အွန်လိုင်းက ရက်ချိန်းယူပြီး ပတ်စပို့စ် လျှောက်ထားရမယ့်စနစ် လက်တွေ့မှာ အဆင်မပြေနိုင်ဘူးလို့ သိရ

မတ် ၁၃-၂၀၂၂
GG (VOM)
 
နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို လူကိုယ်တိုင်လာရာက်တန်းစီစောင့်ဆိုင်းခြင်းအစား အွန်လိုင်းကနေ ရက်ချိန်ပြီး လျှောက်ထားရမယ့်စနစ်ကို အခုလထဲမှာပဲ စတင်လုပ်ဆောင်မယ်လို့ ရန်ကုန်ပတ်စပို့စ်ရုံးက အသိပေးထားပါတယ် ။
 
အခုလို ပြောင်းလဲမယ့် အွန်လိုင်းစနစ်က ပတ်စပို့ကို ကိုယ်တိုင်လျှောက်ထားမယ့်သူတွေအတွက် အဆင်မပြေကြောင်း၊ ဝက်ဘ်ဆိုက်ကိုဝင်ရောက်ဖို့အဆင်မပြေခြင်း၊အသုံးမပြုတတ်ခြင်း စတဲ့အခက်အခဲတွေရှိတယ်လို့ ပတ်စ်ပို့လျှောက်ထားသူတွေဆီက သိရပါတယ်။
 
” အခုဝင်ကြည့်နေတာ သူတို့ဝက်ဘ်ဆိုက်က ဝင်မရဘူး။ ဝင်ရရင်လည်း ဖောင်ဖြည့်တာတွေက မရင်းနှီးဘူး၊လုပ်တတ်မှာမဟုတ်ဘူး။ဒီကြားထဲ အင်တာနက်က အဆင်မပြေတာ ရှိအုံးမယ်။ကျနော်တို့လို နယ်ကလူတွေအတွက် အဆင်မပြေပါဘူး။လူကိုယ်တိုင်ဆိုရင်မှ ကိုယ့်ဘာသာ ရုံးကိုသွားစောင့်လုပ်ရင် လုပ်တတ်သေးတယ် ၊ အခုကတော့ ပွဲစားတွေနဲ့ ကုမ္ပဏီတွေက ပိုအလုပ်ဖြစ်မယ်၊သူတို့တောင်းသလောက်ပေးနေရတော့မှာပေါ့ “လို့ မလေးရှားကိုသွားဖို့စောင့်ဆိုင်းနေသူ တဦးကပြောပါတယ်။
 
မတ်လ ၂၁ ရက်နေ့ကစပြီး ပတ်စ်ပို့စ်ရုံးကို လူကိုယ်တိုင်လာရောက်တန်းစီစောင့်ဆိုင်းစရာမလိုတော့ဘဲ အွန်လိုင်းကနေသာ ရက်ချိန်းရယူပြီး သတ်မှတ်ရက်မှာ ရုံးကိုသွားကာ ပတ်စ်ပို့လုပ်ရမှာဖြစ်ပါတယ်။
 
လက်ရှိမှာတော့ ပတ်စပို့စ်လုပ်ဖို့အတွက် ပွဲစားက တဦးကို ၂ သိန်းကျပ်အထိ တောင်းခံမှုတွေရှိတယ်လို့ သိရပါတယ် ။
 
” ထိုင်းကိုသွားဖို့စောင့်နေတာ၊ သွားရတော့မယ်လို့တော့ပြောတယ်၊ သေသေချာချာ မသိသေးဘူး။ပတ်စ်ပို့လုပ်တာအတွက် ၂ သိန်းပေးရတယ်၊ ” လို့ ပြည်မြို့နယ်နေထိုင်သူတဦးကပြောပါတယ်။
 
ပတ်စ်ပို့စ် လျှောက်ထားမယ်ဆိုရင် အမည်၊ အဘအမည်၊ မွေးနေ့၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ကျား/မ စတဲ့ အချက်အလက်ကို website မှာ ဖြည့်သွင်းပြီး Online Booking ရက်ချိန်းရယူကာ ရက်ချိန်းရယူသူရဲ့ e.mail ကို ပေးပို့ထားတဲ့ Passport Online Appointment Letter ကို Print ထုတ်ပြီးဖြစ်စေ | ဖုန်းမှာ QRကုဒ်ပါရှိတဲ့ Screen ကိုသိမ်းထားပြီးဖြစ်စေ ရက်ချိန်းရယူထားတဲ့ မှတ်တမ်းကို ယူဆောင်လာပြီး မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှာ လာရောက်လျှောက်ထားရမှာဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကုန်က နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာတော့ ပတ်စ်ပို့စ်လာရောက်လျှောက်ထားသူက တနေ့ကို လူပေါင်း ၂၅၀၀ လောက်ရှိတယ်လို့သိရပါတယ်။
 
ဒါကြောင့် ကိုဗစ်ကူးစက်မှုဖြစ်ပွားမှာကို စိုးရိမ်တာကြောင့် လူစုဝေးမှုကိုလျှော့ချဖို့ အွန်လိုင်းကနေ တုံကင်ယူပြီးမှ လူကိုယ်တိုင်လာရောက်ကာ ပြုလုပ်နိုင်မယ့်စနစ်ကို ပြောင်းလဲခြင်းဖြစ်တယ်လို့ ရန်ကုန်ပတ်စ်ပို့စ်ရုံးက အသိပေးထားပါတယ်။
 
#voiceofmyanmar #VOM #ပတ်စ်ပို့ #အွန်လိုင်း #ရက်ချိန်းယူ #အဆင်မပြေ

Related posts

Leave a Comment

VOM News

FREE
VIEW