ရုပ်ရှင်ရုံတွေပြန်ဖွင့်မယ်ဆိုသော်လည်း လုပ်ငန်းလည်ပတ်နိုင်ဖို့ မြေပြင်အခြေအနေ စောင့်ကြည့်ရမယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းသုံးသပ်

မတ်၂၄-၂၀၂၂
VOM (GG)

ရုပ်ရှင်ရုံပေါင်း ၆၀ ခန့်ကို လာမယ့်ဧပြီလ ၁၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးလိုက်ပါတယ်။

ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ်မယ်လို့ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပေမယ့် လက်ရှိ ပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကိုဗစ်ရောဂါအခြေအနေတွေကြောင့် ရုပ်ရှင်လုပ်ငန်း ပြန်စတင်ပြီး လည်ပတ်နိုင်ဖို့ မြေပြင်အခြေအနေ အဆင်ပြေမှု ရှိ၊မရှိကို စောင့်ကြည့်ရမယ့်အနေအထားရှိနေတယ်လို့ ရုပ်ရှင်လုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

” မြန်မာနှစ်ဆန်း တစ်ရက်နေ့ ပြန်ပြီးစဖွင့်မယ်ဆိုတာတော့ဟုတ်တယ်၊ဒါပေ့မယ် အခြေအနေကတော့ စောင့်ကြည့်ရမှာပေါ့။ရုပ်ရှင်ရရုံတော့ဖွင့်တယ် ကြည့်သူမရှိဘူးဆိုရင် အဆင်မပြေဘူးလေ၊ အတိအကျ ဘာမှပြောမရသေးဘူး “လို့ အမည်မဖော်လိုသူ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဝင်တဦးကပြောပါတယ်။

သက်ဆိုင်ရာကတော့ ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ် ရောဂါကာကွယ်တားဆီးရေးဆိုင်ရာအစီအမံနဲ့အညီ ပြုစုထားတဲ့ “ရုပ်ရှင်ပြသရာမှာ လိုက်နာဆောင်ရွက်ရမယ့် စံပြုသတ်မှတ်ချက် (Standard Operating Procedures -SOP)အရ လိုက်နာကျင့်သုံး ဆောင်ရွက်ပြီး ပထမအဆင့် အဖြစ် ရုပ်ရှင်ရုံ(၆၀)ခန့်ကို ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

” အခုချိန် ရုပ်ရှင်ရုံဖွင့်လည်း ကြည့်သူရှိမယ်မထင်ပါဘူး။ရိုက်ကူးရေးလုပ်ဖို့ကလည်း မပြေနိုင်ဘူး၊ ပိတ်ထားတာကြာပြီဆိုတော့ ပြန်စဖို့ရာ အားယူရမယ်၊အရင်းအနှီးလိုမယ် ၊ဝန်ထမ်းငှားခတွေ စက်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေအကုန်လုံးပေါ့။ အခုထိလည်း နိုင်ငံရေးက မငြိမ်သေးတော့ သိပ်တော့ အဆင်ပြေနိုင်မယ်မထင်ဘူး ” လို့ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးလုပ်ကိုင်သူတဦးကပြောပါတယ်။

ရုပ်ရှင်ရုံတွေကိုတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ၁၆ ရက်နေ့ကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး အခုဆိုရင် ၂ နှစ်ကျော် ရှိပြီဖြစ်ပါတယ်။

” ရုပ်ရှင်ရုံ ပြန်ဖွင့်လည်းမကြည့်ပါဘူး၊ အခုကာလ စားဝတ်နေရေးတောင် မနည်းဖြေရှင်းနေရတာ၊အပိုမသုံးနိုင်ပါဘူး။နိုင်ငံရေးကလည်း မကောင်းရတဲ့အထဲ မတော်လို့ဗုံးပေါက်ရင် သေနေအုံးမယ်၊ အခုကာလက ကိုယ့်အိမ်ကိုနေတာတောင် လုံခြုံတာမဟုတ်ဘူး ” လို့ ရန်ကုန်မြို့ နေထိုင်သူတဦးကပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနကတော့ ကိုဗစ်ပိုးတွေ့နှုန်းနဲ့ သေဆုံးမှုနှုန်း ကျဆင်းလာလို့ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပေးတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

#voiceofmyanmar #VOM #ရုပ်ရှင်ရုံ #ပြန်ဖွင့် #သုံးသပ်ချက်

Related posts

Leave a Comment

VOM News

FREE
VIEW