KBZဘဏ်က ငွေထုတ်ပေးဖို့ တုံကင်ရယူမှုပုံစံ ထပ်ပြောင်းလိုက်လို့ ငွေထုတ်ရ ပိုခက်ခဲလာ

မတ် ၂၃-၂၀၂၂
GG (VOM)

ကမ္ဘောဇဘဏ်က ဘဏ်အကောင့်နဲ့ KBZ pay center တွေကနေ ငွေထုတ်ဖို့အတွက် တုံကင်ရယူတဲ့ပုံစံကို ထပ်မံပြောင်းလဲလိုက်တာကြောင့် ငွေထုတ်ရာမှာ အရင်ကထက်ပိုပြီးခက်ခဲလာတယ်လို့သိရပါတယ်။

အရင်က Kpay ထုတ်မယ်ဆိုရင် ရက်ချိန်း ၇ ရက်ပြည့်ပါက တုံကင်ထပ်ယူပြီး ငွေထပ်မံထုတ်ယူလို့ရကြောင်း၊ အဲ့ဒီနောက်မှာ ၁၄ ရက်တကြိမ်သာ တုံကင်ရယူ ငွေထုတ်ပေးတဲ့စနစ်ကိုပြောင်းလဲခဲ့ပြီး ယခုတကြိမ် တုံကင်ယူတဲ့ပုံစံကို တနင်္ဂနွေ နေ့ကနေ ကြာသပတေးနေ့အထိ မနက် ၉ နာရီကနေ ည၉နာရီအတွင်း ထပ်မံပြောင်းလဲလိုက်တာဖြစ်ပါတယ်။

သတ်မှတ်အချိန်အတွင်း တုံကင်ရယူပေမယ့်လည်း ရက်သတ္တပတ်ကျော်ကြာတဲ့အထိ တုံကင်မရတဲ့ပြသာနာဖြစ်ပေါ်နေတာဖြစ်တယ်လို့ Kpay အသုံးပြုသူတွေဆီကသိရပါတယ်။

” အကောင့်ထဲကရော kpay ကရော ငွေထုတ်ဖို့နေ့တိုင်းသူတို့ပြောတဲ့အချိန်အတိအကျ တုံကင်ယူနေတာပဲ၊၁၀ ရက်လောက်ရှိပြီ အခုထိမရသေးဘူး။သူတို့ပေးချင်တဲ့သူကိုပေးနေတာ။ မရတော့လည်း ဘာကြောင့်မရတယ်ဆိုတာ မသိရဘူး။ တုံကင်ကို kbz အလီကေးရှင်းကနေယူရတာ။ ရမရကို ခနခနပြန်ဝင်ကြည့်နေရတယ် ၊ တော်တော်ကိုအဆင်မပြေတော့ဘူး။ ” လို့ kbz ဘဏ်ဝန်ဆောင်မှုရယူနေသူမမတဦးကပြောပါတယ်။

KBZဘဏ်အကောင့်ထဲကနေ ငွေထုတ်မယ်ဆိုရင်လည်း ၇ ရက်ပြည့်တာနဲ့ နောက်တကြိမ်ငွေထုတ်ဖို့ကို တုံကင်ရယူနိုင်တယ်လို့ ပြောင်းလဲလိုက်ပေမယ့် တုံကင်မရတဲ့ပြဿနာဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် KBZဘဏ် call center ကိုဆက်သွယ်မေးမြန်းကြည့်ရာ ” တုံကင်ရယူသူများတာကြောင့် တုံကင်မရတာမျိုးဖြစ်နိုင်တယ်၊ အရင်လို ၁၄ ရက်မဟုတ်တော့ဘူး။အကုန်လုံး ၇ ရက်ပဲ။ငွေထုတ်ပြီး ၇ ရက်ပြည့်တာနဲ့ နောက်ထပ်တုံကင်ယူလို့ရပြီ၊ တုံကင်ရရင် ငွေထုတ်လို့ရပြီ၊ တုံကင်မရတာကတော့ တုံကင်ယူသူအရမ်းများရင်လည်းဖြစ်တတ်ပါတယ် “လို့ ပြောပါတယ်။

တုံကင်ရယူပြီးပါက ငွေထုတ်ရက်ကို ချက်ခြင်းသတ်မှတ်မပေးဘဲ ည ၁၀ နာရီနောက်ပိုင်းမှသာ တုံကင် ရ၊မရကို ပြန်လည်အကြောင်းကြားပေးတဲ့စနစ်ကိုကျင့်သုံးနေတာဖြစ်ကြောင်း၊ အရင်က တုံကင်ရရင် KBZဘဏ်က SMS နဲ့အကြောင်းကြားပေးပြီး အခုကတော့ မိမိဘာသာ အပလီကေးရှင်းထဲကိုဝင်ကြည့်ရမှာဖြစ်ပါတယ်။

လက်ရှိအထိတော့ Kbz pay center ကနေ kpay အကောင့်တစ်ခုကို တကြိမ်တုံကင်ရယူပြီး တကြိမ်ကို ငွေ ၃ သိန်း ကျပ်ထုတ်ပေးပြီး ငွေထုတ်ပေးခ အဖြစ် ၂၄၀၀ ကျပ်ပေးရတယ်လို့သိရပါတယ်။

ပြင်ပငွေလဲလှယ်တဲ့စျေးကွက်မှာ kpay ကနေ ငွေသွင်းငွေထုတ်လုပ်တာက ပိုများနေပြီး ရာခိုင်နူန်း ကတော့ ငွေထုတ်မယ်ဆိုရင် တစ်သိန်းကို ကျေးရွာ တွေမှာ ၄၀၀၀ အထိရှိပြီး၊ မြို့ပေါ်မှာတော့ ၃၀၀၀ အထိရှိပါတယ်။

#voiceofmyanmar #VOM #KBZ #တိုကင်စနစ်ပြောင်း #ငွေထုတ်ရပိုခက်ခဲ

Related posts

Leave a Comment

VOM News

FREE
VIEW