အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်အဖွဲ့ တူရကီရောက်ရှိနေ

အစ္စတန်ဘူ၊ မတ်-၂၉-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနဲ့ ယူကရိန်းတို့မှ ကိုယ်စားလှယ်အဖွဲ့ဟာ သီတင်းနှစ်ပတ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ တူရကီနိုင်ငံ မြို့တော်အစ္စတန်ဘူကို ဒီကနေ့ ရောက်ရှိပြီး ဆွေးနွေးမှုစတင်တော့မှာဖြစ်ပါတယ်။

မတ် ၂၉ ရက်မနက်ပိုင်းမှာ စတင်မယ့် အဲဒီဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကို ဦးစားပေး ဆွေးနွေးသွားမယ်လို့ ယူကရိန်းဘက်က ဆိုပါတယ်။ ဒါပေမယ့် နှစ်ဘက်အကြား သဘောတူညီချက်ရရှိဖို့ကတော့ မျှော်လင့်ချက်နည်းပါးနေပါတယ်။

တူရကီသမ္မတ အာဒိုဂန်ကတော့ ဒီဆွေးနွေးပွဲဟာ ခိုင်မာတဲ့ရလဒ်တွေ ထွက်ပေါ်ရမယ့် အချိန်ဖြစ်တယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။

ရုရှားရဲ့ ရေနံရောင်းချမှုကို ပိတ်ပင်မှုအပါအ၀င် အရေးယူပိတ်ဆို့မှုတွေ ပြင်းပြင်းထန်ထန်ချမှတ်ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုထားပါတယ်။

ရုရှားသမ္မတပူတင်ဟာ အာဏာဆက်လက်မတည်မြဲသင့်တော့ဘူးလို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့ပြီး ဒါဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုမှုသာဖြစ်ပြီး အမေရိကန်ရဲ့ မူဝါဒမဟုတ်ကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #အစ္စတန်ဘူ

Related posts

✕
VOM News

FREE
VIEW