ပြည်မြို့ထဲက လမ်းနယ်နမိတ် မလွတ်တဲ့ နေအိမ်၊ဆိုင်တွေကို ဖျက်ခိုင်းလို့ ဒေသခံတွေဒုက္ခရောက်နေ

မတ် ၂၅-၂၀၂၂
VOM (GG)

ပြည်မြို့၊ သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းက နေအိမ်အချို့အပါအဝင် ပြည်မြို့ပေါ်ရပ်ကွက်တချို့နဲ့ကျေးရွာတချို့မှာပါ လမ်းမကြီးကနေ ၇၅ ပေ လမ်းနယ်နမိတ်အတွင်း ရှိနေတဲ့ နေအိမ်တွေကို တာဝန်ရှိသူတွေက ဖျက်ခိုင်းနေတာကြောင့် ဒေသခံပြည်သူတွေ ဒုက္ခရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အခုလို ဖျက်ခိုင်းတဲ့အထဲမှာ အရင်ကတည်းက နေထိုင်ကြတဲ့ နေအိမ်ဂရံစာရွက်စာတမ်းအပြည့်အစုံ အမည်ပေါက်အိမ်တွေလည်းပါသလို ကျူးကျော် ဆောက်လုပ်နေထိုင်သူတွေပါဝင်တယ်လို့ သိရပါတယ်။

” တချို့ဆို ခြံအလွတ်ကြီးဝယ်ထားတာ ရှိတယ်၊ အခု အဲ့ဒီခြံက လမ်းနယ်နမိတ်ထဲပါလို့ဆိုပြီး ခြံစည်းရိုးဖျက်ခံရတယ်။စာရွက်စာတမ်းအပြည့်စုံရှိတယ်နော်။နောက်အိမ်တွေဖျက်ရတယ်၊ကိုယ့်ဘာသာမဖျက်ထားတဲ့အိမ်ဆို ဘူဒိုဇာနဲ့ထိုးတယ်။နေရာတိုင်း ဖျက်တာတော့လည်းမဟုတ်ဘူး။ တချို့အိမ်တွေဖျက်ပြီးပြီ၊တချို့လည်းဖျက်တုန်းပဲ၊တချို့ကျလည်း မဖျက်သေးဘဲ အခြေအနေကြည့်နေကြတယ်၊ နေစရာအစားပြန်မပေးတော့ အခုကာလ အကုန်ဒုက္ခရောက်ကုန်တာပေါ့၊ အမတို့ဆို ရတဲ့နေရာလေးပဲ ကပ်နေနေရတယ် ” လို့ ပြည်မြို့ဒေသခံတဦးကပြောပါတယ်။

လမ်းနယ်နမိတ်နဲ့မလွတ်သူတွေကို ဖျက်ခိုင်းတဲ့အထဲမှာ နေထိုင်သူတွေကို စာနဲ့အသိပေးတာရှိသလို ၊ စစ်တပ်အပါအဝင် ရပ်ကွက်တာဝန်ရှိသူတွေ၊စည်ပင်ဝန်းထမ်း၊မြေတိုင်းဝန်ထမ်းနဲ့ သက်ဆိုင်ရာအဖွဲ့တွေက လိုက်လံအသိပေးတာရှိသလို အသိပေးမခံရဘဲ နေအိမ်ဖျက်ပေးရသူတွေလည်းရှိတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေကတော့ လမ်းပြုပြင်ခြင်း၊ လမ်းနယ်နမိတ်ချဲ့ထွင်ခြင်းတွေပြုလုပ်ဖို့အတွက် မလွတ်ကင်းတဲ့ နေအိမ်တွေ၊ဆိုင်ခန်းတွေ၊ကျူးကျော်တွေကို ဖျက်ခိုင်းခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

” မြို့ထဲလည်း လုပ်နေတယ်။ရွှေတချောင်းလမ်း တက္ကသိုလ် ဘက်မှာလည်း လမ်းပေါ်ကျူးနေတာတွေကိုလုပ်နေတယ်။ ရေမြောင်းတွေဖော်နေတယ်။ လမ်းချဲ့တာပြုပြင်တာ အဓိကလုပ်နေတာပေါ့။ ကျန်တဲ့ နေရာတွေကတော့ ရပ်ကွက်အလိုက် လမ်းနဲ့မလွတ်ကင်းတဲ့အိမ်တွေ ဖျက်ခိုင်းတာရှိတယ် ” လို့ ပြည်မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။

လက်ရှိ ပြည်မြို့နယ်ထဲမှာ လမ်းနယ်နမိတ်နဲ့မလွတ်ကင်းတာကြောင့် အိမ်ခြေ ၄၀၀ ကျော် ဖြိုဖျက်ခံရဖို့ရှိကြောင်း၊ အဖျက်ခံရမယ့်နေရာတွေက ရွှေတံခါးရပ်ကွက်၊နဝဒေး၊ မဌောရာ၊ထန်းပေါက်၊ မှော်ဇာ၊ စက်မှုကွက်သစ်၊ ဘုရားကြီးနောက်ကျောလမ်း၊ ပြည်မြို့ရှောင်လမ်း (ဘုရင့်နောင်လမ်းမကြီး) ၊ပြည် အောင်လံလမ်းမပေါ်ရှိ လမ်းနဲ့မလွတ်ကင်းတဲ့နေအိမ်တွေပါတယ်လို့ သိရပါတယ်။

” အမတို့က ပြည်မှာ ငယ်မွေးခြံပေါက်ပါ ကျူးကျော်လည်းမဟုတ်ပါဘူး။ဒါပေမယ့် အခု အိမ်က လမ်းနဲ့မလွတ်လို့ဆိုပြီး ဖျက်ပေးရမယ်တဲ့။ အခုထိတော့ မဖျက်ရသေးဘူး။သူတို့က လမ်းမအလယ်ကနေ ၇၅ပေတိုင်းတာ၊အဲ့ဒီအတွင်းရှိနေရင် ဖျက်ရမယ်ပေါ့။ ” လို့ ပြည်မြု့ဒေသခံတဦးကပြောပါတယ်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ကျူးဖျက်တာဟာ နိုင်ငံရေးအစိုးရမဟုတ်လို့ မဲမရမှာမပူလို့ ဥပဒေတိုင်းလုပ်တာ၊ မဲနဲ့တက်တဲ့အစိုးရတွေသာ နောင် မဲမရမှာစိုးလို့မလုပ်ရဲတာ”လို့ ကျူးကျော်ဖျက်တဲ့ကိစ္စကို မနေ့ မတ်လ ၂၄ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

အခုလ မတ်လဆန်းကတည်းက နေအိမ်တွေကိုဖျက်ပေးဖို့အတွက် မတ်လ ၁၀ ရက်နောက်ဆုံးထားလုပ်ဖို့အသိပေးထားကြောင်း၊လက်ရှိအထိ ဖြိုဖျက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိပြည်မြိုမှာ လမ်းပြုပြင်ခြင်း၊လမ်းနယ်နမိတ်ချဲ့ထွင်ခြင်းတွေလုပ်ဆောင်နေသလို ၊ ဆိုင်ကယ်စီးလမ်းကြောင်းသတ်မှတ်ကာ သတ်မှတ်မျဉ်းဝါအတွင်းကမောင်းနှင်ဖို့ အသိပေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။

#voiceofmyanmar #VOM #ပြည် #နေအိမ်ဖျက်ခိုင်းတဲ့ကိစ္စ

Related posts

Leave a Comment

VOM News

FREE
VIEW