စက်ရုံအလုပ်ရုံက အလုပ်သမားတွေ မှတ်ပုံတင်အခက်အခဲကြောင့် နေရပ်မပြန်နိုင်ဖြစ်နေ

ဧပြီ ၅-၂၀၂၀
KK(VOM)

ရန်ကုန်မြို့ရှိ စက်မှုဇုန်အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ သင်္ကြန်ပိတ်ရက် မှတ်ပုံတင်မရှိတာကြောင့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။

အထည်ချုပ်စက်ရုံက အလုပ်သမားတွေအများစုရဲ့ မှတ်ပုံတင်တွေဟာ ခါးပိုက်နှိုက်ခံရတာတွေ ပျောက်ဆုံးတာတွေကြောင့် ဒီနှစ်သင်္ကြန်မှာ စက်ရုံ၊အလုပ်ရုံတွေ ပိတ်ထားပေမယ့် မှတ်ပုံတင်မရှိတာကြောင့် မိသားစုရှိတဲ့ နေရပ်ကိုမပြန်နိူင်ဘူးလို့ လှိုင်သာယာစက်မှုဇုန် မှ အလုပ်သမားတစ်ဦးက ပြောပါတယ်။

“အရင်နှစ်က ထောက်ခံစာနဲ့ပြန်လို့ရသေးတယ် ဒီနှစ်က ထောက်ခံစာနဲ့မရဘူးဆိုတော့ ပြန်လို့မရဘူး၊ မှတ်ပုံတင်ပျောက်တာ ပြန်မလုပ်တာမဟုတ်ဘူး၊ ပြန်လုပ်ရင် အချိန်ပေးရတာ အလုပ်က ရက်ရှည်ခွင့်ရတာ မဟုတ်ဘူး”လို့ သူကပြောပါတယ်။

ရွှေပြည်သာစက်မှုဇုန်က အလုပ်သမားတစ်ဦးကလည်း
“ညီမကတော့ အိမ်က အစ်ကိုတစ်ယောက်ကို ပိုက်ဆံလာယူခိုင်းလိုက်တယ် မပြန်တော့ဘူး ဒီနှစ်၊ မှတ်ပုံတင်ပျောက်တာ ပြန်လုပ်ဖို့ အချက်အလက်တွေပေးလိုက်တယ်၊ ညီမက နီးလို့ပြဿနာမဟုတ်ပေမယ့် ရခိုင်ကနေ လာလုပ်တဲ့သူတွေကျတော့ အခက်အခဲဖြစ်ရော”လို့ ပြောပါတယ်။

အခုလို နေရက်ပြန်ဖို့အခက်အခဲဖြစ်နေတဲ့အပြင် လစာကို အိမ်ပြန်ပေးပို့ရာမှာလည်း Kpay၊ wave money ဆိုင်တွေမှာ အလွယ်တကူငွေထုတ်မရလို့ မိသားစုဆီကို ငွေပြန်ပို့ရတာလည်း အခက်အခဲရှိနေတယ်လို့ ရွှေပေါက်ကံစက်မှုဇုန်မှ အလုပ်သမားတစ်ဦးကပြောပါတယ်။

လူဝင်မှုကြီးကြပ်နှင့်ပြည်သူ့အင်အားဦးစီးဌာနက
ဧပြီလ ၁ ရက်ကနေ စတင်ကာ ထောက်ခံစာနဲ့ခရီးသွားခွင့်မပြုတော့ဘဲ မှတ်ပုံတင်နဲ့သာ ခရီးသွားခွင့်ပြုမယ်လို့
မတ်လ ၅ ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက် ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့ပါတယ်။

ခရီးသွားလာရာမှာတော့ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လဝက၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ဝင်တွေပူးပေါင်းကာ မြို့အဝင်ဂိတ်တွေမှာ မှတ်ပုံတင်တွေကို စတင်စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ခရီးသွားရောက်ပြီး ပြန်လာသူတဦးက ပြောပါတယ်။

လက်တလော ရန်ကုန်က စက်ရုံအလုပ်ရုံတွေမှာ မှတ်ပုံတင်ပျောက်ဆုံးနေသူတွေ ရာနဲ့ချီ ရှိနေလို့ ဒီနှစ်သင်္ကြန်အလုပ်ပိတ်ရက်မှာ အလုပ်သမားတွေနေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေတယ်လို့ အလုပ်သမားအရေးဆောင်ရွက်သူတွေဆီက သိရပါတယ်။

နစကအစိုးရအနေနဲ့ မှတ်ပုံတင်ပျောက်ဆုံးနေတဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေကို ရက်ရှည်အလုပ်ပိတ်ရက်မှာ မိသားစုထံပြန်နိူင်ရေးအတွက် ဖြေလျှော့မှုတစ်ခုခုကို လုပ်ပေးသင့်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတဦးက သုံးသပ်ပြောပြပါတယ်။

#VOM #voiceofmyanmar #စက်ရုံအလုပ်ရုံအလုပ်သမားတွေ

Related posts

Leave a Comment

VOM News

FREE
VIEW