အနုပညာ အနှစ် ရာပြည့် အမွေကောင်းတွေ

ဆူးငှက်

“ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ သြာ်… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…”
သြော်… တစ်နေ့မနေ့ကပဲလို့ ထင်နေတာ…၊ ဘာလိုလိုနဲ့ ၁၇နှစ်ကျော်လို့ ၁၈နှစ်ပြည့်လုပီလေ…။

ဒီလိုပါဗျာ… တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊ တော်သလင်းလမှာမွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့ ၂၀၀၄ ခုနှစ်၊ စက်တင်ဘာ အောက်တိုဘာလမှာ လေဘာတီ မမြရင် အနှစ် ၁၀၀ တင်းတင်းပြည့်ပြီပေါ့။

ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့ မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲနှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ်မသိလိုက် မသိဘာသာကျော်ဖြတ်သွားကြပါမလဲ။

အားမနာတမ်းပြောရရင် အငြိမ့်ဝေဒနာကို ကာယကံရှင်တွေထက် စာပေဝန်းကျင်အသိုင်းအဝန်းကို ပိုခံစားတတ်ကြတယ်လေ…။ ဒီတော့ “လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လိုအထိမ်းအမှတ်ပြုကြမလဲဆိုတာ
ခေါင်းချင်းဆိုင်မိကြတာပေါ့။ ဒီနေရာမှာလည်း အားမနာတမ်းထပ်ပြောရရင် ဒီကိစ္စကို စာပေပတ်ဝန်းကျင်အသိုင်းအဝန်းတစ်ခုထဲတင် ဘယ့်နှယ်လုပ် စွမ်းဆောင်နိုင်ပါမလဲ့။ တကယ်တမ်းဆောင်ရွက်နိုင်တာက အငြိမ့်ပညာရှင်တွေလေ…။ စာပေဝန်းကျင် အသိုင်းအဝန်းက “လေဘာတီမမြရင် ရာပြည့်”ကိစ္စကို စတင်တို့လိုက်၊ ထိလိုက်တော့လည်း အငြိမ့်ပညာရှင်တွေက အံ့မခန်းပါပဲ။ ဝိုင်းဝန်းအကူအညီပေးကြတယ်။

ဒါကြောင့် မန္တလေးက စာပေအသိုင်းအဝိုင်း၊ အငြိမ့်ပညာရှင်အဝန်းအဝိုင်းတို့ပူးပေါင်းပြီး အဲဒီ ၂၀၀၄ ခုနှစ်နှောင်းပိုင်းမှာပဲ “လေဘာတီမမြရင် နှစ်တစ်ရာပြည့် မန္တလေးအငြိမ့်အလွမ်းပြေ”ဆိုတဲ့ မှတ်တမ်းဗီစီဒီကိုပျော်ပျော်ပါးပါး ဝိုင်းဝန်းကြိုးပမ်းခဲ့ကြတာပါ။ တစ်နှစ်နီးပါးလောက် ရိုက်ကူး၊ တည်းဖြတ်၊ ဆင်ဆာဆိုတဲ့လမ်းကြောင်းကို ကျော်ဖြတ်ခဲ့ရပါတယ်။ ဒီတစ်နှစ်မှာ ရိုက်ကူးနဲ့ တည်းဖြတ်က ဘာကြာမှာလဲဗျာ…။ ကိုယ့်ခြေကိုယ့်လက်ကိုး…။ အဲ… ကိုယ်နဲ့မပတ်သက်နိုင်တဲ့ ‘ဆင်ဆာ’ဆိုတဲ့ ကိစ္စကြီးကို ကျော်ဖြတ်ရတာကိုက ၁ နှစ်မက ၂ နှစ်ကျော်လာတော့ ထုံးစံအတိုင်း ‘ဆယ့်နှစ်လရာသီ ယွန်းပြီးကွယ့်…၊ လွမ်းတယ်တဲ့ လွမ်းတဲ့ဝေဒနာ’လို့ ခွန်းထောက်ဟစ်ရမလိုပါပဲ။

ပညာပြလိုက်ကြတာ…။ ပညာပေးလိုက်ကြတာပြောပါတယ်။ဪ… “အမျိုးသားရေးဆိုင်ရာယဉ်ကျေးမှုကိစ္စ”ဆောင်ရွက်တာမှာပင် “ရန်ကုန်၊ မန္တလေး”ဆိုတဲ့ဒေသစွဲနဲ့ “ငါမလုပ်ရင် ဘယ်ဟာမှ အဟုတ်မထင်”ဆိုတဲ့ အာဃာတတွေရှိပါလားဆိုတာ ဝမ်းနည်းပက်လက် သဘောပေါက်ရပါတယ်။

ဒီလိုအခက်အခဲကြားက သီးပွင့်လာတဲ့ “လေဘာတီ မမြရင် နှစ် ၁၀၀ ပြည့် မန္တလေးအငြိမ့်အလွမ်းပြေ”က ၂၀၀၅ ခု၊ သြဂုတ်လ ၁၂ ရက်နေ့မှာ စာနယ်ဇင်းကို အသိပေးနိုင်ခဲ့ပြီး သြဂုတ်လ ၂၇ ရက်နေ့မှာ မြို့လူထုကို “နေပြည်တော်ရုပ်ရှင်ရုံ”မှာ ပြသဂါရဝပြုနိုင်ခဲ့ပါတယ်။ အဲဒီအချိန် ဝိုင်းဝန်းကူညီပါဝင်ခဲ့ကြသူအားလုံး ဝမ်းသာမျက်ရည်စက်လက်နဲ့ပေါ့ဗျာ…။ ကာယကံရှင်တွေက ဝမ်းသာမျက်ရည်နစ်လို့…။ လာကြည့်ကြတဲ့ မြို့လူထုမှာက “မန္တလေးအငြိမ့်”ကိုမျာလွန်း၊ လွမ်းဆွတ်လွန်း…။ တသသဖြစ်လွန်းလို့ ငယ်လွမ်းဝေဒနာတွေနဲ့ ဝမ်းနည်းမျက်ရည် အိုင်ထွန်း…။ ကာယကံရှင်တွေနဲ့ မြို့လူထု ပွဲအပြီးမှာ မျက်ရည်တွေကိုယ်စီနဲ့ လက်ဆွဲနှုတ်ဆက်ထာပနာပြုကြပြန်တော့ ခံစားရတဲ့ ပီတိတွေဟာ အခု ၁၈ နှစ်ပြည့်လုတောင်မှ မနေ့တနေ့ကလို ပူနွေးဖိုလှိုက်နေဆဲပါ။

အခု… သတိတရနဲ့ အဲဒီအငြိမ့်ခွေလေးပြန်ကြည့်မိတော့ လွန်ခဲ့တဲ့ ၁၈ နှစ်ဝန်းကျင်က ခံစားခဲ့ရတဲ့ ဝမ်းသာဝမ်းနည်း ပီတိမျက်ရည်တွေလည်း သွန်ကျရဲ့…။ ထပ်ပြီး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတာက “သင်္ခါရ”တရားကြောင့်ပါ။ဟာ… ကြည့်စမ်းပါဦး။ အဲဒီအစီအစဉ်အတွက် အသက်အရွယ်အနေနဲ့ အကြံပေးပြန်ကြားရုံပဲ ကူညီရမယ့် စာရေးဆရာ၊ ကာတွန်းဆရာ(ဦး)ကံချွန်ဟာ လူငယ်တွေနဲ့အတူ တခါတရံ လူငယ်တွေရှေ့က ပြေးပြီး၊ကြိုပြီး လုပ်ကိုင်ဆောင်ရွက်ပေးဖို့ ဒါရိုက်တာ တာဝန်ယူခဲ့ပါတယ်။ ကနဦးအစ စတင်ရိုက်ကူးတဲ့နေ့။
ကင်မရာစမောင်းတော့ “မင်းတို့ဟာ အဖွင့်အနေနဲ့ ဘုရားကန်တော့ခန်းထည့်ရမယ်။ မမြရင်က အငြိမ့်ထွက်ခါနီး ဘုရားကန်တော့ရမှာလေ…။ အဲဒီမှာ ကန်တော့ပွဲပါ တစ်ခါတည်းထည့်။ ဒီအခန်းရိုက်ရင်း အားလုံး ဘုရားကန်တော့ကြရမှာ”တဲ့…။ အဲလို တကူးတကန့် သတိပေးပြီး ဘုရားကန်တော့ခန်းကို ကင်မရာ စမောင်းမောင်းချင်း ရိုက်ကူးစေခဲ့တဲ့ ဆရာကံချွန်ဟာ တကယ်တော့ ဘာသာခြားပါ။ ဒါပေမယ့် မန္တလေးမှာ၊မြန်မာပြည်မှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဘာသာနဲ့ တစ်ဘာသာ တစ်လျှောက်လုံးလေးစားတန်ဖိုးထားခဲ့ကြတာပါ။

