ရခိုင်မှာ မုန်တိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေ

မတ်၂၁-၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကျရောက်နိုင်ခြေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေပြီလို့ ရခိုင်ပြည်နယ်ကောင်စီကနေ သိရပါတယ်။

အဲဒီလို ကြိုတင်ပြင်ဆင်တဲ့အထဲမှာ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဂွမြို့နယ်ကို အဓိကထား ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“မနေ့က မုန်တိုင်းနဲ့ပတ်သက်ပြီး ငါတို့က အရေးပေါ်အထူးအစည်းအဝေးလုပ်တယ်။ ဒီနေ့မှာတော့ အုပ်ချုပ်ရေးရုံးဖွင့်ထားတယ်။ မုန်တိုင်းနဲ့ပတ်သက်ပြီး ဂွမြို့လို့ပြောထားတဲ့အတွက် ဂွမှာ မုန်တိုင်းတိုက်ခတ်လာတဲ့အခါ လုပ်ရမယ့်ဟာတွေအကုန်လုံးကို အမိန့်ပေး ညွှန်ကြားဆောင်ရွက်နေတယ်” လို့ သူကပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ဟာ ဧရာဝတီတိုင်းနဲ့ နီးကပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်ပြီး ဒီကနေ့ ညနေ ၆ နာရီခွဲအချိန်ထိ လေပြင်းတိုက်ခတ်တာမတွေ့ရဘဲ လေငြိမ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဂွမြို့ဒေသခံတဦးက” ဂွမှာ ဒီနေ့လေပြင်းတိုက်တာတော့မရှိဘူး။ တစ်နေကုန် မိုးအုံ့နေတယ်။ ပြီးတော့ မိုးပေါက်လေးတွေကျသွားတာတော့ရှိတယ်။ မုန်တိုင်းတိုက်ခတ်နိုင်ခြေရှိတယ်ဆိုတော့ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ cyclone shelter (၅၇) လုံးရှိပြီး အဲဒီ cyclone shelter တွေမှာ ရေသန့်ဘူးတွေနဲ့ ဆန်တွေတင်ထားတယ်လို့ သိရပါတယ်။

ဂွ၊ မာန်အောင်၊ စစ်တွေနဲ့ ကျောက်ဖြူအပြင် အခြားမြို့နယ်တွေမှာလည်း မုန်းတိုင်းနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ ပြည်နယ်ကောင်စီက ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #မုန်တိုင်း #ပြင်ဆင်မှုတွေပြုလုပ်

Related posts

Leave a Comment

VOM News

FREE
VIEW