ထိုင်းကုမ္ပဏီ PTTEP က ရတနာဓါတ်ငွေ့စီမံကိန်း ရှယ်ယာတွေ လွှဲပြောင်းရယူမည်

ဘန်ကောက်၊ မတ်-၁၅-၂၀၂၂
မျိုးဆက်(VOM)
 
မြန်မာနိုင်ငံမှာရှိတဲ့ ရတနာဓါတ်ငွေ့စီမံကိန်းကနေ ပြင်သစ်ကုမ္ပဏီ TotalEnergies ထွက်ခွာပြီးနောက် အဲဒီစီမံကိန်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဇူလိုင်လကစပြီး လွှဲပြောင်းရယူတော့မှာဖြစ်ကြောင်း ထိုင်းအစိုးရပိုင် PTTEP ကုမ္ပဏီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
 
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ နိုင်ငံရေးဖြစ်စဉ်အပြောင်းအလဲဖြစ်ပွားပြီးနောက် အဓိကရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ Chevron နဲ့ TotalEnergies ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံကနေ ဇန်နဝါရီလမှာ ထွက်ခွာခဲ့ကြပါတယ်။
 
စွမ်းအင်ကို သာတူညီမျှရရှိရေးဟာ လူသားအားလုံးရသင့်ရထိုက်တဲ့ အခြေခံအခွင့်အရေးတစ်ရပ်ဆိုတာကို အသိအမှတ်ပြုကြောင်း PTTEP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
 
ရတနာဓါတ်ငွေ့စီမံကိန်းကနေ ထွက်ခွာဖို့ TotalEnergies ကုမ္ပဏီဆုံးဖြတ်ပြီးနောက်ပိုင်း သဘာ၀ဓါတ်ငွေ့ရရှိမှု ပုံမှန်ဖြစ်စေဖို့ လုပ်ငန်းဆက်ခံတဲ့ အော်ပရေတာအဖြစ် ဆောင်ရွက်ဖို့ကို သေချာစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။
 
ရတနာ သဘာ၀ဓါတ်ငွေ့စီမံကိန်းဟာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံစလုံးက ပြည်သူတွေရဲ့ အသက်မွေး၀မ်းကြောင်းအတွက် အဓိကကျတဲ့ သဘာ၀ဓါတ်ငွေ့အရင်းအမြစ်ဖြစ်တာကြောင့် စွမ်းအင်လိုအပ်ချက် အနှောက်အယှက်မဖြစ်စေဖို့ အရေးကြီးကြောင်း PTTEP ကထုတ်ပြန်ထားပါတယ်။
 
ရတနာသဘာ၀ဓါတ်ငွေ့စီမံကိန်းမှာ TotalEnergies က ရှယ်ယာ ၃၁ ရာခိုင်နှုန်းပိုင်ဆိုင်ထားပါတယ်။ ရှယ်ယာတွေ လွှဲပြောင်း၀ယ်ယူမှုကတော့ ဇူလိုင် ၂၀ ရက်မှာ အပြီးသတ်မှာဖြစ်ပြီး PTTEP က အစုရှယ်ယာ ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ မြန်မာအစိုးရပိုင် ရေနံနဲ့သဘာ၀ဓါတ်ငွေ့လုပ်ငန်းက ၂၁ ဒသမ ၈ ရာခိုင်နှုန်းနဲ့ Chevron ရဲ့လုပ်ငန်းခွဲတခုက ၄၁ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်တော့မှာဖြစ်ပါတယ်။
 
ရတနာဓါတ်ငွေ့စီမံကိန်းဟာ တရက်ကို ဓါတ်ငွေ့ကုဗပေ သန်း ၇၀၀ ထွက်ရှိပြီး သန်း ၂၂၀ ကို မြန်မာ့လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုအတွက်အသုံးပြုပြီး ဒီပမာဏဟာ လျှပ်စစ်ထုတ်ဖို့ ဓါတ်ငွေ့လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်ပါတယ်။
 
ကျန်တဲ့ ကုဗပေသန်း ၅၅၀ကိုတော့ ထိုင်းနိုင်ငံကိုတင်ပို့တာဖြစ်ပြီး ဓါတ်အားပေးစက်ရုံ ၁၂ ရုံကို လည်ပတ်စေပြီး ဒီပမာဏဟာ ထိုင်းနိုင်ငံဓါတ်ငွေ့လိုအပ်ချက်ရဲ့ ၁၁ ရာခိုင်နှုန်းခန့်ရှိတယ်လို့ သိရပါတယ်။
 
Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW