အေးချမ်းသူ(VOM)
ညနေ ရုံဆင်းချိန်မို့ အင်းစိန်မြို့နယ် ကျောက်တော်ကြီးဘုရားမီးပွိုင့်လမ်းဆုံမှာ ကားမျိုးစုံရှုပ်ထွေးလို့နေပါတယ်။
ဒီလိုရှုပ်ထွေးနေတဲ့ မီးပွိုင့်အနီးမှာ ကွမ်းယာ၊ဆေးလိပ်၊ရေသန့်ဗူးရောင်းသူတွေနဲ့အတူ မြန်မာဆန်ဆန်ဝတ်ဆင်ထားပြီး စံပယ်ပန်းကုံးလေးတွေ ကိုင်ထားတဲ့ အသက်၂၀အရွယ် မိန်းမပျိုလေးတစ်ဦးကလည်း ကားတွေကို ငေးမောကြည့်နေပါတယ်။ ခါးအလယ်ထိရှိတဲ့ ဆံပင်အရှည်ကို စနစ်တကျစုစည်းထားပြီး တန်ဖိုးနည်း နာမီနိုပွင့်ရိုက်ဝမ်းဆက် အထက်အောက်ဝတ်ဆင်ထားကာ ပါးနှစ်ဖက်မှာလိမ်းထားတဲ့သနပ်ခါးရနံ့က ဘေးကဖြတ်သွားသူတွေကို မွေးပျံ့စေပါတယ်။
မြန်မာဆန်ဆန်ဝတ်စားပြီး စံပယ်ပန်းတွေကို ညနေပိုင်းအချိန် မီးပွိုင့်မှာ ရောင်းချနေတဲ့ကောင်မလေးကတော့ သက်ထားစံဆိုသူပဲဖြစ်ပါတယ်။
သူရဲ့ညီမလေး လသားအရွယ်လေးမှာ ဖခင်ဖြစ်သူကွယ်လွန်ပြီးနောက် မိခင်ဖြစ်သူကလည်း ခါးအောက်ပိုင်းချိကာ တရွတ်တိုက်သွားနေရတဲ့အချိန်ကစလို့ ၅တန်းကျောင်းသူအရွယ်မှာပဲ ကျောက်တော်ကြီးဘုရားမှာ မနက်ပိုင်း စံပယ်ပန်းရောင်းပြီး ညနေပိုင်း မီးပွိုင့်မှာ စံပယ်ပန်းရောင်းပြီး မိခင်ဖြစ်သူကို လုပ်ကျွေးခဲ့တာ ဆယ်စုနှစ်တစ်ခုရှိခဲ့ပါပြီလို့ သူကပြောပါတယ်။
“စံပယ်ပန်းရောင်းတဲ့အလုပ်ကို အစ်ကိုကြီးက အရင်စခဲ့တာပါ၊ အစ်ကိုက စံပယ်ပန်းရောင်းပြီး ဆယ်တန်းဝင်ဖြေတယ် ငွေကြေးမတက်နိူင်တော့ ဓာတ်တိုင်အောက်မှာ စာကျက်ပြီး ဆယ်တန်းကို နှစ်ချင်းပေါက်အောင်တယ်၊ အစ်ကိုတက္ကသိုလ်တက်တော့ ညီမလေးက ပခုံးပြောင်းတာဝန်ယူခဲ့တာပေါ့”လို့ သက်ထားစံက ရှင်းပြပါတယ်။
စျေးစရောင်းချိန်မှာ ငယ်ရွယ်သူဖြစ်လို့ ရှက်ကြောက်ပြီး မရောင်းချင်သော်လည်း မိခင်ဖြစ်သူကျန်းမာရေးအတွက် လုပ်မှရမယ်ဆိုတဲ့အတွေးနဲ့ ရောင်းချခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။
“ကလေးအရွယ်ဆိုတော့ ရှက်တယ်၊ သူများတွေ ဆော့ရင် ဆော့ချင်တယ်၊ ဒါပေမယ့် အမေ့ရဲ့ကျန်းမာရေးကရှိတော့ ငါမှမရှာရင် အမေကို ဘယ်သူလုပ်ကျွေးမလဲဆိုတဲ့ စိတ်နဲ့ရောင်းတော့ အဆင်ပြေသွားတယ်”လို့ ရှင်းပြပါတယ်။
သူမဟာ အင်းစိန်မြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှာ ပဥ္ဓမတန်းကနေ နဝမတန်းအထိ ကျောင်းတက်ခဲ့ပြီး ဆယ်တန်းတက်ရမယ့် နှစ်မှာပဲ ကိုဗစ်ရောဂါကြောင့် ကျောင်းတွေပိတ်ခဲ့ရာက အစပြုပြီး ယနေ့ထိတိုင် ကျောင်းဆက်မတက်တော့ဘူးလို့ ပြောပါတယ်။
“ညီမက အစ်ကိုလိုမဟုတ်ဘူး ပညာရေးမှာ အားနည်းတယ်၊ နောက်တစ်ခုက ညီမကျောင်းတက်ရင် အမေ့ကို ဘယ်သူလုပ်ကျွေးမလဲ၊ ညီမလေးတွေလည်း ရှိသေးတယ်၊ အစစအရာရာပြန်ကြည့်ရတာပေါ့ ဒါကြောင့် ကျောင်းနားလိုက်တာ”လို့ ပြောပါတယ်။
စံပယ်ပန်း၊ရွှေပန်း၊ငွေပန်း တွေကို အင်းစိန်ဖော့ကန်စျေးမှာ သွားယူပြီးနောက်ပိုင်း မနက်လေးနာရီအချိန် ကျောက်တော်ကြီးဘုရားမှာ သွားရောင်းပြီး ညနေပိုင်းမှာတော့ မီးပွိုင့်မှာ ထပ်မံရောင်းချတယ်လို့ သူကပြောပါတယ်။
“တစ်ခါတစ်လေ နားချင််တယ် နားလို့မရဘူးလေ အိမ်စရိတ် အမေ့ဆေးဖိုးရှိတယ် အိမ်လခရှိသေးတယ် နားချင်တာပဲရှိတယ် ငါနားရင်အမေတို့ ဘာနဲ့စားမလဲဆိုပြီး တွေးပြီးတော့ မနားရက်ဘူး”လို့ ပြောပါတယ်။
အရင်ကာလက ငွေငါးထောင်ရင်းရင် ငါးထောင်အမြတ်ရရှိသော်လည်း ယခုအခြေအနေမှာ ခုနှစ်ထောင်ရင်းမှ သုံးထောင်ငါးရာသာ အမြတ်ရရှိတော့တယ်လို့ သူကရှင်းပြပါတယ်။
ခေတ်ကာလအခြေအနေကြောင့် စျေးမရောင်းရတဲ့အပြင် ပါးစပ်သရမ်းသူတွေကြောင့် စိတ်ထိခိုက်ရတယ်လို့လည်း သက်ထားစံ က ဝမ်းနည်းစွာပြောပါတယ်။
“အချို့က စိတ်ရင်းစေတနာအမှန်နဲ့ ဝယ်ကြတာ၊ တချို့က ညီမလေး ကိုကြီးပန်းအားပေးမယ် ကိုကြီးနောက်လိုက်ခဲ့ပါလားလို့ပြောကြတယ်၊ ညီမလေးက အဲ့ဒါတွေ စိတ်မဝင်စားဘူး ရိုးရိုးသားသားပန်းရောင်းစားတာ ကျန်တာတွေစိတ်မဝင်စားပါဘူး”လို့ ပြောပစ်လိုက်တယ်လို့ သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပါတယ်။
စျေးရောင်းရင်း ပါးစပ်သရမ်းတဲ့အမျိုးသားတွေရဲ့ပြောဆိုမှုကို မိခင်ဖြစ်သူကိုပြန်ပြောခဲ့ပြီး နောက်ပိုင်းမှာ စိတ်ဆင်းရဲမှာစိုးလို့ ပြန်မပြောဖြစ်တော့ဘူးလို့လည်း ပြောပါတယ်။
ကိုယ်ချင်းစာတရားရှိတဲ့သူတွေကတော့ မိန်းခလေးတယောက် အခုလိုကားလမ်းပေါ်စျေးရောင်းတာ အန္တရယ်များတဲ့အတွက် အခြားလုပ်ငန်းပြောင်းပြီးလုပ်ဖို့ အကြံပေးခဲ့ပေမယ့် ပြန်ပြီးချင့်ချိန်နေရတယ်လို့လည်း သူကပြောပါတယ်။
“ပန်းရောင်းတာက တစ်နေ့ ခုနှစ်ထောင်လောက်ကျန်တယ် မိသားစုအိမ်စရိတ်ကိုဖြေရှင်းလို့ရတယ်၊ အခြားအလုပ်တွေကလည်း ပန်းရောင်းသလိုရရင် ပြောင်းချင်တယ် စတိုးဆိုင်တို့ ဘာတို့ပေါ့၊ တကယ်တမ်းက မလွယ်ဘူးလေ”လို့ ပြောပါတယ်။
အသက်ငယ််ရွယ်ပြီး စံပယ်ပန်းတွေကို မီးပွိုင့်မှာနေ့စဥ်ရောင်းနေတဲ့ သူမဟာ မိခင်ဖြစ်သူကို အိမ်ပိုင်နဲ့ထားချင်တဲ့ ဆန္ဒကလည်းရှိနေပါတယ်။
“အမေကို အိမ်ပိုင်နဲ့ထားနိူင်အောင် ညီမက နေ့တိုင်း စုဗူးနဲ့ပိုက်ဆံစုတယ်၊ ပုံမှန်တော့မဟုတ်ဘူးပေါ့၊ များတဲ့နေ့လည်းရှိတယ် နည်းတဲ့နေ့လည်းရှိတယ်”လို့ သူ့ရည်မှန်းချက်ကို ရှင်းပြပါတယ်။
သူမရဲ့ဘဝမှာ ပင်ပန်းမှုတွေနဲ့ကြုံတွေ့နေရပေမယ့် စျေးရောင်းပြီး အိမ်ပြန်ချိန်မှာတော့ မိခင်ဖြစ်သူ စိတ်ချမ်းသာဖို့အတွက် အားတင်းပြီးပြုံးထားရတယ်လို့လည်း ပြောပါတယ်။
လက်တလော စျေးရောင်းချတာမှာ အရောင်းပါးသွားပြီး မီးပွိုင့်မိချိန် စံပယ်ပန်းရောင်းသူတွေနဲ့အပြိုင် ကားတွေဆီပြေးလွှားကာ ရောင်းချနေရတာဟာ အိမ်အပြန် စံပယ်ပန်းတွေမကျန်စေဖို့အတွက် ဖြစ်တယ်လို့ ပြောပါတယ်။
“ကုန်အောင်တော့ ရောင်းရတာပဲလေ၊ ညီမလေးလည်းရှိတယ် အမေက ကျန်းမာရေးမကောင်းဘူး၊ ဒါအမေစားဖို့ ကြာဇံကြော် ညီမပြန်တော့မှာမို့ ကြိုပြီးဝယ်ထားတာ”လို့ ကြာဇံကြော်ထုပ်လေးဆွဲကာ ကျောက်တော်ကြီးဘုရားနားက လိုင်းခန်းတွေဆီပြန်သွားတဲ့ သူမရဲ့ခြေလှမ်းတွေကို ကြည့်ရင်း အိမ်ပြန်ရောက်ရင် မိခင်ရှေ့မှာ အလှဆုံးပြုံးထားမှာကို မြင်ယောင်မိပါတော့တယ်။
#VOM #voiceofmyanmar #အေးချမ်းသူ #ဆောင်းပါး