ကိယက်ဗ်မြို့ကို ရုရှားက လေကြောင်းနဲ့အပြင်းအထန်တိုက်ခိုက်၊ နျူကလီးယားစစ်ဖြစ်လာမှာကို ကုလစိုးရိမ်နေ

ကိယက်ဗ်၊ မတ်-၁၅-၂၀၂၂
မျိုးဆက်(VOM)
 
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရုရှားက မတ် ၁၄ ရက် ညပိုင်းမှာ အပြင်းအထန် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး လူနေအဆောက်အအုံတွေပါ တိုက်ခိုက်ခံခဲ့ရပါတယ်။
 
ကိယက်ဗ်မြို့ပေါ်က လူနေအဆောက်အအုံတခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ လူနှစ်ဦးသေဆုံးပြီး ၃၅ ဦးကိုတော့ ကယ်တင်နိုင်ခဲ့တယ်လို့ ယူကရိန်းအရေးပေါ်ဌာနကပြောပါတယ်။
 
အဲဒီလို လေကြောင်းတိုက်ခိုက်မှုတွေမှာ ထိမှန်ပျက်စီးခဲ့တဲ့နေရာနဲ့ အဆောက်အအုံတွေက Sviatoshynskyi ခရိုင်မှာရှိတဲ့ ကိုးထပ်နဲ့ ၁၆ ထပ်အမြင့်ရှိ အဆောက်အအုံနှစ်ခု၊ Podilskyi ခရိုင်ရှိ၁၀ ထပ်လူနေ အဆောက်အအုံ၊ Darnytskyi ခရိုင်မှာရှိတဲ့ အိမ်ယာတခု၊ Lukyanivska မြေအောက်ရထားဘူတာရဲ့ အစိတ်အပိုင်းတွေဖြစ်ပြီး ဘူတာကတော့ လုပ်ငန်းလည်ပတ်နိုင်ဆဲဖြစ်တယ်လို့ ကိယက်ဗ်မြို့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
 
ယူကရိန်းအပေါ် ရုရှားရဲ့ အခုလိုတိုက်ခိုက်မှုတွေကြောင့် နျူကလီးယားစစ်ပွဲဖြစ်ပွားလာနိုင်တဲ့ အလားအလာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က မတ် ၁၄ ရက်မှာပြောပါတယ်။
 
နျူကလီးယားတပ်ဖွဲ့၀င်တွေအပါအ၀င် ရုရှားတပ်ဖွဲ့၀င်တွေအားလုံးကို သမ္မတပူတင်က အမြင့်ဆုံးတပ်လှန့်လိုက်တာကို ရည်ညွန်းပြီး ကုလသမဂ္ဂအကြီးအကဲက အခုလိုက် ပြောဆိုလိုက်တာဖြစ်ပြီး တချိန်က မတွေးဝံ့စရာ နျူကလီးယားပဋိပက္ခဟာ အခုဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးရောက်နေပြီလို့ ဂူတာရက်စ်ကဆိုပါတယ်။
 
လက်ရှိမှာတော့ ယူကရိန်းကို ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းဒုက္ခသည် ၂ ဒသမ ၈သန်းထိ ရှိလာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
 
Ref: BBC/ NHK
Photo: Reuters/ Ukrainian ES
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW