ရွှေဘို – မြစ်ကြီးနား ကားလမ်းမှာ ခရီးသည်တင်ကား ၂ စီး မိုင်းစထိမှန် ပစ်ခတ်ခံရလို့ လူ ၁ ဦး သေဆုံး ၊ ၈ ဦး ဒဏ်ရာရ

မတ် ၊ ၁၆-၂၀၂၂
SP(VOM)
 
စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ ၁၁ ပေါက်ကျေးရွာအနီး ၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ မြစ်ကြီးနားကနေ ရွှေဘိုမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ခရီးသည်တင် ကား ၂ စီးမှာ မိုင်းစထိမှန်ပြီးနောက် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကားပေါ်လိုက်ပါလာတဲ့ ခရီးသည် ၈ ဦး ဒဏ်ရာရရှိပြီး တစ်ဦး သေဆုံးခဲ့တယ်လို့ ရွှေဘို မြစ်ကြီးနား ကားသမားတွေဆီက သိရပါတယ်။
 
​ဖြစ်စဉ်နေရာမှာ ရှိခဲ့တဲ့ ခရီးသည်တဦးက”ကျနော်တို့ ရှေ့ကကား ပစ်ခံရတာပါ၊ ကျနော်တို့လည်း ရင်တထိတ်ထိတ်လိုက်ခဲ့ရတာပါ၊ ယာဉ်အကူအမျိုးသမီးနဲ့ ယာဉ်မောင်းအမျိုးသား သေတယ်လို့ကြားတယ်၊ လေယာဉ်လက်မှတ်ကလည်း မလွယ်တော့ ကုန်းကြောင်းကသွားတဲ့အခါမှာ အခုလိုဖြစိနေတော့ ဘုရားတနေရတာပေါ့ဗျာ”လို့ ပြောပါတယ်။
 
” လမ်းမှာ ကားတွေက မိုင်းမိတာပါ ၊ ပြီးမှ ပစ်ခတ်ခံရတာ ၊ မနက် ၅ နာရီဝန်းကျင်မှာဖြစ်တယ် ၊ သစ္စာလှိုင်း ကားသင်းနဲ့ မနောမန္တလာ ကားသင်းက ၂ စီးဖြစ်တယ် ” လို့ ကားသမားတယောက်က ပြောပါတယ်။
 
အဲ့ဒီ ခရီးသည်တင်ကားတွေ မိုင်းစထိမှန်တဲ့ အခင်းဖြစ်နေရာကို သွားရောက်ကူညီပေးတဲ့ လူမှုကူညီရေးအသင်းသားတယောက်က”ဒဏ်ရာရ ခရီးသည် ၈ ဦးက ဦးဇော်ဇော်နိုင်၊ ကျော်မင်းထွန်း၊ ဦးရဲဇော်ကို၊ ဦးဇော်မျိုးဦး၊ ဦးမျိုးသူထွန်း၊ မဇာနော့၊ မမာဌေး၊ ဒေါ်ရီရီရွှေ တို့ ၈ ဦး ဖြစ်တယ်၊ သေနတ်မှန်ဒဏ်ရာရထားတဲ့ မောင်မင်းခန့် ဆိုသူကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးနေတာဖြစ်တယ်”လို့ ပြောပါတယ်။
 
အဲ့ဒီ ခရီးသည်တင်ကားတွေ ပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းအချိန်အထိတော့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ မသ်ိသေးပါဘူး။
 
#voiceofmyanmar #VOM #ကန့်ဘလူ #ခရီးသည်တင်ကား #ပစ်ခတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW