ရန်ကုန်၊ နေပြည်တော်နဲ့ မကွေး တို့မှာ ညမထွက်ရအချိန် ပြောင်းလဲသတ်မှတ်

မတ် ၂၃ ၊၂၀၂၂
KK(VOM)

ရန်ကုန်၊နေပြည်တော်နဲ့ မကွေးတိုင်းတို့မှာ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်လိုက်တယ်လို့တာဝန်ရှိသူတွေဆီက သိရပါတယ်။

ရန်ကုန်တိုင်းက မြို့နယ်အားလုံးမှာ ညမထွက်ရအချိန်ကို ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က​​နေ သိရပါတယ်။

“ညမထွက်ရအမိန့်က ပြောင်းသွားပြီ ၊ အခု ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ ဖြစ်သွားပြီ”လို့ ရဲအရာရှိတဦးကပြောပါတယ်။

ရန်ကုန်တိုင်းက ထုတ်ပြန်လိုက်တဲ့ ညမထွက်ရ ပြောင်းလဲသတ်မှတ်လိုက်တဲ့ အမိန့်ကို မတ် (၂၂)ရက်က စတင်မှာဖြစ်ပါတယ်လို့ အဆိုပါရဲအရာရှိက ရှင်းပြပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ကိုကိုးကျွန်းကလွဲပြီး ကျန်တဲ့မြို့နယ်တွေအားလုံးကို ည ၈ နာရီကနေ မနက် ၄ နာရီအတွင်း မထွက်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ရက်က အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အလားတူ နေပြည်တော်၊ လယ်ဝေးမြို့နယ်အတွင်းညမထွက်ရအမိန့်ကို မတ်လ ၂၁ ရက်က လျော့ပေါ့ သတ်မှတ်လိုက်တယ်လို့ လယ်ဝေးမြို့နယ် အုပ်ချုပ်ရေးပိုင်ဆိုင်ရာကနေ သိရပါတယ်။

လယ်ဝေးမြို့နယ်မှာ ယခင်က ညမတွက်ရအမိန့်ဟာ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိဖြစ်ပြီး ယခုလျှော့ချသတ်မှတ်လိုက်တဲ့ ညမထွက်ရအမိန့်ကတော့ ည ၁၂ နာရီ ကနေ မနက် ၄ နာရီအထိ ဖြစ်တယ်လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မကွေးတိုင်းအတွင်းက မင်းဘူး၊စကုနဲ့မြို့သစ်မြို့နယ်တွေမှာလည်း ညမထွက်ရအမိန့်ကို ည၁၂ နာရီမှ မနက်လေးနာရီအထိ ပြင်ဆင်ပြောင်းလဲခဲ့တာရှိတယ်လို့ အမည်မဖော်လိုသူတာဝန်ရှိသူတဦးက ပြောပါတယ်။

ညမထွက်ရအမိန့်ဟာ ရန်ကုန်တိုင်းအတွင်းက ယခင်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်တွေပါပေမယ့် နေပြည်တော်နဲ့မကွေးတိုင်းမှာတော့ မြို့နယ်အချို့ပဲပါလာတာကို ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ်ခဲ့ပေမယ့် လူ(၅) ဦးဖြစ်စေ လူငါးဦးထက်ပို၍ဖြစ်စေ မြို့နယ်အတွင်း အများပြည်သူသွားရာလမ်း၊လမ်းကြား၊လမ်းသွယ်၊ဥယျာဥ်နဲ့ ပြည်သူနှင့်ဆိုင်သော နေရာတွေမှာ စုဝေးခြင်းမပြုဖို့ တားမြစ်ထားတယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုက မြို့နယ်တွေကို ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေ၊ ဆန္ဒပြတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့မှာ နစကကောင်စီက အမိန့်စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ညမထွက်ရအမိန့် #ပြောင်းလဲသတ်မှတ် #ရန်ကုန် #နေပြည်တော် #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW