မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး(မုံရွာ)ရဲ့လူနာတင်ကား မိုင်းထိမှန်ပြီးနောက် ကူညီရေးလုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ရပ်နား

မတ် ၂၃-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုန်းစိုးရပ်ကွက် ၊ ကျောက္ကာလမ်းမှာ အခြေပြုတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်အသင်း (မုံရွာ) ရဲ့ လူနာတင်ယာဥ်တစ်စီးဟာ အရေးပေါ် လူနာကို သွားရောက်ခေါ်ဆောင်တဲ့ လမ်းကြောင်းမှာ မိုင်းစထိမှန် ပျက်စီးခဲ့ပြီးနောက် လူမှုကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ်လူနာပို့ဆောင်ရေး လုပ်ငန်းတွေကို ဒီကနေ့ မတ်လ ၂၃ရက်ကစပြီး ရက်အကန့်အသတ်မရှိ ရပ်နားထားလိုက်ပြီဖြစ်တယ်လို့ အဲ့ဒီအသင်းရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

မနေ့ မတ်လ ၂၂ရက် ညပိုင်းက မုံရွာမြို့ ၊ နတ်ထိပ္ပန်ရပ်ကွက် ၊ အဝေးပြေး ခရီးသည်တင်ယာဥ် စုပေါင်း ယာဥ်ရပ်နားစခန်း (ကားကွင်းအသစ်)ဘက်ကို အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်တဲ့ လမ်းမှာ မိုင်းစထိမှန်ခဲ့ပြီး လူနာတင်ကား အသေးစားပျက်စီးထိခိုက်တာတွေဖြစ်ပေါ်ခဲ့ရတယ်လို့ အဲ့ဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” ဘယ်အဖွဲ့အစည်းက ဘာအတွက်ကြောင့် အခုလို မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာ အခြေခံ အကြောင်းအရင်း ဘာတခုမှ မသိရသေးခင် မှတ်ချက်ပြု ပြောဆိုဖို့ အချိန်စောပါသေးတယ် ” လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အသင်း (မုံရွာ)ရုံးရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒါကြောင့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မုံရွာ)အနေနဲ့ အရေးပေါ်လူနာ ကယ်ဆယ်ပို့ဆောင်ရေးလုပ်ငန်းတွေကို ရက် အကန့်အသတ်မရှိ ရပ်နားထားတော့မယ်လို့ ကြေညာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုရက်ပိုင်းအတွင်း စက်သုံးဆီစျေး အဆမတန်ကြီးမြင့်မှုတွေ ရင်ဆိုင်ကြရပြီးနောက်ပိုင်း မုံရွာမြို့ပေါ်က အခမဲ့ လူမှုကူညီ ကယ်ဆယ်ရေး၊ အသင်းအဖွဲ့ အများစုက လူမှုကူညီရေးလုပ်ငန်းတွေ ရပ်နားထားကြပေမယ့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းအနေနဲ့ အရေးပေါ်လူနာတွေကို ၂၄ နာရီ အချိန်ပြည့် အခမဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ကလေးမြို့ကနေ ဂန့်ဂေါမြို့ဘက်ကို မောင်းလာတဲ့ ကလေးမြို့ လူမှုကူညီရေးအသင်းက အရေးပေါ် လူနာတင်ယာဥ်တစီး မိုင်းစထိမှန်ပြီး စေတနာ့ဝန်ထမ်းတယောက် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ၊ မုံရွာ -ဘုတလင်-ရေဦးကားလမ်းမှာလည်း လူနာပို့ပြီး ပြန်လာတဲ့ လူမှုကူညီရေး ကားတစ်စီး မိုင်းထိမှန်ကာ ပရဟိတကားသမားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းထဲက ထီးချိုင့် ၊ အင်းတော် ၊ တန့်ဆည် ၊ ချောင်းဦး ၊ ကလေး ၊ ဘုတလင် ၊ ရေဦး ၊ မုံရွာ စတဲ့ မြို့နယ်တွေဘက်မှာလည်း ကားလမ်းပေါ်မှာ မိုင်းကွဲတာနဲ့ ပစ်ခတ်မှု ဖြစ်ရပ်တွေကြောင့် ပရဟိတ စေတနာ့ဝန်ထမ်းတချို့ ဒဏ်ရာရ၊ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တာရှိတယ်လို့ သိရပါတယ်။

Photo – လူမှုကယ်ဆယ်ရေးအသင်း(မုံရွာ)
#voiceofmyanmar #VOM #မုံရွာ #လူမူကယ်ဆယ်ရေးအသင်း #မိုင်းထိ #ရက်အကန့်အသ်မရှိရပ်နား

Related posts

Leave a Comment

VOM News

FREE
VIEW