အခု… ဒီအခွေလေး သတိရလို့ပြန်ကြည့်တော့ ဆရာကံချွန်မရှိတော့ပါဘူး။ ဘုရားသခင်ရဲ့ အမိန့်တော်မြတ်ကို ခံယူသွားပါပြီ။ ဒီအခွေအတွက် အားတက်သရောနဲ့ “ကိုဆူး…၊ လိုသမျှပြောနော်။ တတ်နိုင်တာအားလုံးကူညီမယ်။ ကျွန်တော်တို့လုပ်ရမယ့်အလုပ်တွေ ခင်ဗျားတို့ ဝင်လုပ်ပေးနေတာကိုက ကျေးဇူးတင်လှပါပြီ”ဟုဆိုခဲ့ပြီး အကူအညီတွေ အကြံဉာဏ်တွေ အများကြီးပေးခဲ့တဲ့ လမင်းတရာအငြိမ့်ပိုင်ရှင်၊ ကဗျာဆရာ၊ အော်ပရာဆရာ မောင်မြတ်မှိုင်းလည်း တမလွန်ရောက်နေပါပြီ။

အသက်အရွယ်ကြောင့် နားနေပေမယ့် အားလုံး ဝိုင်းကူနေတဲ့အချိန် ကျန်ရစ်မှာစိုးလို့ပါဆို ကာကာလက်ဖက်ရည်ဆိုင် ပိုင်ရှင်အဖြစ် အိန္ဒိယအမျိုးသားဝတ်စုံ အကျအနဝတ်ပြီး ပါဝင်ကူညီခဲ့တဲ့ လူရွှင်တော် ဦးကျောက်နီလည်း မရှိတော့ပါဘူး။ အလားတူပါပဲ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ကြားက လူငယ်တွေနဲ့အပြိုင် သွက်သွက်လက်လက် ပြက်လုံးထုတ်ကာ တသောသော ရယ်မောစေရတဲ့ လူရွှင်တော်ကြီး ဦးသိန်းဆုလည်း ကွယ်လွန်ခဲ့ပါပြီ။ အဲဒီကာလ ပါဝင်လှုပ်ရှားကြသူတွေထဲမှာ အသက်အရွယ်အကြီးဆုံး ဆိုသော်ငြား သွက်သွက်လက်လက်၊ မားမားမတ်မတ်နဲ့ အတိမ်းအစောင်းဖြစ်၊ လိုအပ်မှုဖြစ်သွားမှာစိုးလို့ မနက်မိုးလင်းက မိုးချုပ်အထိ လုပ်ဖော်ကိုင်ဖက် သဘင်ပညာရှင်များနှင့်သာမက ဦးဆောင်သူ လူငယ်စာပေသမားတွေနဲ့အထိ ရင်းနှီးပျော်ရွှင်ပျော်ဝင်ကာ စိုးရိမ်ကြီးစွာနဲ့ သတိပေးနေတတ်တဲ့ လူရွှင်တော်ကြီး ဦးပေါစံလည်း ကွယ်လွန်ခဲ့ပါပြီ။

ကျွန်တော်တို့ငယ်စဉ်ကာလ အငြိမ့်ပွဲတွေ စွဲလန်းတဲ့အထဲမှာ လူရွှင်တော်ဒီပါရဲ့မင်းသားအကလည်း ပါပါတယ်။ သံစည်ပိုင်းထဲကနေ ခုန်ပြီး သံစည်ပိုင်းနှုတ်ခမ်းမှာရပ်ပြီး က ကာ ကြမ်းပြင်နဲ့ စည်ပိုင်းနှုတ်ခမ်း တက်လိုက်၊ ဆင်းလိုက်နဲ့ သွက်သွက်လက်လက် ကခဲ့တဲ့ လူရွှင်တော်ကြီးဦးဒီပါကလည်း ဆုံးပါးခဲ့ပါပြီ။ အလားတူ ပါဝင်ကူညီခဲ့တဲ့ သက်ကြီးဝါကြီး လူရွှင်တော်ကြီး ဦးရန်အောင်လည်း ဆုံးပါးခဲ့ပါပြီ။

ဒီအငြိမ့်ခွေအစီအစဉ်လေးဖြစ်မြောက်ဖို့ “မန်းတောင်လက်ျာ”ဆိုတဲ့ ထုတ်လုပ်ရေးနာမည်နဲ့နောက်ကွယ်က ငွေအား၊ လူအား၊ စေတနာအားနဲ့ကူညီရုံမက လူငယ်တွေနဲ့ လူကြီးတွေကြား အကွာအဟမရှိရေး ကြားဝင်ပေးခဲ့တဲ့ ထုတ်လုပ်သူအဖွဲ့ဝင် ကိုရွှေပြည်စိုးလည်း မိသားစုနဲ့ သူချစ်တဲ့ အနုပညာအသိုင်းအဝန်းနဲ့ ခွဲခွာသွားတာ ကြာပါပြီ။

ဒီအငြိမ့်ခွေလေးထွက်ထွက်ချင်း ဦးဦးဖျားဖျားကြည့်ပြီး မကျန်းမာတဲ့ကြားက မမြရင်သီချင်းတွေလိုက်ငြီး၊ တီးလုံးတီးကွက်လေးတွေကို လက်နဲ့စည်းလိုက်ကာ ဝမ်းသာအားရဖြစ်၊ အငြိမ့်ခွေအကြောင်း တဖွဖွပြောခဲ့တဲ့ ဒေါ်ဒေါ် လူထုဒေါ်အမာလည်း မရှိတော့ပါဘူး။

ဒီအငြိမ့်ခွေနဲ့ပတ်သက်တဲ့အချက်အလက်အားလုံးလိုလိုဟာဒါ်ဒေါ်ရဲ့ နာမည်ကျော် “ပြည်သူချစ်သောအနုပညာသည်များ”စာအုပ်ထဲက ရရှိခဲ့တာပါ။ ဒီအငြိမ့်ခွေလေးကြည့်ပြီး ကျွန်တော့်ကို “မင်းအသက်နဲ့ဆို မမြရင်ကို မမှီပါဘူး။ ဒီအချက်အလက်တွေကို မင်းမို့ရှာရှာဖွေဖွေ ဘယ်ကရတာလဲ”လို့မေးတော့ ကျွန်တော်က “ဟာ…ဒေါ်ဒေါ်ကလည်း အဲဒါတွေကဒေါ်ဒေါ့် ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ထဲကလေ…”လို့ဖြေတာနဲ့ “ဟဲ့… အဲဒါတွေ ငါရေးခဲ့ဖူးသလား”ဆိုပြီး ရယ်လိုက်တာ မျက်ရည်များထွက်လို့…။

၂၀၀၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ မမြရင်ရဲ့ဇာတိရွာ၊ ရွှေဖလားကန်ကို မှတ်တမ်းဗီဒီယို သွားရိုက်တော့ ရွာက အသက် ၈၀ကျာ်အရွယ် မမြရင်ရဲ့ညီအစ်ဝမ်းကွဲဒေါ်လှငွေနဲ့တွေ့တော့လည်း ဒေါ်ဒေါ်လူထုဒေါ်အမာကို
တခုတ်တရမေးပါသေးရဲ့။ အခု… ဒီအငြိမ့်ခွေလေး ပြန်ကြည့်ချိန် ဒေါ်ဒေါ်လူထုဒေါ်အမာလည်း မရှိတော့ပါဘူး။

တစ်ခါ… အငြိမ့်ခွေလေးကို လှမ်းပို့လိုက်တော့ ကြည့်ပြီးတာနဲ့ ဖုန်းဆက်ပြီး ဝမ်းသာစကားတွေပြော…။ ဒီခွေကိုကြိုက်တတ်တဲ့မိတ်ဆွေတွေဆီ ပြည်တွင်းသာမက၊ ပြည်ပထိပို့ပေး…။ သဘောကျတဲ့မိတ်ဆွေတွေက ဆုချတာတွေကိုကြားက အကျိုးဆောင်ပေးတတ်တဲ့ ဆရာ လူထုဦးစိန်ဝင်းလည်း မရှိတော့ပါဘူး။

အမှတ်တရဖြစ်စရာနောက်တစ်ခုက မန္တလေးရောက်တုန်းရောက်ခိုက် ကျွန်တော်တို့အဓမ္မချောဆွဲတော့ မငြီးမငြူမေတ္တာနဲ့ အစအဆုံးကူညီခဲ့တဲ့ စွယ်စုံရအနုပညာရှင်ကြီး အကယ်ဒမီသုမောင်လည်း အနုပညာလောကကြီးမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့မှာ မင်းသားကြီးအပေါ်ကျေးဇူးသိတတ်လိုက်ပုံက အနုပညာကြေးဆိုတာ ဝေလာဝေး။ ခွေကလေးမျှပင် လက်ဆောင်မပေးခဲ့ကြပါဘူး။ ဒါပေမယ့် မင်းသားကြီးက စိတ်မခုဘဲ ပြုံးပြုံးလေးနဲ့ “လေဘာတီမမြရင်ခွေလေးကြည့်ချင်သားဗျာ”လို့ပဲ ပြောရှာပါတယ်လေ…။

ရှေးသမားစဉ် အငြိမ့်တီးလုံးတွေ ရှာဖွေပေး၊ ရှေးအငြိမ့်က အုပ်စုံချောင်အတိုင်း တူရိယာပစ္စည်းတွေ ဆင်ပေး…။ ဒါမျှမက ရှေးကပွတ်လုံး ဆိုင်းဝိုင်းကိုပင် ရအောင်ရှာဖွေပေးခဲ့တဲ့ ပတ္တလားမောင်းဆိုင်းဆရာ ဦးလှအောင်၊ ဦးမြဝင်း တို့လည်း မရှိရှာတော့ဘူး။ ကြေးတီး ကိုသန့်စင်၊ ဒိုးတီး ဦးညွန့်တင်၊ ကိုသန်းမောင်၊ အုပ်စုံ ကိုစန်းမောင်တို့လည်း ကျန်းကျန်းမာမာရှိကြပါလေစ…။ သူတို့ကျေးဇူးကလည်း မနည်းလှ…။

စင်ပေါ်မှာ ကိုယ်တိုင်ကိုယ်ကျမပါဝင်ခဲ့ပေမယ့် စင်အောက်နောက်ကွယ်က အနုပညာအကြံဉာဏ်တွေပေးခဲ့တဲ့ လူရွှင်တော်ကြီး ဦးထင်ပေါ်ကတော့ ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုးနဲ့ လက်ကျန်လူရွှင်တော်ကြီး ဦးချစ်စရာနဲ့ တွဲဖက်ကာ အနုပညာအလုပ်တွေ အားကောင်းမောင်းသန် လုပ်နိုင်ဆဲမို့ ဝမ်းသာလှပါဘိ။

အစ်မကြီး ရွှေမန်းသူမြင့်မြင့်သန်း၊ ပန်တျာဌေးဌေးမြင့်နဲ့ တူမ ပန်တျာ ယမင်းအောင်တို့ကတော့ မန္တလေးအငြိမ့်ရဲ့ အသက်ငင်ဆဲ အချိန်မှာ အမာခံအင်အားတွေအဖြစ် ကြံ့ကြံ့ခံ အားတင်း အံကြိတ်နေကြဆဲမို့ ဂုဏ်ယူမိပါတယ်။

ဒါပေမယ့် ရန်သူမျိုး၅ပါးဘေး၊ ကပ်ရောဂါဘေးတွေကြောင့် ၃နှစ်၃မိုးတိုင် ပွဲသဘင်စင်မြင့်တွေနဲ့ဝေးခဲ့ကြတဲ့ သဘင်ပညာရှင်တွေလည်း မိုးခေါင်မှဆီခမ်း ကာလကြမ်းမှာ အနုပညာအစို့အညှောက်ကလေး မသွေ့မခြောက် ပြန်လည်ထမြောက်ရှင်သန်ကာ နောက်မျိုးဆက်အတွက် အမှတ်တရ အနုပညာ အနှစ် ရာပြည့် အမွေကောင်းတွေ ပေးနိုင်ကြပါစေ။
“…………………………..
နန်းရှေ့တင်က မန္တလေးသဘင်ကွ
ပြောပြောပြသူ တစ်ပြည်မူ
နန်းရှေ့တင်တင့်၊ မန္တလေးသဘင်ရှင့်

သင်းသင်းမွှေးတဲ့ ရွှေမဉ္ဇူ
လေလေယူသွေး၊ မွှေးလို့ကြူ
ရွှေပြည်စိုး၊ ရွှေပြည်စိုး၊ ရွှေပြည်စိုး…
လွမ်းပိုဖွယ်ရာ…”တဲ့လေ…။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW