ကလေးမြို့ အကျဥ်းထောင်တွင်း ပစ်ခတ်မှု ၇ ဦးသေ၊ ၁၂ ဦး ဒဏ်ရာရ

မတ် ၊ ၁၆-၂၀၂၂
SP(VOM)
 
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ် ၊ မော်လိုက်လေးကျေးရွာအနီး ၊ ကလေး-တမူး ကားလမ်းမှာရှိတဲ့ ကလေးအကျဥ်ထောင်မှာ မနေ့ မတ် ၁၅ ရက် ညနေပိုင်းက ထောင်တွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူ ၇ ယောက်သေဆုံးကာ ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းဦးစီး အသိုင်းအဝိုင်းဆီက သိရပါတယ်။
 
အမည်မဖော်လိုတဲ့ ထောင်ဝန်ထမ်းတဦးက ” ထောင်ထဲက မင်းရုံးမှာ ထောင်ပိုင်ကြီး နဲ့ ထောင်မှူးကြီးအဖွဲ့ စကားပြောနေတဲ့အချိန်မှာ အိပ်ဆောင် ၅ က အချုပ်သား ၅၀ ကျော်လောက်က ရုတ်တရက် ဝင်ရောက်လာပြီး သူတို့ ထွက်ပြေး လွတ်မြောက်ဖို့အတွက် စကားပြောနေတဲ့ ထောင်ပိုင်ကြီးနဲ့ ထောင်မှူကြီးတို့အဖွဲ့ကို ဓားစာခံအဖြစ် အချုပ်သားတွေက ဝိုင်းဖမ်းတယ်၊ ဓားစာခံအဖြစ် အချုပ်သားတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းကိုခံရတာက ဦးကျော်သူ အကျဥ်းထောင်တာဝန်ခံ အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ၊ဦးချိုမင်းလတ် ဒုတိယ တာဝန်ခံအရာရှိ ဦးစီး နဲ့ ဦးရန်ပိုင်မျိုး ဒုတိယကြီးကြပ်ရေးမှူး တို့ဖြစ်တယ် ၊ အဲ့ဒီ ထောင်အရာရှိ ၃ ဦးထဲက ဦးကျော်သူက အချုပ်သားတွေကို ခုခံထွက်ပြေးနိုင်ခဲ့ပြီး ၊ ကျန် ၂ ယောက်ကတော့ အချုပ်သားတွေရဲ့ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံလိုက်ရတာ ဖြစ်တယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီနောက် ထွက်ပြေးလွတ်မြောက်လာတဲ့ အကျဥ်းထောင် တာဝန်ခံအရာရှိဟာ အကျဥ်းထောင်ရဲ့ ဗဟိုကင်းမျှော်စင်အပေါ် တက်ပြီး အသံချဲ့စက်နဲ့ အချုပ်သားတွေ လူစုခွဲပေးဖို့နဲ့ အိပ်အဆောင်အတွင်း ကောင်းမွန်စွာ ဝင်ရောက်ပေးဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် အချုပ်သားတွေက အိပ်ဆောင်အတွင်း ဝင်ရောက်ပေးခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်ဖို့ လုပ်လာတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ပြီး လူစုခွဲခဲ့ရတာလို့ အကျဥ်းထောင်တာဝန်ရှိသူတွေက ပြောပါတယ်။
 
” ထောင်ဘက်က သေနတ်ပစ်ခတ်သံတွေကြားရတယ် ၊ ပစ်ခတ်တဲ့ အချက်ရေ အတော်လေးများတယ် “လို့ မော်လိုက်လေးရွာခံတယောက်က ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကြောင့် အချုပ်သား ၆ ဦး ၊ အကျဥ်းသား ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရတဲ့အပြင် အချုပ်သားတွေက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ထောင်အရာရှိ ၂ ဦးထဲက ဦးရန်ပိုင်မျိုး ကြီးကြပ်ရေးမှူးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် မနေ့က ညနေပိုင်းမှာ ထောင်းတွင်းပစ်ခတ်မှု ဖြစ်ခဲ့တဲ့ မော်လိုက်ကလေး အကျဥ်းထောင်ရဲ့အနီးဝန်းကျင်မှာ ဒီကနေ့မနက်ပိုင်း အခြေအနေကတော့ လုံခြုံရေးတွေ တိုးမြင့်ချထားတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ကလေးအကျဉ်းထောင် #ပစ်ခတ်မှု
 
ပုံဟောင်းဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW