ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ဂျပန်ကြိုးစားအားထုတ်တော့မည်

တိုကျို၊ မတ်-၁၆-၂၀၂၂
မျိုးဆက်(VOM)
 
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂျပန်နိုင်ငံ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်လာရေးအပါအ၀င် ကုလသမဂ္ဂပြုပြင်ပြောင်းလဲရေးကို ကြိုးပမ်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဟာယာရှီယိုရှီမာဆာက မတ် ၁၅ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ဝေဖန်မှုနဲ့ ရုရှားတပ်ဖွဲ့၀င်တွေ ချက်ချက်ရုပ်သိမ်းရေးတောင်းဆို တဲ့ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို ဖေဖော်ဝါရီနှောင်းပိုင်းကကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ရုရှားက ဗီတိုအာဏာသုံးပယ်ချလိုက်တာကို ရည်ညွှန်းပြီး ဂျပန်နိုင်ငံခြားရေး၀န်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။
 
လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့၀င်နိုင်ငံဖြစ်တဲ့ ရုရှားအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းဖို့ အထူးတာ၀န်ရှိတယ်လို့ သူကထောက်ပြပြောဆိုပါတယ်။
 
အဖွဲ့၀င်နိုင်ငံတွေရဲ့ ရှုပ်ထွေးတဲ့အကျိုးစီးပွားတွေရှိနေတာကြောင့် လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ လွယ်ကူမှာတော့ မဟုတ်ကြောင်း၊ ဒါပေမယ့် ကုလသမဂ္ဂကို ပြုပြင်ပြောင်းလဲလိုတဲ့ အခြားနိုင်ငံတွေနဲ့အတူ ပူးပေါင်းပြီး ရည်မှန်းချက်ကို ရောက်အောင် အစွမ်းကုန်ကြိုးစားမယ်လို့ ဟာယာရှီယိုရှီမာဆာက ပြောပါတယ်။
 
ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေမှာ ပါ၀င်ဖို့ဆန္ဒရှိကြောင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါကလည်း မတ် ၁၄ ရက်ပြုလုပ်တဲ့ ဂျပန်လွှတ်တော်မှာ ထုတ်ဖော်ပြောဆိုထားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့၀င် ရုရှားနိုင်ငံရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာစည်းမျဉ်းနဲ့ မူဘောင်သစ်တွေ လိုအပ်နေတယ်ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း သူကဆိုပါတယ်။
 
ပဋိပက္ခနဲ့ အငြင်းပွားမှုတွေ ဖြစ်ပွားတဲ့အခါ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေ ဗီတိုအာဏာသုံးခွင့်ကို တားမြစ်ဖို့ ပြင်သစ်နိုင်ငံက ယခင်က အဆိုပြုခဲ့ဖူးပါတယ်။
 
ဂျပန်၀န်ကြီးချုပ်ကတော့ ပြင်သစ်လိုမျိုး ပြုပြင်ပြောင်းလဲရေးကြိုးပမ်းနေတဲ့ နိုင်ငံတွေနဲ့အတူ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။
 
Ref: NHK
Photo:UN
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW