ပလက်ဝမှာ စက်သုံးဆီစျေး မြင့်တက်မှုကြောင့် ကုန်စည်ပြတ်လပ်မှုနဲ့ စျေးနူန်းသုံးဆနီးပါး ပေးနေရ

မတ် ၁၅ -၂၀၂၂
SP(VOM)
 
ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း အစပ်က ပလက်ဝမြို့မှာ အခုရက်ပိုင်း စက်သုံးဆီစျေးနူန်း အဆမတန် မြင့်တက်နေပြီး စားသောက်ကုန်စည် တချို့ အဝင်နည်းသွားတဲ့အတွက် ပြတ်တောက်မှုတွေဖြစ်ပေါ်နေပြီး စျေးကွက်မှာရှိနေတဲ့ လက်ကျန်ကုန်ပစ္စည်းတွေကလည်း အရင်ကစျေးထက် သုံးဆနီးပါး ပေးဝယ်နေရတယ်လို့ ပလက်ဝနယ်ခံတွေဆီက သိရပါတယ်။
 
” ဓာတ်ဆီက တစ်လီတာဆို ၄ ထောင် ၊ ဂါလံလိုက်ယူရင် ၁ သောင်းခွဲ ၊ အရင်က ကြက်ဥ တစ်ထောင်ဖိုး ၅ လုံးကနေ အခုဆို ၃ လုံးပဲရတယ် ၊ ဆန်ကတော့ အမျိုးအစားအလိုက် အရင်စျေးထက် တစ်သောင်းပိုတယ် ၊ ပေါ်ဆန်း တစ်အိတ်ကို ၇ သောင်းဝန်းကျင်ရှိတယ် ” လို့ ပလက်ဝနယ်ခံတယောက်က ပြောပါတယ်။
 
အဲ့ဒီလို ကုန်စည်စျေးနူန်းတွေ အဆမတန် မြင့်တက်လာရတာနဲ့ ပတ်သက်ပြီး ပလက်ဝမြို့ခံ ကုန်စုံဆိုင်လုပ်ငန်းရှင်တဦးက ” စက်သုံးဆီ စျေးနူန်းမြင့်လာတာကြောင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေအခက်တွေ့ရတယ် ၊ တချို့ကားသမားတွေဆိုရင် ခရီးစရိတ် ဆီဖိုး နဲ့ ရတဲ့တန်ဆာခ မမျှလို့ နားထားရကြတယ် ၊ အဲ့ဒါကြောင့် အဝင်ကုန်နည်းသလောက်ဖြစ်ပြီး ၊ ကုန်စည်ဖြန့်ဖြူးရောင်းချအားနဲ့ ကုန်စည် ဝင်ရောက်မှု ပမာဏက မမျှဖြစ်တာပါ ၊အခိုက်အတန့် ပြတ်လတ်နေတာပါ ၊ အဝင်ကားတွေ များလာရင် ကုန်စည်တွေ လည်ပတ်နိုင်ပြီး စျေးနူန်းတည်ငြိမ်မှုတွေ ပြန်ရမှာပါ ” လို့ ပြောပါတယ်။
 
ပလက်ဝမြို့နယ်ကို မေယုမြစ်ကြောင်းကနေ တဆင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရှိသလို ပခုက္ကူ ၊ မင်းတပ် ၊ မတူပီ ၊ကန်ပလက် ၊ ပလက်ဝ လမ်းကြောင်းကနေ ကုန်လမ်းပို့ဆောင်ရေး ကားတွေ ဝင်ရောက်တာလည်း ရှိပါတယ်။
 
” ပလက်ဝ ကုန်တန်ဆာခက အရင်ထဲက စျေးမြင့်တယ် ၊ ကားရှားတယ် ၊ ကားသမားတိုင်း လိုက်ရဲတဲ့လမ်းကြောင်း မဟုတ်ဘူး ၊ အခုဆိုရင် မင်းတပ် ၊ မတူပီလမ်းက တိုက်ပွဲတွေ ခဏခဏရှိတော့ အဲ့ဒီလမ်းကို မသွားရဲကြဘူး ၊ ရှောင်ထားကြတယ် ၊ ရခိုင်လမ်း တခုပဲကျန်တာ ၊အခုဆီစျေးနူန်းနဲ့ ရခိုင်လမ်းမှာ ပြေးဆွဲရင်လည်း ကုန်ကျစရိတ် များလာသလို ပြန်ရမယ့်တန်ဆာခနဲ့ဆို အမြတ်နည်းမယ် ၊ ကား တစုံတခုဖြစ်လို့ ပြင်ရရင် အရှုံးပေါ်မယ် ၊အခြေအနေ အကြောင်းကြောင်းတွေ တွက်ပြီး တချို့ကားသမားတွေ နားကြတယ် “လို့ ပလက်ဝကို ကုန်စည်ပို့ဆောင်ပေးနေတဲ့ ကားသမားတယောက်က ပြောပါတယ်။
 
ပလက်ဝဒေသမှာ အခုလို ကုန်စျေးနူန်းကြီးမြင့်ဒဏ်ကို ခံနေရတာနဲ့ ပတ်သက်ပြီး ၊ အနောက်မြောက် ကုန်သွယ်ရေး စီးပွားရေးပညာရှင်တစ်ဦးက ” စက်သုံးဆီစျေးကြီးလို့ ကုန်စျေးနူန်းကြီးတာ ယေဘုယျတော့ မှန်တယ်ထင်ရပေမယ့်် ၊ တကယ်တော့ ရာနူန်း​​ပြည့် မမှန်နိုင်ဘူး၊ စားသုံးသူတွေ တဖက်တလှမ်းက သက်သာမှုရအောင် ၊ပို့ဆောင်ရေးစနစ်တွေ ထိန်းညှိပြီး သက်ဆိုင်ရာက အစားထိုးပြေးဆွဲပေးခြင်းနဲ့ တန်ဆာခ ကြီးမြင့်တာကို ကုစားလို့ရတယ် ၊ သက်ဆိုင်ရာကနေ ကုန်စည်ပို့ဆောင်ရေးစနစ်ကို ရေလမ်း ၊ ကုန်းလမ်း ၊ ရေလမ်းဆိုတာ ရေကြောင်းပို့ဆောင်ဌာနပိုင် သင်္ဘောတွေ ကနေ တန်ဆာခ သက်သက်သာသာနဲ့ ပို့ဆောင်ပေးတာမျိုး ၊ ကုန်းလမ်းဆိုရင်လည်း မီးရထားတွေ ၊ ကပရ လို့လည်ခေါ်တယ် RTC လို့လည်းခေါ်တဲ့ ကုန်ကားပို့ဆောင်ရေး လုပ်ငန်းတွေ တန့်မနေဘဲ အချိန်မီ အစားထိုး ပြေးဆွဲပေးတာ တွင်ကျယ်လာရင် စားသုံးသူတွေရဲ့ အခက်အခဲကို ပြေလည်နိုင်မှာပါ ” လို့ ပြောပါသေးတယ်။
 
#voiceofmyanmar #VOM #ပလက်ဝ #ဆီဈေး #ကုန်ပြတ်လပ်

Related posts

Leave a Comment

VOM News

FREE
VIEW