ထောင့်သုံးရာရှစ်ခုနှစ် သင်္ကြန်ရေ(၁)

×××××××××××××××××××××××××××

ဆူးငှက်

“အေးအေးချမ်းချမ်း လောင်းစမ်းသင်္ကြန်ရေ
မာပါစေ … တောင်းဆုကိုချွေ။
ဖျန်းပက်သူတို့၊ ယဉ်စစချောနွဲ့နွှဲ့လုံမေ …
ထောင့်သုံးရာရှစ်ခုနစ် သင်္ကြန်ရေ …
စွတ်သူစိုသူ ကြည်ဖြူစွာလေ …
စိတ်မှာထင်မြင် ရစင်တွေဖျန်း
မောင်ရင်းပမာတမ်းတသူတွေ …”

(မြို့မငြိမ်း)

ကောဇာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် ကုန်ဆုံးချိန် (၁၉၄၇ခုနှစ်)သင်္ကြန်သည် စစ်ကြီးပြီးနောက် မန္တလေး၌ ပထမဦးဆုံး ပြန်လည်စည်ကား အားတက်လာသော သင်္ကြန်လည်း ဖြစ်ပေ၏။

စစ်ကြီးမတိုင်မီက ခြိမ့်ခြိမ့်သည်း ဆင်နွှဲခဲ့သော မန္တလေးသင်္ကြန်သည် စစ်ကြီးကြောင့် အရှိန်အဟုန်
ရပ်တန့်သွားခဲ့သည်။ ၁၉၄၅၊ ၁၉၄၆တွင် ပြန်လည်စုစည်း အားယူခဲ့ကြရသည်။ ထို့နောက် ၁၉၄၇ ခုနှစ်မြန်မာသက္ကရာဇ် ၁၃ဝ၈ ခုနှစ် သင်္ကြန်တွင် စိတ်သစ်၊ လူသစ်၊အားမာန်သစ်ဖြင့် အကသင်္ကြန်၊ အလှသင်္ကြန်၊ ဂီတသင်္ကြန်ကြီးအသွင် အပြိုင်အဆိုင် ဖူးပွင့်ကြဖို့ ၁၉၄၇ ခုနှစ်ဆန်းကတည်းက စီစဉ်ခဲ့ကြတော့၏။

လက်ဟောင်း အသင်းကြီးများဖြစ်သော မြို့မ၊ ရှုတိုင်းယဉ်၊ နန်းရှေ့မောင်၊ကျာင်းတော် ဗဟို၊ ထီလာမောင် စသောအသင်းများအပြင် ရွာဟိုင်းဈေးမှ ခင့်ကိုကို၊ရွှေလက်ဝါးစသည့် အသင်းများကလည်း ကြိုတင်ပြင်ဆင်လာကြ၏။

သင်္ကြန်အစဉ်အလာအတိုင်း သီချင်း၊ သံချပ်၊ အကမှအစ အလှပြကား၊ အလှပြမဏ္ဍပ် အပြင်အဆင် ဒီဇိုင်းအထိ တစ်သင်းနှင့်တစ်သင်း အပြိုင်အဆိုင် ဆင်နွှဲကြခြင်းဖြစ်ရာ အနိုင်မခံစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး အကျော့မပေးစတမ်း ယှဉ်ပြိုင်ကြခြင်းဖြစ်၏။ ထို့ကြောင့် သီချင်းများကို ကျိတ်စပ်ကြသည်။ တီးလုံးများကို ကျိတ်တိုက်ကြသည်။ အလှပြကား၊ အလှပြမဏ္ဍပ်ဒီဇိုင်းများ ကျိတ်၍ရေးဆွဲကြ ဆင်ကြသည်။ ဘယ်သီချင်းတွေ ဘယ်အသင်းကရေးစပ်နေကြပြီဆိုသည့် သတင်းများကလည်း သင်္ကြန်မတိုင်မီ ခေတ်အစားဆုံး သတင်းများဖြစ်နေတော့သည်။

ဒီနှစ် ‘မြို့မ’က သီဆိုမည့် သီချင်းတဲ့ဟု ဆိုကာ တစ်ပိုဒ်တလေလောက် ရွတ်ဆိုပြနိုင်လျှင်ပင် မျက်နှာ ပွင့်လန်းလှသည်။ သင်္ကြန်သီချင်း၊ သင်္ကြန်အသင်းများနှင့် ပတ်သက်ပြီး မြို့လူထုက ပါးစပ်တပြင်ပြင် အသိချင်ဆုံးသတင်းဖြစ်နေသောအခါ မန္တလေးမြို့ထုတ် သတင်းစာများကလည်း ထိုသတင်းကိုလိုက်ကာ ဦးဆုံးဖော်ပြနိုင်အောင် ကြိုးစားကြတော့သည်။ ထို့ကြောင့်လည်း မန္တလေးမြို့ထုတ် လူထုသတင်းစာက ၁၉၄၇ ခုနှစ်၊ ဧပြီလပထမပတ် (၁၃ဝ၈ ခုနှစ် နှောင်းတန်ခူးလပြည့်ကျော်)မှစ၍ မျက်နှာဖုံးစာမျက်နှာပင် မန္တလေးသင်္ကြန်အဖွဲ့များ၏သတင်းကို အလှပြကားပုံစံဒီဇိုင်း၊ သီချင်း၊ သံချပ်စာသားများဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခဲ့သည်။

၁၉၄၇ ခုနှစ်၊ ဧပြီလ ၁ဝ ရက်(၁၃ဝ၈ ခုနှစ် နှောင်းတန်ခူးလဆုတ် ၅ရက်)နေ့ထုတ် လူထုသတင်းစာတွင်’ခမ်းနားမည့် မန်းမြို့ရေသဘင်’ ဟူသောခေါင်းစည်းဖြင့် မြို့မ ကိုဘငွေ ရေးဆွဲသော မြို့မအလှပြယာဉ်ပုံ ဘလောက်ဒီဇိုင်းနှင့်အတူ ‘မြို့မသဘင်တေးအညွန့်အဖူးကလေးများ’ ခေါင်းစဉ်အောက်မှ သီချင်းစာသားများကို ရိုက်နှိပ်ဖော်ပြပေးထားသည်။ ထို့ပြင် မြို့မရေသဘင်အဖွဲ့သားများထိုးမည့် သံချပ်စာသားများပင် ဖော်ပြထားပါ၏။ ထိုရက်ပိုင်းများက လူထုသတင်းစာတွင် နန်းရှေ့ရေသဘင်အသင်း၏ ‘လွတ်လပ်ရေးကိုတိုက်ယူမယ်’ ဟူသော အဓိပ္ပာယ်ပါရှိသည့် အမြောက်များတပ်ဆင်ထားသော တိုက်ရေယာဉ်ကြီးပုံ အလှပြကား၊ မြန်မာ့ဦးစွန်း အမှတ်အသား ဒေါင်းရုပ်ကြီး ဆင်ယင်ထားသော ရွာဟိုင်းဈေးမှ ခင့်ကိုကို အလှပြကား၊ လွတ်လပ်ပြီး ခေတ်မီနိုင်ငံသစ်၌ ခေတ်မီအတတ်ပညာကိုဖော်ညွှန်းသည့် ရှုတိုင်းယဉ်အဖွဲ့၏ အာကာသယာဉ်ပုံစံ အလှပြင်ကား၊ ရွှေလက်ဝါးဆေးတိုက်မှ ဒုံးပျံပုံအလှပြကားများ၏ ဒီဇိုင်းပုံနှင့် သီချင်းများ၊ သံချပ်များကိုလည်း တစ်ရက်စီထည့်သွင်းဖော်ပြထားပါသေးသည်။

“ပျော်ပျော်ရွှင်ရွှင် ခင်ခင်မင်မင် တွေ့ပေါ့ ဒီနှစ်တွင် ..
အလှဘုရင်တွေ တိုးလို့သာနေ … မြို့မမောင်တွေ အံ့အားသင့်ပါရဲ့ လှရက်ပါပေ့ .. မန်းမြို့ဂုဏ်ပေ
အမြဲပဲထာဝစဉ် မြို့မမြို့မ မန်းမြို့ရဲ့ ချစ်သည်းစွဲလို့လေအဆင့်ဆင့် အစ်ကိုတွေ၊ မောင်ကလေးများပေ။
နှမတွေ၊ အစ်မတွေ ခင်မင်သူ ကြီးကြီးတို့ ကျန်းမာချမ်းသာရှိကြပါစေသော်”
ဆရာမြို့မငြိမ်း၏ ခန့်ညားလှသော သီချင်းစာသားများနှင့်အတူ သံစုံတီးမှုတ်လာသော တေးသွားကို ကြားရသူတိုင်း ကြက်သီးမွေးညင်း ထကြရသည်။

မြို့မက ငွေငန်းအလှပြင်ယာဉ်ကို ပြင်ဆင်ထားသည်ကလည်း ထိုနှစ်က ထူးခြားလှပ ဆန်းသစ်နေသည်။ ငွေဖြူရောင် ဖိတ်ဖိတ်တောက် ငန်းကြီး၏ ရင်အုပ်နှင့် ဦးခေါင်းပိုင်းကကား ခေါင်းအပြည့် နေရာယူထားသည်။ ထုပုံဖော်ထားသော ငန်းတောင်များက ကား၏ဘေးတစ်ဖက်တစ်ချက်စီတွင် အဆင့်၃ဆင့်ဖြင့် ကားအမြီးပိုင်းအထိ ဆင်ယင်ထား၏။ ကားအမြီးမှာက အခါတိုင်းနှစ်တွေလို အဆင့်ဆင့် စင့်မြင့်မပါ။ ကားအလယ်ခေါင်းမှာပဲ အလျားလိုက် စင်မြင့်ဆင်ပြီး အသင်းသားများက ထိုအပေါ်မှ တီးမှုတ်ကြသည်။ ကားတစ်စင်းလုံး ဝိုက်မိုးထားသော ငန်းရုပ်ကြီးအောက်တွင်မှ ရေခံထည်ကို ဆင်ထားသည်။ လေးထောင့်စပ်စပ် ရေခံထည်မှာ အောက်ဆုံးမှ ပဉ္စဂံပုံတုံးကလေးတွေ ပတ်လည် ကပ်ရိုက်ထားသည်။ ပဉ္စဂံတုံးလေးများအပေါ်မှ အပြာလွင်လွင် ရေလှိုင်းငြိမ့်ငြိမ့် ရှိသည်။ အပေါ်မှာကအဖြူ၊ အပြာနု၊ အစိမ်းနုနှင့် အပြာလွင်လွင် လှိုင်းချိတ်ဆင်တွေ တင်ထားသည်။ လှိုင်းချိတ်ဆင်လေးတွေ အထက်တွင် အပြာရင့် လှိုင်းထူထူနှင့် အပေါ်ကလှိုင်းခေါင်းဖူဖွေးဖွေးတွေ လှုပ်ရှားနေပုံဖော်ထား၏။ လှိုင်းခေါင်းဖြူတွေအပေါ်မှာ စိမ်းနုရောင်ကို ရေခံထည်ပြင်ညီအတိုင်း အပြည့်ခြယ်သထားသည်။ ကား၏ရှေ့တည့်တည့်မှာက ငန်းရင်အုပ်အောက်မှ ရေခံထည်ကို လေးထောင့် တည့်ချိုးထား၏။ လှိုင်းတွေက ရှေ့ကတည့်တည့် အလယ်ခေါင်မှာ ဆုံထားပြီး မြို့မအဝိုင်းတံဆိပ်ကို တပ်ဆင်ထားသည်။ ယနေ့အထိ အစဉ်တစိုက် သုံးစွဲနေသော ‘မြို့မ’ဒီဇိုင်း၊ စာလုံးကို ရှုမဝဦးဘငွေ၊ ပန်းချီဦးဘသက်တို့က စတင်တီထွင်ခဲ့ပြီး ပန်းချီဦးဘရင်ကလေးက နောက်ဆုံး လက်စသတ်ခဲ့သည့် စာလုံးပုံစံဖြစ်သည်ဟု ဆို၏။ အလှပြယာဉ်ပေါ်တွင် တိုင်များဖြင့် ထိပ်၌ ကြွေမီးလုံးများ တပ်ဆင်ကာ မီးလုံးတိုင်များ တစ်တိုင်နှင့်တစ်တိုင်ကို မီးလုံးကုံးများဖြင့် သွယ်တန်းထား၏။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW