ယူကရိန်းစစ်ပွဲ ၁၅ ရက်မြောက်

– တူရကီမှာလုပ်တဲ့ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးများ စေ့စပ်ညှိနှိုင်းပွဲက မအောင်မြင်ဘဲ အဆုံးသတ်သွားပါတယ်။
 
မာရီအာပိုလ်မြို့မှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့အတွက် လူသားချင်းစာနာမှုစင်္ကြံ သတ်မှတ်ပေးဖို့ ယူကရိန်းရဲ့ တောင်းဆိုချက်ကို ရုရှားက သဘောတူတယ် လို့ မပြောသလို ယူကရိန်းတနိုင်ငံလုံး မှာ ၂၄ နာရီ အပစ်ရပ်ပေးဖို့ တောင်းဆိုတာကို လည်း တုံ့ပြန်ခြင်းမရှိဘူးလို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီတီယို ကူလေဘ က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
 
– ရုရှားဘက်က ယူကရိန်းကို လက်နက်ချဖို့နဲ့ နေတိုးအဖွဲ့ထဲဝင်မယ့် အစီအစဥ်ကို စွန့်ပယ်ဖို့ တောင်းဆိုပါတယ်။ ယူကရိန်းဘက်က ဘယ်တော့မှ လက်နက်မချဘူးလို့တုံ့ပြန်ပါတယ်။
 
– အမေရိကန်က ယူကရိန်းမှာ ဓါတုလက်နက်တွေစမ်းသပ် နေတယ်လို့ ရုရှားကစွပ်စွဲပါတယ်။ အမေရိကန်က ဒီစွပ်စွဲချက်က အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်လို့ချေပပါတယ်၊ ယူကရိန်းမှာ ဓါတုလက်နက်တွေရှိတယ်လို့ တမင်စွပ်စွဲထားတာက သူတို့ဓါတုလက်နက်သုံးတဲ့အခါမှာ သူတို့မဟုတ်ဘူး ယူကရိန်းကသုံးတာလို့ ယူကရိန်းကို လက်ညှိုးထိုး ပြီး ငြင်းနိုင်အောင် အကွက်ဆင်တာလို့ အနောက်နိုင်ငံတွေက မြင်ပါတယ်။
 
– ရုရှားကသူတို့ မှန်းသလို စစ်ပွဲက ဖြစ်မလာတဲ့အတွက် အရပ်သားတွေကို ဓါတုလက်နက်တွေနဲ့ တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန် အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။
 
– ရုရှားစစ်သား ၅၀၀၀ နဲ့ ၆၀၀၀ ကြား ယူကရိန်းမှာ ကျဆုံးတယ်လို့ အမေရိကန်ကခန့်မှန်းပါတယ်။
 
– မာရီအာပိုလ်မြို့က ကိုယ်ဝန်ဆောင်သားဖွားဆေးရုံ နဲ့ ကလေးဆေးရုံကို ဗုံးကြဲတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ယူကရိန်းသမ္မတ ဇလန်စကီးက စွပ်စွဲပါတယ်။
 
– ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဖ် က မာရီအာပိုလ်မှာ တိုက်ခိုက်ခံရတဲ့ အမျိုးသမီး နဲ့ ကလေးဆေးရုံမှာ ဆရာဝန်နဲ့ လူနာလုံးဝမရှိဘဲ ယူကရိန်းစစ်သားတွေကသာ ဆေးရုံထဲမှာ နေရာယူထားတာလို့ ဗြောင်လိမ်ပါတယ်။
 
– မာရီအာပိုလ်မှာ သေဆုံးသူ၁၂၀၀ ရှိပါတယ်။ ကြာသပတေးနေ့က အလောင်း၇၀ ကို ကျင်းတူးပြီး အစုအပြုံလိုက်မြှုပ်လိုက်ရပါတယ်။ လူ၄ သိန်းကျော်ပိတ်မိနေပြီး သောက်သုံးရေနဲ့ ရိက္ခာပြတ်လုနီးပါးဖြစ်နေပါတယ်။ လမ်းပေါ်ကအလောင်းတွေကို ကောက်မယ့်လူမရှိ ဖြစ်နေပါတယ်။ အပူချိန်က ရေခဲအောက် ၁၁ စင်တီဂရိတ်ရှိပြီး လျှပ်စစ်မီးလုံးဝ ပြတ်တောက်နေပါတယ်။
 
– လူဦးရေ ၃ သန်းရှိတဲ့ မြို့တော်ကီယက်ဗ် မှာ လူဦးရေ ထက်ဝက်နီးပါးက မြို့ကို စွန့်ခွာသွားပြီလို့ မြို့တော်ဝန်ကပြောပါတယ်။
 
– မြို့ထဲမှာ ရုရှားအဖျက်အမှောင့်သမားတွေ စိမ့်ဝင်နေတယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
 
– ရုရှားသန်းကြွယ်သူဋ္ဌေး၊ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ် ရဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန် ပိတ်ဆို့လိုက်ပြီးဖြစ်လို့ ချဲလ်ဆီးအသင်း ကို ရောင်းမယ်လို့ စောစောပိုင်းက ကြေညာထားတာလည်းပျက်သွားပါပြီ။
 
စစ်ရေးသုံးသပ်ချက်
 
နှင်းတွေအရည်ပျော်လာတာနဲ့ အမျှ ဗွက်ပေါက်နေတဲ့ လမ်းတွေပေါ် မှာ တင့်ကားတွေမောင်းဖို့ မလွယ်ကူတဲ့အတွက် ရုရှားက လေကြောင်းက တိုက်ခိုက်မှုတွေ အရှိန်မြှင့်လာပါတယ်။ စစ်ပွဲအစမှာ ယူကရိန်းအရှေ့ခြမ်းမြို့ ကာခီဗ်က ယူကရိန်းတပ်သားတွေက ရုရှားသံချပ်ကာကားတန်းကို ခုခံတိုက်ခိုက်လိုက်နိုင်ပါတယ်။ ဒီလိုတိုက်ခိုက်ခံရပြီး နောက်ပိုင်းမှာတော့ ရုရှားကမြို့ကို ညတိုင်း ဗုံးတွေကြဲ၊ အမြောက်တွေနဲ့ ပစ်ပါတယ်။ တမြို့လုံး ဖွတ်ကြေသွားပြီး အရပ်သားတွေ အများအပြားသေဆုံးကြပါတယ်၊ အသက်မသေကျန်ရစ်သူတွေ လည်း မြို့ကို စွန့်ခွာသွားကြပြီမို့ ကာခိဗ် မြို့က မြို့ပျက်ကြီးဖြစ်နေပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကတော့ အပစ်မရပ်ဘဲ အဆက်မပြတ် ပစ်နေပါတယ်။
 
ကာခီဗ်မြို့ ရှေ့တန်း စစ်မျက်နှာ နဲ့ ကီလိုမီတာ ၉၀၀ အကွာကနေ ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်နေတာကို ရှေ့တန်းကပြန်လာတဲ့ ဘီဘီစီ သတင်းထောက်ရိုက်ကူးလာတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။ ယူကရိန်းဘက်က တင့်ကားဖျက် မစ်ဇိုင်းတွေနဲ့ ပြန်လှန်ပစ်ခတ်နေတာကို လည်းတွေ့ရပါတယ်။
 
အခုဆိုရင် ကီယက်ဗ်မြို့တော်ရဲ့ အနောက်မြောက်ကနေ မြို့တော်ဆီ ချီတက်လာနေတဲ့ ရုရှားတပ်တွေက ကီယက်ဗ် မြို့လယ် နဲ့ ၁၅ ကီလိုမီတာ ( ၉ မိုင်) အကွာမှာ ရောက်နေပါပြီ၊ မြို့တော် အရှေ့‌မြောက်က လာနေတဲ့ ရုရှားတပ်တွေကတော့ မြို့လယ်နဲ့ ၄၀ ကီလိုမီတာ ( ၂၅ မိုင်) ဝေးပါသေးတယ်။ ယူကရိန်းစစ်တပ်က မိုင်းတွေထောင်၊ လမ်းတွေပိတ်ဆို့ပြီး ခုခံဖို့ပြင်ဆင်ထားပါတယ်။ သူတို့ဆီမှာ တင့်ကားဖျက်မစ်ဇိုင်းဒုံးတွေ ရှိတော့ ချီတက်လာမယ့် ရုရှားတင့်ကားတွေကို ခုခံနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ ယူကရိန်းဘက်က ယုံကြည်မှု အပြည့်ရှိလောက်အောင်လည်း ရုရှားတင့်ကားတွေကို ချေမှုန်းပစ်တဲ့ ဒရုန်းနဲ့ ရိုက်ထားတဲ့ ဗီဒီယို ဖိုင်တစ်ခု ဆိုရှယ်မီဒီယာမှာ တွေ့ရပါတယ်။ မြို့တော် ကီယက်ဗ်ရဲ့ အရှေ့မြောက်ဘက် မိုင်၂၀ အကွာမှာ ဖြစ်တဲ့ တိုက်ပွဲလို့ ဗီဒီယိုကို လေ့လာထားသူတွေက ပြောပါတယ်။ ရုရှားတင့်ကားတန်းကြီးဟာ ယူကရိန်းက တင့်ကားဖျက် မစ်ဇိုင်းဒုံးတွေနဲ့ ခြုံခို တိုက်ခိုက်တာကို မရှုမလှခံရတော့ ကဗျာကသီ လာလမ်းအတိုင်း ပြန်လှည့်သွားပါတယ်။ ရုရှားဘက်က တပ်ရင်းမှူးအပါအဝင် အများအပြားကျဆုံးတယ်လို့ ယူကရိန်းကပြောပါတယ်။
 
