ဆူးငှက်
မန္တလေးမြို့ မြို့မတူရိယာအသင်း၏ နတ်နေကိုင်းများဖြစ်ပြီး ဂီတထီးချက်စောင့် နတ်သားကြီးများဟု
တင်စားခံခဲ့ကြရသော ရှေးရှေးကဆရာကြီးများသည် သီချင်းရေးစပ်ခြင်း ဂီတအလုပ်သာမက အသင်းကောင်းရာကောင်းကျိုးအတွက် ဆုံးမစကားများကိုပင် သီချင်းများ၌ ထည့်သွင်းရေးစပ်ပေးခဲ့ကြသည်။
အသင်းသားများက သီချင်းများနှင့် ပတ်သက်ပြီး သူတို့ မှတ်မိရာ သင်္ကေတများနှင့် မှတ်သားလေ့ ရှိကြသည်။
ဥပမာ- အာစရိ (၁)၊(၂)ဟုခါ်လေ့ရှိသည့် သီချင်းများသည် ဆရာမြို့မငြိမ်းရးစပ်ခဲ့သော သီချင်းများဖြစ်သည်။ ထိုသီချင်းများက မေတ္တာပို့သီချင်းများဖြစ်ပါ၏။ မေတ္တာပို့ သီချင်းများတွင် “မင်းတို့ မြို့မအသင်းသားတွေ ကိုယ့်ကျေးဇူးရှင် ပရိသတ်ကြီးကို ဘယ်လိုမေတ္တာပို့ရတယ်၊ ကိုယ့်ကိုကြည့်ရှုစောင်မ အားပေးတဲ့ ပရိသတ်ကြီးရဲ့ဆန္ဒနဲ့ လိုလားချက်ကို ဆန့်ကျင်ဖို့မထားနဲ့ လျစ်လျူတောင် မပြုရဘူး၊ ပရိသတ်နဲ့ ဆန့်ကျင်ဘက် မဖြစ်ရဘူး” ဆိုသည်များကို လမ်းညွှန်ထားခြင်းဖြစ်သည်။ ထိုမျှမက လူသားအချင်းချင်း ဘယ်လိုဘယ်သို့ နေထိုင်ဆက်ဆံရမယ် ဆိုတာမျိုးတွေကိုလည်း သီချင်းများတစ်ဆင့် သြဝါဒပေးထားသည်။
အသင်းအနေဖြင့် ဆက်ဆံရေးကောင်းမွန် သဘောမနောကောင်းပြီး အားလုံးအပေါ်မှာ မေတ္တာထားပြီး ဖျော်ဖြေမည်ဆိုလျှင် တီးလုံးတီးကွက် ညံ့ဖျင်းနေတာကိုပင် ခွင့်လွှတ်ကြမှာပါဆိုတာမျိုးအထိ ထည့်သွင်း ရေးစပ်ကာ အသင်းကို သတိပေးခဲ့သည်များလည်း ရှိခဲ့သည်။
××××× ×××××
တကယ်တော့ အညာဒေသမှာက တန်ခူးလကုန် ကဆုန်လဆန်ဆိုတာ ခြစ်ခြစ်တောက် အပူရှိန်ဖြင့် စွေ့စွေ့ခုန်နေရသော ကာလဖြစ်သည်။ “ကဆုန် နယုန်စွေ့စွေ့ခုန်” သတဲ့ ။ “နယုန်မိုးသေး၊မြက်သားမွေး” တဲ့။ နယုန်ရောက်ပါမှ မိုးဖွဲဖွဲရွာစေသည်။ တစ်ခါတစ်ရံ မပြောမဆိုနှင့် မိုးသားတွေ အုံ့မှိုင်းဆိုင်းတက်လာချင် လာတတ်သည်။
သည်လိုဆိုလျှင် ရန်ကင်းတောင်နှင့် ရိုးမကြား ကောက်ကြောင်းပျောက်ကာ ခဲသားရောင်ထူပြိန်းနေတတ်သည်။
အရင်ကတော့ ကဆုန်လဆန်း (၁၄)ရက် သဲပုံစေတီပွဲ အခါသမယမှာသာ မိုးရွာသည်ဟု လူကြီးသူမတွေပြောခဲ့ဖူး၏။ အခုတော့ မဟုတ်ပေါင်…။ မရွာမှနေရော..၊ ရွာပြန်လျှင်လည်း ရွာပုံရွာနည်းကလည်း အရင်က ရွာပုံမျိုး မဟုတ်တော့။ လေရော မိုးရော မိုးသီးမိုးကြိုးရော မထင်မှတ်ဘဲ ရုတ်ချည်း တိုက်စစ်ဆင်လာပုံမျိုးဖြစ်သည်။ “ရှစ်ခွင်တိုင်း အုံ့မှိုင်းမည်းညို” ဟုပြောရမလို ….။ ဒေါသတကြီး ….။ အသူရာနှင့်သိကြားမင်း စစ်ခင်းပုံကလည်း ပြီးမပြီးနိုင်။ ငယ်စဉ်ကတည်းက အခုလိုမိုးတွေညို့လာရင်ဖြင့် တံစက်မြိတ်မှ မိုးစက်ဖြောက်ဖြောက်သံတွင် အမေ့ရင်ခွင်ကြားတိုးဝှေ့ပြီး “အသူရာနှင့်သိကြား” စီးချင်းထိုးကြ၊ အုံနှင့်ကျင်းနှင့် အသိုင်းနှင့်အဝန်းနှင့် စစ်ခင်းကြသည့် ပုံပြင်ကို နားထောင်ရတာ အရသာရှိလှသည်။ ငယ်ငယ်ကတည်းက စစ်ပွဲ ….။ အခုထိမပြီးစီးနိုင်တော့ …။
သိကြားမင်းက သူ့ဝရဇိန်လက်နက်ကို ပန်းထိမ်မှာပင် ထားလေသလားဟု အငေါ်တူးစကား ဆိုလာသူတွေကို
ချေပလိုဟန်ထင့်။ ထစ်ခနဲရှိ အသူရာကိုပင် တဒိန်းဒိန်း ပစ်ခတ်နေပြန်၏။ ကောင်းကင်တစ်ခွင်လုံး ဝင်းခနဲ လက်ခနဲ။ ထို့နောက် ထစ်ချုန်းသံတွေ ပေါက်ကွဲမြည်ဟည်း။ အရင်က မိုးကလေးစိမ့်တာနှင့် အိမ်ပိတ်၊ ဆိုင်ပိတ်၊ ကျောင်းနား၊ အလုပ်နားကာ မိုးကို မုန်းမိုးစွေခဲ့သော မန္တလေးလည်း အခုတော့ ဘာတတ်နိုင်သေးလဲ။ သည်မိုးမှောင်တုန်း မောင်ပုန်းလို့လည်းမရ။ ပြိုမှာလေလား မိုးရဲ့လို့ ငြိုးမာန်ဖွဲ့လို့လည်း မရ။ မိုးရွာထဲ မိုးအေးသောကြောင့် အပူလျှော့သည်။ ဒါက ဝမ်းသာစရာ။ မိုးအေးသောကြောင့် ဆည်ရေ ကန်ချောင်းပြည့်ဖောင်းသည်။ မိုးအေးသောကြောင့် မီးရေးထင်းရေး စိတ်အေးရ၏။ မိုးကြောင့် ရုပ်ဝတ္ထုအပူတွေလျာ့ပါး၊ အေးမြသွားစေချင်သည်။ သည်မိုးကြောင့် ရင်တွင်းအပူတွေလည်းလျာ့ပါးစေချင်သည်။ သည်မိုးကြောင့် လောဘအပူ၊ မောဟအပူ၊ ဒေါသအပူတွေလည်း လျာ့ပါးစေချင်၏။ လျော့ပါး ….၊ လျော့ပါး ….၊ ဖြည်းဖြည်းချင်းပျောက်ကွယ်…..။ ဒါမှ … မေတ္တာမိုးရေ အစစ်အမှန်ဖြစ်ချေမည်။
မိုး …. မိုး …. ရွာလိုက်ပါတော့ မိုး …..။
ရွာသော မိုးတိုင်း မေတ္တာမိုးရေမိုးစက်များချည်း ဖြစ်လိုက်စမ်းပါဘိ ….။ ဂျိုးဂျိုးဂျိမ့်ဂျိမ့် ထစ်ချုန်းမည်ဟည်းလာပြန်သည်။ ဝရဇိန်လက်နက်က တဝင်းဝင်း ….၊ အသူရာနှင့် သိကြားမင်းလည်း စစ်ခင်း၍ မပြီးနိုင်သေး ….။ မည်သို့ဆိုစေ.. ၊ ပြည်ရွာအနှံ့မေတ္တာမိုးရေ ဖြိုင်ဖြိုင် သွန်းဖြိုးစေလိုတော့သည်။
မေတ္တာမိုးရေ (မြို့မငြိမ်း)
– နွယ်ပန်းသွယ်တန်း ခူးသန်းယှက်လိန် ပာရီမိန်လာ
မြခဲပုလဲသန္တာ… တိမ်ဆေးစုံ၊ ခြယ်လှယ်မှုန်းကာ ….
ထစ်ချုန်းတံပိုး၊ မရိုးစည်၊ ဆော်ညိုးညံ၊ သာညင်းသာ …. မေဃဝန်ရေတံခွန် … မေတ္တာမိုး၊ သွန်းဖြိုးစွေကာရွာ ….
– သဘာဝအကြည်နှိုးတဲ့ကာ သားမျိုးငှက်မျိုးအပေါင်းတို့ပါ ချစ်တေးအေးအေးမြမြ သီကာသီကာပျော်ရွှင်ကြတာ… ပြသာဒစက္ခုရှုခင်းတောတောင်ရေမြေသာသာယာယာ ခက်ဖြာညွန့်ဝေမိုးရေဆွတ်ဖျန်းလန်းဆန်းစိုပြေစွာ..။
– သြဒိသရည်ရွယ် ပတ္တနာမေတ္တာရေထူးမိုးသို့နူးကာ
အပူမောင်းထုတ်နှင်မှာအစဉ်ချမ်းမြေ့ကြည်သာ…
– လိုတရစိတ်တိုင်းကျကာ သာကကင်းဝေး မာမာဆာဆာ ကိုယ်စိတ်ချမ်းသာဆင့်ကာမြင့်လျက် တိုးတက် ကျက်သရေဖြာ..။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး