အမ်းမြို့မှာ လူနေအိမ် ၁၈ လုံးမီးလောင်ပြီး မီးဘေးဒုက္ခသည် ၆၀ နီးပါး အကူညီတွေလိုအပ်နေ

မတ် ၂၀- ၂၀၂၂
SW (VOM)

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အမှတ် (၃) စျေးရပ်ကွက်မှာ ဒီနေ့ နေ့လယ်၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၁၈ လုံး မီးလောင်ကာ မီးဘေး ဒုက္ခသည် ၆၀ နီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဲဒီ မီးဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နဲ့ ရေ အကူအညီတွေလိုအပ်နေတယ်လို့ လူမှုရေးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

အမ်းမြို့ပေါ်က လူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်နေတဲ့ ဦးသန်းချိုက” မီးဘေးဒုက္ခသည်တွေကိုတော့ ဦးဥတ္တမကုန်းအနီးက ဓမ္မရက္ခိတ ဓမ္မာရုံမှာ ယာယီနေနိုင်ဖို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဥ်ပေးထားပါတယ်။ လောလောဆယ်မှာတော့ သူတို့အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အထည် အဓိကလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး အမ်းမြို့နယ် မီးသတ်ဦးစီးမှူးက “ကျနော်တို့ အခုတော့ မီးကြွင်းမီးကျန်တွေကို ငြိမ်းနေတုန်းပဲ ရှိပါသေးတယ်။ ဆုံးရှုံးမှုတန်ဖိုးတော့မသိရသေးပါဘူး။ စာရင်းကောက်တုန်းပဲ ရှိပါသေးတယ်” လို့ ပြောပါတယ်။

မီးလောင်မှုဟာ ပေါ့ဆမီးဖြစ်ပြီးတော့ ထမင်းချက်တဲ့မီးဖိုချောင်အတွင်း မီးကြွင်းမီးကျန်ကနေ စတင်လောင်ကျွမ်းတာဖြစ်ကြောင်း နဲ့ မီးသတ်ကား ၃ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၆ ယောက်နဲ့ ပြည်သူတွေ ဝိုင်းဝန်းမီးသတ်မှုနဲ့ ညနေ ၃ နာရီလောက်မှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အမ်း #မီးလောင် #အိမ်၁၈လုံးမီးလောင်

Related posts

Leave a Comment

VOM News

FREE
VIEW