ရုရှားက ယူကရိန်းမြို့အတော်များများမှာ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်စီးပြီး မြို့တွေကို ဝိုင်းထားတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။ အခြေခံအဆောက်အအုံတွေကို ဖျက်စီးတာက လူတွေ စိတ်ဓါတ်ပျက်ပြားပြီး ကြောက်စိတ်ဝင်‌အောင် လုပ်တာလို့ဆိုပါတယ်။ မြို့တွေကို ဝိုင်းထားတဲ့ သဘောက ပိတ်ဆို့ပြီး မညှာမတာ တိုက်ခိုက်တဲ့ နည်းဗျူဟာကို သုံးဖို့ပြင်နေတာလို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။
 
တဘက်မှာလည်းမြို့တွေကို ဝိုင်းဖို့ တပ်အင်အားလိုနေတော့ မြို့တော်ဆီ ချီတက်နေတဲ့ တပ်တွေထဲက တချို့ကို မျှလိုက်ရတယ်လို့ ယူဆနိုင်ပါတယ်။ မြို့တော်ဆီချီတက်နေတဲ့တပ်တွေ ဖင့်လေးသွားနိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
 
အုတ်ပုံအကျိုးအပြတ်တွေကြားမှာ ဝပ်နေတဲ့ ယူကရိန်းစစ်သားတွေနဲ့ မြေအောက်ကားရပ်တဲ့နေရာ၊ မြေအောက်ရထားဘူတာရုံတွေမှာ ရှောင်နေကြတဲ့ အရပ်သားတွေကို သူတို့ရှောင်နေ ပုန်းနေတဲ့ နေရာတွေက ထွက်လာအောင် ရုရှားက ဓါတုလက်နက် ဇီဝလက်နက်တွေကို အသုံးပြုလာမှာကို အနောက်နိုင်ငံတွေက အထူးစိုးရိမ်နေကြပါတယ်။ ဒီနည်းကို ရုရှားက ဆီရီးယားတိုက်ပွဲမှာ သုံးပါတယ်။ ရုရှားက သူကိုယ်တိုင် ဓါတုလက်နက်မသုံးပဲ ဆီးရီးယားသမ္မတ အာဆတ်တပ်တွေကို သုံးခိုင်းပါတယ်။ အခုလည်း ဓါတုလက်နက်သုံးမယ့် အရိပ်အမြွက်တွေမြင်နေရပါတယ်။
 
နောက်တစ်ခုက လေယာဥ် မပျံသန်းရ အမိန့်မထုတ်ထားတဲ့ အတွက် ယူကရိန်းက ရုရှား VKS Russia-Aerospace Forces လေတပ်ရန်ကို ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစံနစ်က လုံလောက်တဲ့ အကာအကွယ်ပေးနိုင်ပါ့မလား၊ မပေးနိုင်ဘူးဆိုရင် ယူကရိန်းရဲ့ ခံစစ်လမ်းကြောင်းကဘယ်မှာလဲ ဆိုတာလည်း စဥ်းစားစရာဖြစ်ပါတယ်။
 
ဘီဘီစီမြန်မာပိုင်း ဌာနမှူး အငြိမ်းစား ဒေါ်တင်ထားဆွေ စုစည်းတင်ပြသည်။
 
#voiceofmyanmar #VOM #ရုရှားယူကရိန်း #တင်ထားဆွေ

Related posts

Leave a Comment

VOM News

FREE
VIEW