ဧရာဝတီတိုင်းမှာ အာစနီမုန်တိုင်း ဝင်ရောက်မယ်ဆိုတဲ့ သတင်းကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေ

မတ် ၂၀-၂၀၂၂
KK(VOM)

အာစနီမုန်တိုင်း မြန်မာနိုင်ငံကို ဝင်မယ်ဆိုတဲ့သတင်းတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ပြီး နောက်ပိုင်းမှာ ဧရာဝတီတိုင်းက မြို့နယ်အချို့မှာ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ အဲ့ဒီမြို့နယ်တွေဆီက သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာပြီး မြန်မာနိူင်ငံ ကိုကိုးကျွန်း၊ဟိုင်းကြီးကျွန်းနဲ့ရခိုင်ကမ်းရိုတန်းကို ရောက်ရှိနိူင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ထုတ်ပြန်ထားပါတယ်။

နာဂစ်မုန်တိုင်းမှာ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ လပွတ္တာမြို့နယ်မှာတော့ ကြိုတင်ပြင်ဆင်မှုတွေ၊ မုန်တိုင်းနဲ့ပတ်သက်တဲ့ အသိပေးနှိုးဆော်တာတွေ ပြုလုပ်နေပြီး ဆောင်ရန်ရှောင်ရန်တွေကို မီးသတ်၊ ကြက်ခြေနီအဖွဲ့နဲဲဒေသခံတွေ ပူးပေါင်းကာ သတိပေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“မကြုံဖူးတဲ့လူက မသိဘူး၊ နာဂစ်မှာ လူသိန်းနဲ့ချီ သေထားတာဆိုတော့ အခုဆို နေရင်းထိုင်ရင်း လန့်နေတယ်”လို့ သူကပြောပါတယ်။

​မျှော်မှန်းမရနိုင်တဲ့ ဘေးအန္တရာယ်တွေဖြစ်ပေါ်လာပါက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးမှုနည်းပါးစေဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို အခုလိုကြိုတင်လုပ်ဆောင်ရတယ်ဖြစ်တယ်လို့ ဒေးဒရဲမြို့နယ် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဆက်တိုက်လေကျင့်တာတွေ အချိန်တိုတိုအတွင်း ထိခိုက်တဲ့ လူနာတွေကို ရှာဖွေကယ်ဆယ်ဖို့ ကြိုတင်ဆောင်ရွက်မှုတွေ အခုကတည်းက ဇာတ်တိုက်တဲ့ ပုံစံမျိုးနဲ့ လုပ်နေပါတယ်”လို့ သူကပြောပါတယ်။

လာမယ့် ၂၄ နာရီအတွင်း လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတဲ့ အာစနီမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်မယ်လို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ကြိုတင်ဆောင်ရွက်ထားဖို့ မြို့ပေါ်နဲ့ကျေးရွာတွေမှာ လိုက်ကြေညာနေတယ်လို့ ရွှေသောင်ယံမြို့နယ်နေသူတဦးက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မတ်လ ၂၁ ရက် ညနေပိုင်းတွမှာ မြန်မာနိုင်ငံ ကိုကိုးကျွန်းအနီး ဝင်ရောက်နိုင်တယ်လို့ မိုး/ဇလက သတိပေးချက်ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီက
နေ့ ညနေ ၄ နာရီခွဲအချိန် ထုတ်ပြန်ချက်အရ မုန်တိုင်းရဲ့လက်ရှိအခြေအနေဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေ ဖြစ်နေလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားတယ်လို့ ထုတ်ပြန်ချင်မှာ ပါရှိပါတယ်။

လာမည့် ၃၆ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm)အဖြစ်ကို ရောက်ရှိကာ မတ်လ ၂၁ ရက်နေ့ ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးကိုလည်းကောင်း၊မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးနဲ့ အဲ့ဒီနေ့ ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းအနီးကိုလည်း ရောက်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ် မတ်လ ၃ ရက်က ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် လူဦးရေသိန်းနဲ့ချီသေဆုံးခဲ့ပြီး လပွတ္တာမြို့နယ်မှာ လူ ၈၀,၀၀၀ ခန့်သေဆုံးခဲ့ပြီး ဘိုကလေးမြို့မှာ ၁၀,၀၀၀ ခန့် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီတိုင်း #မုန်တိုင်း #ကြိုတင်ပြင်ဆင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW