ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်ထားလို့ တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြ

မတ် ၇-၂၀၂၂
Shy V (VOM)
 
တရုတ်-မြန်မာ နယ်စပ်၊ ယူနန်ပြည်နယ်၊ ပေါက်ရှန်း ခရိုင်၊ ထင်ချုံးမြို့နယ်၊ ဟိုချောင်ဝ်ကုန်သွယ်ရေးကွင်းမှာ ဒီကနေ့မနက်ပိုင်းမှာ ကံပိုင်တည် နယ်စပ်ဂိတ် ပိတ်ထားလို့ ဆုံရှုံးမှုများ နေတာကြောင့် တရုတ် ငှက်ပျော ကုန်သည်တွေ ဆန္ဒပြနေကြတယ်လို့ နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
“ကံပိုင်တည်ဘက်၊ တရုတ်ဘက်ထဲ ငှက်ပျောကုန်သည်တွေ ဒီနေ့ ဆန္ဒ ပြနေကြတာ ဟိုချောင်ဝ် ကွင်းမှာ။ ကံပိုင်တည် နဲ့ ၅ မိုင်လောက်ပဲဝေးတယ်။ သူတို့ ငှက်ပျောကားတွေ မြန်မာဘက်ခြမ်း ကံပိုင်တည်ဘက် အစီး ၈၀၀ လောက် ပိတ်မိနေလို့ တရက်ကို တရုတ်ငွေ သိန်း ၂၀၀၀ ဝန်းကျင် နစ်နာ ဆုံးရှုံးနေရတယ်။ ငှက်ပျောသီးတွေ အကုန်လုံး ပုပ်ကုန်ပြီ။ ကိုဗစ် ရောဂါထိန်းချုပ်တဲ့အဖွဲ့ ဗဟိုက အမိန့်မရဘဲ သူတို့သဘောနဲ့ နယ်စပ်ဂိတ်ကို ပိတ်ပစ်တယ်လို့ အော်နေကြတာ” လို့ မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။
 
နယ်စပ်ဂိတ် ပိတ်ထားတာကြောင့် ငှက်ပျောကုန်သည် တင်မကဘဲ ငှက်ပျောလုပ်ငန်းနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံဘက်က ခြံရှင်တွေ၊ ကုန်ဂိတ်ပိုင်တွေ၊ ကုန်ကားပိုင်ရှင်‌တွေ၊ ကားသမားတွေပါ ဒုက္ခရောက်ရတယ်လို့ ငှက်ပျောကုန်တင် ယာဉ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။
 
“ကျနော့်ကား အကုန်လုံးလည်း အဲဒီမှာပိတ်မိနေတယ်။ ‌၁၀ ရက်ကျော်ပြီ။ ဝင်လို့လည်းမရ။ ပြန်လှည့်လို့လည်းမရ ဒုက္ခရောက်နေတာ။ တရုတ်ပြည်ဝင်ဖို့ မြန်မာဘက်ခြမ်း ကံပိုင်တည်မှာ စောင့်နေတာ ကားတွေ အများကြီးပဲ။ ဂိတ်က မဖွင့်သေးဘူး။” လို့ သူက ပြောပါတယ်။
 
ကချင်ပြည်နယ် ကံပိုင်တည် နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ထင်ချုန်းမြို့နယ်ထိစပ်နေတဲ့ နှစ်နိုင်ငံကုန်သွယ်ရာ ကံပိုင်တည်ဂိတ်ကို အခုနှစ် မတ်လဆန်းပိုင်းကစပြီး ကိုဗစ်အကြောင်းပြချက်နဲ့ တရုတ်ဘက်က ယာယီ ပိတ်ခဲ့တာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလတုန်းကလည်း ကချင်ပြည်နယ် လွယ်ဂျယ်မြို့ နဲ့ ထိစပ်နေတဲ့ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ လားရင်းမှာ တရုတ် ငှက်ပျောကုန်သည်တွေ သူတို့ရဲ့ တစ်သျှူးငှက်ပျောကားတွေ မြန်မာဘက်ခြမ်း လွယ်ဂျယ်ဘက် ပိတ်မိကာ အများအပြား ဆုံးရှုံးခဲ့တာကြောင့် ဆန္ဒပြခဲ့ကြပါသေးတယ်။
 
ကိုဗစ်ရောဂါ အကြောင်းပြချက်နဲ့ တရုတ်ဘက်က နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ၂၀၂၁ခုနှစ်ကလည်း နှစ်ဝက်ခန့်ကြာ ပိတ်ခဲ့ပြီး အခုလ လဆန်းပိုင်းလည်း ကိုဗစ် ပိုးတွေ့ အကြောင်းပြချက်နဲ့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ခဲ့ပြီး တချို့ဂိတ်တွေကို ပြန်လည် ဖွင့်လှစ်ပေးခဲ့ပေမယ့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေကြောင့် ခက်ခဲကြန့်ကြာနေတယ်လို့ သိရပါတယ်။
 
Photo – ကားသမား ၁ ဦး
#voiceofmyanmar #VOM #ကံပိုင်တည်ဂိတ်ပိတ် #တရုတ်ငှက်ပျောကုန်သည် #ဆန္ဒပ

Related posts

Leave a Comment

VOM News

FREE
VIEW