ရုရှားနိုင်ငံပိုင်သတင်းဌာနက အယ်ဒီတာတဦး သတင်းတိုက်ရိုက်လွှင့်စဉ် ဆန္ဒပြ

မော်စကို၊ မတ်-၁၅
မျိုးဆက်(VOM)
 
ရုရှားနိုင်ငံပိုင်သတင်းဌာနဖြစ်တဲ့ ချန်နယ်၀မ်းရုပ်သံဌာနမှာ မတ် ၁၄ ရက်ညနေပိုင်းက သတင်းကြေညာတဲ့ အစီအစဉ်တစ်ခုပြုလုပ်ချိန် ၀န်ထမ်းအမျိုးသမီးတဦးက ယူကရိန်းစစ်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်ကိုင်ဆောင်ကာ ဆန္ဒပြမှုဖြစ်ပွားခဲ့ပါတယ်။
 
သတင်းတင်ဆက်သူရဲ့နောက်မှာတော့ ဆန္ဒပြအမျိုးသမီး၀န်ထမ်းဟာ စစ်ပွဲအလိုမရှိ၊ စစ်ပွဲရပ်၊ ဝါဒဖြန့်တာတွေကို မယုံကြည်နဲ့ ၊ ဒီနေရာက မုသားတွေသုံးလိမ်ညာနေတယ်ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့မြင်ရပါတယ်။
 
စစ်ပွဲဆန့်ကျင်ရေးဆိုင်းဘုတ်ကိုင်ဆောင်ပြီး ဆန္ဒပြသူဟာ အဲဒီသတင်းဌာနက အယ်ဒီတာတစ်ဦးဖြစ်သူ မာရီနာအိုဗ်ဆေရာနီကိုဗာ ဆိုသူဖြစ်ပြီး လက်ရှိမှာတော့ ရဲစခန်းမှာ ထိန်းသိမ်းထားခံရတယ်လို့ ယူဆရပါတယ်။
 
ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေဟာ ရာဇ၀တ်မှုဖြစ်ပြီး ရုရှားအစိုးရရဲ့ ဝါဒဖြန့်သတင်းဌာနအတွက် အလုပ်လုပ်ကိုင်ခဲ့ရလို့ ရှက်ရွံ့မိကြောင်း ဆန္ဒပြမှုမတိုင်မီ ကိုယ်တိုင်ရိုက်ရုပ်သံမှတ်တမ်းတစ်ခုမှာ သူမကပြောပါတယ်။
 
ချန်နယ်၀မ်းရုပ်သံဌာနကို ရုရှားအစိုးရက တင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီး ယူကရိန်းမှာဖြစ်ပွားနေတဲ့ ဖြစ်ရပ်တွေကို ရုရှားအစိုးရအာဘော်တစ်ခုအတိုင်းသာ ထုတ်လွှင့်တင်ဆက်နေတဲ့ သတင်းဌာနတခုလည်း ဖြစ်ပါတယ်။
 
Ref: BBC
Photo:RTE
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW