စစ်ကိုင်းတိုင်းက မြို့ပေါင်း ၂၀ ကျော် မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးမရဖြစ်နေ

မတ် ၄-၂၀၂၂
စိုးပိုင် (VOM)
 
စစ်ကိုင်းတိုင်းထဲက မြို့ပေါင်း ၂၀ ကျော်ဟာ ဒီမနက် အစောပိုင်းကစလို့ မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးစွဲမရဘူးလို့ အင်တာနက်အသုံးပြုသူတွေဆီက သိရပါတယ်။
 
” ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်လောက်က စပျက်တာပါ ၊ ဖုန်းဆင်းကဒ် အင်တာနက်လိုင်းတွေ အားလုံးပျက်တာ “လို့ ရေဦးမြို့ခံ အင်တာနက်သုံးစွဲသူ တယောက်က ပြောပါတယ်။
 
မိုဘိုင်းလ် အင်တာနက်လိုင်းတွေ သုံးစွဲမရ ဖြစ်နေတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း ဆက်သွယ်ရေး ဌာန နဲ့ နီးစပ်သူ တယောက်က ” စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ မြို့နယ်အနက် ၊ စစ်ကိုင်း ၊ ရွှေဘို ၊ မုံရွာ ၃ မြို့နယ်ကတော့ Mytel နဲ့ MPT မိုဘိုင်းလ် အင်တာနက်တချို့ ရသေးတယ် ၊ ကျန်မြို့နယ်အားလုံး Internet Plan to Lock လုပ်ထားတာပါ ၊ Unlock လေးမြို့နယ် ပါတယ် ” လို့ ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက မြို့နယ်တချို့ မိုဘိုင်းလ် အင်တာနက်တွေ သုံးစွဲမရ ဖြစ်နေတာနဲ့ ပတ်သက်လို့ မြို့နယ်တွေကို VOM က ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ကြည့်တဲ့အခါ ခန္တီး ၊ ဟုမ္မလင်း ၊ လဟယ် ၊ ဖောင်းပြင် ၊ မော်လိုက် ၊ ကလေးဝ ၊ တမူး ၊ ကလေး ၊ ကသာ ၊ ဗန်းမောက် ၊ ပင်လည်ဘူး ၊ ကောလင်း ၊ ဝန်းသို ၊ ကန့်ဘလူ ၊ ကျွန်းလှ ၊ ဝက်လက် ၊ ရေဦး ၊ တန့်ဆည် ၊ ခင်ဦး ၊ ဒီပဲယင်း ၊ ချောင်းဦး ၊ ကနီ ၊ ဆားလင်းကြီး ၊ ပုလဲ ၊ ယင်းမာပင် ၊ အရာတော် ၊ လုတလင် စတဲ့ မြို့နယ်တွေမှာတော့ မိုဘိုင်းလ် အင်တာနက် လုံးဝသုံးစွဲ မရဘူးလို့ သိရပြီး Unlock ဖြစ်တဲ့ မြို့နယ်တွေမှာလည်း mytel နဲ့ mpt တချို့သာ ရရှိပြီး ကျန်ဆင်းကဒ်တွေ သုံးမရဘူးလို့ သိရပါတယ်။
 
မိုဘိုင်းလ် အင်တာနက်လိုင်းတွေ ဘာအတွက် lock ချတယ်ဆိုတာ ဆက်သွယ်ရေးဌာနတွေက ထုတ်ဖော်ပြောဆိုတာ မရှိတာကြောင့် အကြောင်းအရင်းအတိအကျကိုတော့ မသိရသေးပါဘူး။
 
#VoiceOfMyanmar #VOM #စစ်ကိုင်းတိုင်း #မြို့နယ်၂၀ #မိုဘိုင်းလ်အင်တာနက်သုံးမရဖြစ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW