညီလာခံက မတ် ၂ ရက်မှာ ပြစ်တင်ရှုတ်ချဖို့ စီစဉ်နေပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့နဲ့ တပ်ဖွဲ့၀င်တွေရုပ်သိမ်းဖို့ ရုရှားကို တောင်းဆိုထားပါတယ်။
 
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ရုရှားစစ်တပ်ဟာ ယူကရိန်းမှာ အချိန်တိုအတွင်း အောင်မြင်ခဲ့မယ်ဆိုရင်တောင် ရေရှည်အတွက် ရုရှားရဲ့ပေးဆပ်မှုဟာ ကြီးမားလိမ့်မယ်လို့ မတ် ၂ ရက်ကပြောတဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထုတ်ဖော်ပြောဆိုပါတယ်။
 
ယူကရိန်းရဲ့ ခုခံစစ်ကိုကူညီဖို့အတွက် နေတိုးအဖွဲ့၀င်သုံးနိုင်ငံဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ပိုလန်နဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့က ယူကရိန်းကို တိုက်လေယာဉ် အစင်း ၇၀ လွှဲပေးဖို့ သဘောတူထားလိုက်ပြီဖြစ်ပါတယ်။
 
ဒါ့အပြင် တူရကီမှမောင်းသူမဲ့လေယာဉ်တွေအပါအ၀င် ပြည်ပနိုင်ငံတွေက ကူညီမယ့် စတင်းဂါးနဲ့ ဂျက်ဗလင် ဒုံးကျည်တွေကိုလည်း ထပ်မံရရှိဖို့ရှိတယ်လို့ ယူကရိန်း ကာကွယ်ရေး၀န်ကြီးက မတ် ၂ ရက်မှာ ထုတ်ဖော်ပြောဆိုထားပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီအပါအ၀င် အနောက်နိုင်ငံအချို့ကလည်း ယူကရိန်းအတွက် စစ်ရေးအထောက်အကူပြုပစ္စည်းတွေ ကူညီပေးနေပါတယ်။
 
လက်ရှိမှာတော့ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်ဖို့ နိုင်ငံတကာကပြည်သူတွေအနေနဲ့ ယူကရိန်းမှာ စေတနာ့၀န်ထမ်းအဖြစ် လာရောက်ပူးပေါင်းတိုက်ခိုက်နိုင်တယ်လို့ ယူကရိန်းသမ္မတက ဖိတ်ခေါ်ကမ်းလှမ်းပြီးနောက် အမေရိကန်၊ ကနေဒါ နဲ့ ဂျပန်အပါအ၀င် နိုင်ငံအချို့ကလူတွေဟာ ပူးပေါင်းတိုက်ခိုက်ဖို့ အကြောင်းပြန်ထားတယ်လို့ သိရပါတယ်။
 
Ref: Reuters/BBC
Photo:Reuters
#VoiceOfMyanmar #VOM #ယူကရိန်းကိုရုရှားကျူးကျော်တိုက်ခိုက်မှု #ခြောက်ရက်မြောက်အခြေအနေ

Related posts

Leave a Comment

VOM News

FREE
VIEW