လျှပ်စစ်မီး အချိန်ကြာပြတ်တောက်မှုနဲ့စက်သုံးဆီစျေးကြီးမြင့်မှုကြောင့် အသေးစားစက်မှုလုပ်ငန်းအချို့ ရပ်ဆိုင်းထားရ

မတ် ၄-၂၀၂၂
KK(VOM)
 
ရန်ကုန်မှာ လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်တာတွေ စက်သုံးဆီစျေးကြီးမြင့်လာတာတွေကြောင့် အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းအချို့ ရပ်ဆိုင်းရတဲ့အခြေအနေထိ ကြုံတွေ့နေရတယ်လို့ အဲ့ဒီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
လျှပ်စစ်မီးကိုသာ အဓိကအသုံးပြုနေလုပ်ကိုင်နေရတဲ့ အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းတွေဟာ မီးပျက်ရင် အရင်က မီးစက်နဲ့အသုံးပြုနိူင်ပေမယ့် အခုအခါ စက်သုံးဆီပါ ကြီးမြင့်လာသောကြောင့် အသေးစားစက်မှုလုပ်ငန်းအချို့ လုပ်ငန်းတွေကို ခေတ္တရပ်နားထားရတယ်လို့ သံပန်းလုပ်ငန်းလုပ်ကိုင်သူတဦးက ပြောပါတယ်။
 
“အခုအခြေအနေက အတော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ အခြေအနေပါ မီးက ဘယ်အချိန်လာမယ်လို့ ခန့်မှန်းလို့မရတော့ အလုပ်လို့မရဘူး မီးစက်နဲ့အလုပ်လုပ်ရအောင်လည်း ကိုယ့်အလုပ်က လုပ်ငန်းကြီးမဟုတ်တော့ မရင်းရဲဘူး၊ အခုတော့အလုပ်က နားရတယ် “လို့ ပြောပါတယ်။
 
အိမ်တွင်းအသေးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ အချိုရည်ဗူးတွေထုတ်လုပ်ရာမှာလည်း မီးကိုအသုံးပြုရပြီး ဂန်းနဲ့ပိတ်ရတာကြောင့် ရတဲ့အမြတ်မှာ နည်းလာတဲ့အတွက် မီးစက်အသုံးမပြုနိူင်လို့ လုပ်ငန်းခေတ္တရပ်နားထားရတယ်လို့ လှည်းကူးမြို့နယ်က အသေးစားလုပ်ငန်းရှင်တစ်ဦးက သူရဲ့အမြင်ကိုလည်း အခုလိုပြောပါတယ်။
 
“မီတာမဆောင်တာနဲ့မဆိုင်ဘူး ကျနော်တို့ဘက်မှာ အကုန်မီတာဆောင်ကြတယ် ပျက်တာပဲ၊ အခုမီးပျက်တာက အချိန်နဲ့ဆိုတော်သေးတယ် ပျက်ချင်သလိုပျက်နေတာ၊ မီတာဆောင်ခြင်းမဆောင်ခြင်းနဲ့ မဆိုင်တော့ဘူးထင်တယ်”လို့ သူကပြောပါတယ်။
 
မြန်မာနိူင်ငံမှာ မီးအချိန်ကြာပြတ်တောက်နေချိန် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းအတွက် 500 KVA (Sound Proof Type) ဒီဇယ်မီးစက်တစ်စုံဝယ်ယူဖို့အတွက် နိူင်ငံပိုင်သတင်းစာကနေ မတ်လ ၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဟာလည်း ဟာသတစ်ခုလိုဖြစ်ခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အခုလိုသုံးသပ်ပါတယ်။
 
“မီးပေးတဲ့ EPC ကတောင် မီးစက်ဝယ်မယ်ဆိုတာ့ ကျန်တဲ့သူတွေက ဆိုလာတွေ ပါဝါဘန့်တွေ မီးစက်တွေ ဝယ်ဆောင်ထားရမယ့်သဘော ဖြစ်နေတယ်”လို့ သူကပြောပါတယ်။
 
မြန်မာတနိူင်ငံလုံးအတိုင်းအတာအရ ယခုနှစ်ဖေဖော်ဝါရီလ အတွင်းမှာ လျှပ်စစ်မီး ပြတ်တောက်မှု
ဟာ ပိုမိုဆိုးရွားခဲ့ပြီး နေ့စဉ်၆နာရီကနေ ၁၀နာရီခန့်ကြာသည်ထိ လျှပ်စစ်မီး ပြတ်တောက်မှုများရှိလာတာကြောင့် အသေးစားအိမ်တွင်းစက်မှုလုပ်ငန်းအချို့ ရပ်နားလာတာပဲဖြစ်တယ်လို့ အသေးစားလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။
 
#VoiceOfMyanamr #VOM #အချိန်ကြာမီးပျက်မှု #အသေးစားလုပ်ငန်းအချို့ #ရပ်ဆိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW