ခန္တီးဒေသမှာ စက်သုံးဆီ ဝင်ရောက်မှုနည်းပါးနေပြီး ခွဲတမ်းစနစ်နဲ့သာ ဆီကိုဝယ်ယူသုံးစွဲနေရ

မတ် ၉-၂၀၂၂
SP (VOM)
 
စစ်ကိုင်းတိုင်း ၊ ချင်းတွင်းမြစ်ဖျား ဒေသပိုင်းဖြစ်တဲ့ ခန္တီးမြို့နယ်မှာ စက်သုံးဆီဝင်ရောက်မှု အလွန်နည်းပါးနေပြီး စက်သုံးဆီ ဝယ်ယူသုံးစွဲသူများဟာ ခွဲတမ်းစနစ်နဲ့သာ ဝယ်ယူနေရတယ်လို့ ယာဥ်ပိုင်ရှင်တွေဆီက သိရပါတယ်။
 
” ဓာတ်ဆီ တစ်ဂါလံကို တစ်သောင်းကျော်တယ် ၊ သောင်း နှစ်ထောင် ၊ သုံးထောင်အထိရှိတယ် ၊ လိုသလောက် ဝယ်မရဘူး ၊ ဆိုင်ကယ်တစ်စီးမှ ဂါလံဝက်နူန်းပဲ ရောင်းပေးတာ ၊ ခရီးဝေးသွားမယ်ဆိုရင် နှစ်ခါပြန် ဆီထည့်မှ ရတယ် “လို့ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။
 
အဲ့ဒီလို စက်သုံးဆီကို ခွဲတမ်းစနစ်နဲ့ ဘာကြောင့် ရောင်းပေးရတယ်ဆိုတာနဲ့ ပတ်သက်လို့ ခန္တီးမြို့ပေါ်က စက်သုံးဆီလုပ်ငန်းရှင်တယောက်ကလည်း ” ဒီနှစ်က မြစ်ရေပါးချိန်ရောက်နေပြီ ၊ မြစ်ရေကြီးတဲ့ ကာလတုန်းက ဆီသင်္ဘောတွေ မလာနိုင်ခဲ့ဘူး ၊ ခန္တီးမြို့မှာ ဒီနှစ်အဖို့ အဝင်ဆီ မရှိသလောက်ဖြစ်နေပြီး လက်ကျန်ဆီ မရှိတဲ့အတွက် မျှတရောင်းချပေးနေရတာ “လို့ ပြောပါတယ်။
 
ခန္တီးမြို့ဟာ ချင်းတွင်းမြစ်ဖျားပိုင်းမှာ တည်ရှိပြီး ၊ ရေလမ်းကြောင်းတခုတည်းသာ ကုန်သွယ်ရေး နဲ့ သယ်ယူပို့ဆောင်ရေးကို အဓိကထား သွားလာနေရတာဖြစ်ပါတယ်။
 
” မြစ်ရေကြီးတဲ့ ကာလမှာ ရန်ကုန်-မန္တလေး-မုံရွာ ကနေ စက်သုံးဆီ တွဲသင်္ဘောတွေ ခန္တီးဆိပ်ကမ်းကို တိုက်ရိုက်လာနိုင်တာပါ ၊ အခုလို မြစ်ရေပါးတဲ့အချိန်မှာ ရေကြောင်းကြပ်တဲ့အတွက် ဆီသင်္ဘောတွေ မလာနိုင်ဘူး ၊ မြစ်ကြောင်းကောင်းတဲ့ ရာသီတုန်းကလည်း ဆီသင်္ဘောတွေ မလာရဲကျဘူး ၊ အဲ့ဒီ အခက်အခဲကြောင့် အခုလို ဆီကို မျှတသုံးစွဲနေရတဲ့ သဘောဖြစ်တယ် ” လို့ စက်သုံးဆီလုပ်ငန်းရှင်တဦးက ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်တုန်းက မုံရွာဆိပ်ကမ်းကနေ ခန္တီးဆိပ်ကမ်းကို ပြေးဆွဲပေးနေတဲ့ ဆီသယ်ကုန်တင်ရေယာဥ်တွေဟာ လမ်းခရီးမှာ လူသတ် လုယက်ခံရတာတွေရှိလာတဲ့အတွက် ရေယာဥ်ပြေးဆွဲတာ မလုပ်ရဲတာကြောင့် ယာယီရပ်နားထားရတာဟာ နှစ်ပတ်လည် နီးပါးအချိန်ရှိနေပြီဖြစ်တယ်လို့ ကုန်တင်ရေယာဥ် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
 
အဲ့ဒါကြောင့် ခန္တီးဒေသမှာ စက်သုံးဆီလိုအပ်ချက် မြင့်တက်လာခဲ့ပြီး အခုလို ခွဲတမ်းစနစ်သာ သုံးစွဲနေရတာဖြစ်ပါတယ်။
 
ပုံစာ – ခန္တီး စက်သုံးဆီဆိပ်ကမ်း တနေရာပုံ
#voiceofmyanmar #VOM #ခန္တီး #စက်သုံးဆီဝင်ရောက်မှုနည်းပါး #ခွဲတမ်းနဲ့ဆီဝယ်နေရ

Related posts

Leave a Comment

VOM News

FREE
VIEW