မုန်တိုင်းအန္တရာယ်ကြောင့် ဧရာဝတီတိုင်းထဲက ကမ်းခြေတွေနဲ့ အခြေခံပညာစာမေးပွဲတွေ ယာယီပိတ်

မတ် ၂၁-၂၀၂၂
GG (VOM)

မုန်တိုင်းအန္တရာယ်ကြောင့် ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေ ဖြေဆိုနေဆဲ အခြေခံပညာစာမေးပွဲတွေကို မနက်ဖြန် မတ်လ ၂၂ ရက်နေ့ကစပြီး ယာယီပိတ်လိုက်တယ်လို့ သိရပါတယ်။

ကမ်းခြေမှာ ရောက်နှင့်နေပြီးသား ခရီးသွားဧည့်သည်အချို့ကတော့ ရောက်ရှိတဲ့နေရာမှာပဲ ကာကွယ်မှုတွေပြုလုပ်ထားကြောင်း၊ နောက်ထပ်ဝင်ရောက်လာမယ့် သူတွေကိုသာ ခရီးသည်အဝင်လက်မခံဘဲ ကမ်းခြေကို ယာယီပိတ်ထားကာ ကမ်းခြေတွေတစ်လျှောက် သဘာဝဘေးအန္တရာယ်စီမံရေးအဖွဲ့တွေက အချိန်ပြည့်စစ်ဆေးမှုတွေလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

” ချောင်းသာ၊ငွေဆောင်အကုန်ယာယီပိတ်လိုက်တယ်။ ရောက်ပြီးသားလူတွေကိုပြန်လွှတ်တာလည်းရှိသလို တချို့ကလည်း နေနေကြတယ်ကြားတယ်။ကမ်းခြေတော့သွားခွင့်မရဘဲ လုံခြုံရာမှာပဲ နေရတာပေါ့။” လို့ ပုသိမ်မြို့ဒေသခံတဦးကပြောပါတယ်။

ကမ်းခြေတွေအပြင် လက်ရှိ ဧရာဝတီတိုင်းအတွင်းမှာ ကျင်းပနေတဲ့ အခြေခံပညာစာမေးပွဲတွေကိုလည်း လက်ရှိမုန်တိုင်းအခြေအနေကြောင့် မနက်ဖြန်က စတင်ပြီး ယာယီပိတ်ထားမှာ ဖြစ်တယ်လို့သိရပါတယ်။

” မုန်တိုင်းပြီးရင် စာမေးပွဲတွေ ပြန်ဖွင့်မှာပါ။ မုန်တိုင်းက မနက်ဖြန် ဧရာဝတီကို ဝင်မယ်ဆိုတာကြောင့်အခုလိုလုပ်တာလို့ သိရတယ်၊ အခုလိုလုပ်တာ ကောင်းပါတယ်” လို့ မြောင်းမြမြို့မှ ကျောင်းသားမိဘတဦးကပြောပါတယ်။

အခြေခံပညာစာမေးပွဲတွေ ပြန်လည်ဖြေဆိုရမယ့် နေ့ရက်ကိုတော့ သတင်းထုတ်ပြန်ပေးသွားမယ်လို့ ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။

မုန်တိုင်းဟာ မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေပြီး မနက်ဖြန် မတ်လ၂၂ရက်နေ့ မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးကို ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ မုန်တိုင်းအန္တရာယ်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေ၊ လိုက်လံအသိပေးတာတွေပြုလုပ်နေသလို ကမ်းရိုးတန်းအနီးနေထိုင်သူတွေအနေနဲ့လည်း မုန်တိုင်းအန္တရာယ် တိမ်းရှောင်တာတွေရှိနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာဝတီ #ကမ်းခြေ #စာမေးပွဲ #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW