ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အင်အားကောင်းလေဖိအားနည်းရပ်ဝန်းကြောင့် ကမ်းခြေဒေသက ပြည်သူတွေစိုးရိမ်

မတ် ၂၀-၂၀၂၂
SW(VOM)

ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းကနေ ပိုမိုအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့တဲ့အတွက် မုန်တိုင်းတိုက်ခတ်မှာကို ပင်လယ်ကမ်ခြေမြေနိမ့်ပိုင်းဒေသက ပြည်သူတွေ စိုးရိမ်မှုရှိနေပါတယ်။

ရခိုင်ကမ်းရိုတန်းရှိ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာဟာဆိုရင် နှစ်စဉ်နှစ်တိုင်းဆိုသလို မုန်တိုင်းဒဏ်၊ လှိုင်းဒဏ်တွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ကြရတဲ့အတွက် အဲဒီလေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်လို့ ကျေးရွာလူကြီး ဦးသိန်းထွန်းက ပြောပါတယ်။

“အဲဒီသတင်းကြောင့် ဦးလေးတို့မှာ သတိနဲ့နေကြရတယ်။ ရှောင်ပြေးဖို့ကျရင်လည်း ပြေးရမယ်။ လေမုန်တိုင်းတစ်ခုလာမယ်ဆိုတော့ စိုးရိမ်တာပေါ့” လို့ သူကပြောပါတယ်။

အဲဒီ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဟာ နောက် (၄၈)နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်တယ်လို့မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မတ်လ ၁၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းကြောင့် ကချင်ပြည်နယ်ကလွဲပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကိုမျိုးလွင်ကလည်း “အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းနဲ့ပတ်သက်ပြီး မြစ်ဝကျွန်းစုတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ကုန်းမြင့်ပေါ်တွေမှာ နေထိုင်ဖို့ လိုအပ်တယ်၊ ကျွန်တော်တို့ဒေသတွေမှာက ဒီရေတောတွေလည်း ပျက်စီး၊ ပြုန်းတီးတာတွေရှိနေတဲ့အခါ မုန်တိုင်းတိုက်ခတ်လာလို့ရှိရင် ပင်လယ်ရေလှိုင်းတွေပါလာမှာ ဖြစ်တဲ့အတွက် အကာအကွယ်မဲ့သလိုဖြစ်မယ်။ ကမ်းရိုးတမ်းဒေသမှာ နေထိုင်တဲ့ဒေသခံတွေအတွက် အန္တရာယ်တွေကျရောက်နိုင်ပါတယ်။ ပြည်သူတွေအနေနဲ့ ပင်လယ်၊ မြစ်ကို မထွက်ဖို့၊ မြေနိမ့်ပိုင်းတွေမှာ မနေထိုင်ဖို့လိုတယ်လို့ မြင်ပါတယ်” လို့ ပြောပါတယ်။

မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေဟာ တစ်နာရီ မိုင်(၄၀) နှုန်းတိုက်ခတ်နိုင်ပြီးတော့ လှိုင်းအမြင့် (၉) ပေကနေ (၁၂) ပေအထိ ရှိနိုင်တယ်လို့ မိုး/ဇလက ခန့်မှန်းထားတာကို တွေ့ရပါတယ်။

#voiceofmyanmar #VOM #လေဖိအားရပ်ဝန်း #ကမ်းခြေဒေသ #စိုးရိမ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW