ပြည်ပလေကြောင်းလိုင်းတွေ ပြေးဆွဲခွင့်ပြုပေမယ့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးလာဖွယ်မရှိသေးဘူးလို့ ခရီးသွားအသိုင်းအဝိုင်းက သုံးသပ်

မတ် ၁၉-၂၀၂၂
GG (VOM)

၂ နှစ် နီးပါး ပိတ်ထားခဲ့တဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကို လာမယ့် ဧပြီလ ၁၇ ရက်နေ့က စပြီး ပြန်လည်ပြေးဆွဲခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ် ။

ပြည်ပလေကြောင်းလိုင်းတွေကို မြန်မာနိုင်ငံမှာ ပျံသန်းခွင့်ပြုလိုက်ပေမယ့်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေတွေအရ နိုင်ငံတကာက ခရီးသွားဧည့်သည်ဝင်ရောက်မှုကို မျှော်လင့်လို့မရနိုင်တာကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းဟာ အခု ၂၀၂၂ ခုနှစ် ထဲမှာ ပြန်လည်ဖွံ့ဖြိုးလာနိုင်ဖွယ်မရှိသေးဘူးလို့ ခရီးသွားလုပ်ငန်းရှင်တဦးကသုံးသပ်ပါတယ်။

” ပြည်တွင်းက နိုင်ငံရေးအခြေအနေ မတည်ငြိမ်တဲ့ကာလမှာ ဘယ်နိုင်ငံက ခရီးသွားက အလည်လာမှာလဲ၊ လာမယ့်သူတွေအတွက် ဘာအာမခံချက်မှမရှိဘူးလေ၊ကျနော်တို့စိတ်အနေနဲ့ဆိုရင်ရော သွားမလားဆို မသွားဘူးလေ၊ ဒီနှစ်ထဲတော့ ဘာမှမျှော်လင့်လို့ရတဲ့အနေအထား မတွေ့ရဘူး “လို့ ခရီးသွားလုပ်ငန်း ရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှုနူန်းလျော့ကျလာတဲ့ အခြေအနေ ရှိပေမယ့် ကွာရန်တင်းဝင်ရခြင် ၊ ဆေးစစ်ရခြင်း စတဲ့ ကန့်သတ်ချက်တွေ ရှိနေသေးတာကတကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုတွေကရှိနေတာကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်သည်ဝင်ရောက်မှုထက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့အတွက် မဖြစ်မနေ လာရောက်ဖို့လိုအပ်သူတွေသာ လာရောက်နိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ပြောဆိုပါတယ်။

လေယာဉ်လက်မှတ် အရောင်းဌာနတွေ၊ပြည်ပခရီးစဉ်တွေကတော့ လုပ်ငန်းပြန်ပြီးလည်ပတ်လာနိုင်တယ်လို့သိရပါတယ်။

” အခြေအနေကိုစောင့်ကြရမှာပေါ့။ချက်ခြင်းကြီး ပြန်စဖို့ကတော့မပြေဘူး၊အရင်းအနှီးလိုတယိလေ။တကယ်လို့ပြန်စဖြစ်ရင်တောင် အွန်လိုင်းကနေ စပြီးလုပ်ရမှာပါ ” လို့ လေယာဉ်လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ တဦးကပြောပါတယ်။

တာဝန်ရှိသူတွေကတော့ လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ပိုးတွေ့နှုန်းနဲ့ သေဆုံးနှုန်း ကျဆင်းလာတာကြောင့် နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေး ပြည်ပလေကြောင်းခရီးစဉ်တွေ ပြေးဆွဲခွင့်ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာလေကြောင်းခရီးစဉ်တွေကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊မတ်လ ၂၉ ရက်နေ့မှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။

ပြည်ပလေကြောင်းလိုင်းတွေပိတ်ခဲ့တာကြောင့် ခရီးသွားကဏ္ဍ နဲ့ပတ်သက်သမျှ လုပ်ငန်းအားလုံး ရပ်ဆိုင်းခဲ့ရတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ခရီးသွားကဏ္ဍ #မြန်မာနိုင်ငံ

Related posts

Leave a Comment

VOM News

FREE
VIEW