ပုထိုးတော်ကြီး ညောင်ရေသွန်းပွဲ

ဆူးငှက်

“ကြားမရှုပ်နဲ့ ငြိမ်ပေး … ငြိမ်ပေး
ဝါးလခုပ်က စိန်ဌေး … စိန်ဌေး၊

လာသမျှ ထိပ်ဆုံး …. ထိပ်ဆုံး
ဆရာက မိတ်ထုံး …. မိတ်ထုံး၊

အထင်းသားဗျ တူး …. တူး
လကွင်းသမားက ဖိုးထူး …. ဖိုးထူး၊

ရှိန်ဖြိုးညီစွ အဝေးရှောင် …. အဝေးရှောင်
စိန်အိုးစည်က ဌးမောင် …. ဌးမောင်

ကိုပုကိုငယ် တးတစ်သွယ် ….
ကိုကြွယ်လိုလည်း မူတတ်ပါရဲ့၊

ကိုသန့် ကိုဉာဏ် တစ်မျိုးကြံ …
အဖိုးတန်အောင် ညွန့်တက်ပါရဲ့၊

ပိဋကတ်အောင် …. စာတစ်စောင်
ဆရာမောင်လို … ကွန့်တတ်ပါရဲ့၊

ပာစရာအပေါင်း မာစရာကောင်း
သြဘာသောင်းလို … ကလိတတ်ပါရဲ့၊

အလှကလေးမဒီ … ညရေးအမီ
မအေးကြည်လို …. ချွဲတတ်ပါရဲ့၊

ပြေရွာသာစည် … သွေခွာပြီ
လေဘာတီလို …. တတ်ပါရဲ့၊

အိုးစည် …. အိုးစည် အိုးစည်သားဗျ၊
လူရေ … လူရေ လူရေခြားသဗျ

တ ဝမ်းပူလေး နှစ်ချောင်းငင်
တူမယ်ထင်ရင် … ယှဉ်စမ်းတော့လား

ဟေ့မိုးလား …. ဟေ့လေလေား
ဟေလာ …. မောင်ရို့ဝါး …”

အိုးစည်လက်သံကပိပိနှင့် ဟိန်းကာထွက်လာသည်။ အဆို့ အပိတ် အဖိအဖော့တွေ ပါ၏။ လက်ကျက အသံကုန်ထွက်သည်။ အမရပူရ ပုထိုးတော်ကြီးဘုရားညာင်ရေသွန်းပွဲကား ကဆုန်လပြည့်နေ့တွင် အစည်ကားဆုံး ပွဲတစ်ပွဲဖြစ်၏။ ကပ်ကျော်ကွေ့မှာကတည်းက လှည်းတန်းကြီးတွေ့ရသည်။

ပုထိုးတော်ကြီးဘုရား ရင်ပြင်တော်ရှေ့ လက်ပံပင်ကြီးအောက်၌ အိုးစည်အဖွဲ့တစ်ဖွဲ့ တီးမှုတ်နေသည်။ အိုးစည်ကိုင်က ပထမဆုံးအိုးစည်ကို ပတ်စာကပ်ပြီး ထုံရော၊ ဒေါင်ရော တီးကာ လူးနေမြူးနေသည်။ ပတ်စာညီတော့မှ လကွင်းသမားက ဝင်စမ်းသည်။ဆရာသည်ကို မကိုင်သေးဘဲ ပုလွေကလေးကို ပင့်ကူမှေးလေး ကပ်ပြီး အသံစမ်းသည်။ အိုးစည်မင်းသားသည် ထိုအခါမှ နေထွက်ရာအရှေ့ဘက်လှည့်ပြီး ထောင်ရောင်နေကသာ ရွှေဘုန်းဝင်း ညွတ်ခလာရာမင်းမင်း ဟု သီချင်းခံကို ဆိုလိုက်မှ အိုးစည်က တို့ကာ ခေါ်တီးလေး တီးပေးလိုက်သည်။ ရာမင်းမင်း အပြီး၌ ကိုကောက် မှုတ်သည်။ အိုးစည်က ပတ်ဆစ်ချိုး တီးပေးသည်။ ထိုအခါ ဝိုင်းတော် သားများက ညာသံပေးကာ အခေါ်တီးကို မြိုင်မြိုင်ကြီး တီး၏။ ထောင်ရောင်နေပြီး ရွှေတညာ တီးသည်။ ရွှေတညာပြီးမှ အိုးစည်ချင်း ကို သီဆို၏။
“နန်းသုံးတော်ခံ ငယ်ကျွန်ရံက စည်တော်သား
ယဉ်ကျေးသည် ပညာ၊ ဘွဲ့ပုံဘွဲ့ပုံ နိုင်းတယ်
ကျွန်ရင်းလေး မှန်လှပါ။
ဟေလား ယာက်ျား ဘသားလေးလေး …”
အိုးစည်ချင်း ဆွဲဆိုအပြီး ထုံနှင့် အယိုင်ကို တွဲတီး၏။ ထို့နောက် သံချပ်ထိုးကြသည်။ အိုးစည်ဝိုင်းက အားလုံးကို ဆွဲဆောင်ထားလိုက်သည်။ အထူးသဖြင့် အိုးစည်သမား၏ လက်သံနှင့် ဟန်ပန်များက ထူးချွန်ပြောင်မြောက်နေ၏။

မန္တလေးက နာမည်ကြီး အိုးစည်ဝိုင်းတွေ အတော်များများ လာရောက်ကြသည်။ မာရဘင်အိုးစည်၊ နန်းတော်ရှေ့အိုးစည်၊ ရှေ့တော်ပြေးအိုးစည်အဖွဲ့များအပြင် ရန်မျိုးလုံ၊ ဟော်ကုန်း၊ ညောင်ပင်ဈေး၊ တောင်ရွာသစ်၊ မြောက်ရွာသစ်၊ ဖျာတန်း၊ မြောက်ပြင်အိုးဘိုရပ်၊ အင်းဝအိုးစည်၊ လှည်းတန်းအိုးစည်၊ အနှိပ်တော်အိုးစည်၊ နောက်တိုးအိုးစည်၊ ရွေးတန်းအိုးစည်၊ တောင်သမန်အိုးစည်..စသည်ဖြင့် အတော်များများ လာရောက်ကြသည်။

သရက်တစ်ပင်အဖွဲ့မှ အိုးစည်သမားက ပွဲစကတည်းက လမိုင်းကပ်နေသည်။ လက်ဝါး လက်သီးသာမက တံတောင်တွေ ဒူးတွေပါ ပါ၏။ က ရင်း တီးနေသည်ဟု ထင်ရအောင် ဟန်ပါလှသည်။ ဖနောင့်နှင့်ပင် တီးလိုက်သးသည်။ သည်အဖွဲ့က ရတနာပုံဆီစက်ပိုင် သူဌေး ဦးသိန်းရဲ့ ပထမရွှေတံဆိပ်ဆုပင် ရထားသေးသတဲ့ ….။ မန္တလေး၏ မြို့မျက်နှာဖုံး သူဌေးတစ်ဦးဖြစ်သော ရတနာပုံဆီစက်ပိုင် သူဌေး ဦးသိန်းက သူ၏ အလှူတွင် အိုးစည်ပြိုင်ပွဲပင် ကျင်းပပေးခဲ့ ရလောက်အောင် မန္တလေးအနီးဝန်းကျင်တွင် အိုးစည်အဖွဲ့များ ထွန်းကားခဲ့သည်။

အိုးစည်တွင်မဟုတ်။ မြန်မာ့ရိုးရာဓလေ့တစ်ခုဖြစ်သော ဒိုးပတ်ဝိုင်းတွေလည်း အပြိုင်းအရိုင်း ထွန်းကားခဲ့သတဲ့။ အိုးစည်ဝိုင်းက မြန်မာသံတွင် မြန်မာအဆန်ဆုံး အသံဖြစ်သည်သာမက မြူးကြစို့ဆိုလျှင် အသံကြားသည်နှင့် ထ က ချင်လောက်အောင်ပျာ်မြူးစေသော အာနိသင် အပြည့်ရှိသည်။ အိုးစည်ဝိုင်း ကြေးစားနည်းသည်။ တကယ့် အပျော်တမ်းဝိုင်းဖြစ်၏။ လူငယ်လူရွယ်တွေ အများစု ပါဝင်ကြလေ့ရှိသည်။ တူရိယာအနေနှင့်လည်း ရှုပ်ရှုပ်ပွေပွေမရှိ။ အိုးစည်၊ ပလွေ၊ လင်းကွင်း၊ ဝါး ဒါပဲဖြစ်သည်။ တချို့က ပလွေအစားထည့်သည်။ ဂီတအထုံမပါလို့ မတီးတတ်လျှင်သော်မှ အများနည်းတူ ဝါးကို ပြိုင်တူလိုက်ရင်း ‘ဟေးလာ..မောင်ရို့ဝါး..’ ဟု ပျော်နိုင်သည့် အခွင့်အရေးရှိသော တူရိယာဝိုင်းဖြစ်သည်။

ထို့ကြောင့် အရင်က မန္တလေး၏ ရပ်ကွက်တိုင်းတွင် အိုးစည်ဝိုင်းရှိပြီး မြူးကြွသော အိုးစည်သံကို ဗုဒ္ဓဝေယျာဝစ္စပွဲလမ်းတိုင်း၌ ကြားနေရသည်။ ထိုသို့ အပျော်တမ်းအိုးစည်ဝိုင်းများသာမက မာရဘင်အိုးစည်၊ နန်းတော်ရှေ့အိုးစည်၊ ရှေ့တော်ပြေးအိုးစည်အဖွဲ့များကဲ့သို့
မင်းခမ်းမင်းနားများမှာပင် အစဉ်အဆက် ပါဝင်ခဲ့ကြသည့် ထီးသုံးနန်းသုံးတော်ဝင် အိုးစည်အဖွဲ့များလည်း ပါတော်မူပြီးနောက် နှောင်းခေတ်အထိ တည်ရှိခဲ့ခြင်းကလည်း မန္တလေး၏ ထူးခြားမှုတစ်ခုဖြစ်သည်။

အိုးစည်တွင် လင်ကွင်းနှင့် အိုးစည်က အရေးကြီးသည်ဆိုငြားက ခေါင်းဆောင်ရသည်။ ရှေ့မှခင်းပေးရတာကောင်းလေ အိုးစည်တီးကွက်ကောင်းလေ လင်းကွင်း၏ အဆို့ အပိတ် အရှပ်တို့ကောင်းလေဖြစ်သည်။ အိုးစည်သားက ကတ္တီပါဘောင်းဘီပုဆိုးခါးပုံကျ ခါးတောင်းကျိုက်၊ အင်္ကျီလက်တိုဝတ်ကာ မင်းသားကြီးယောင်နှင့် ဝတ်စားကြသည်။ အိုးစည်က မှန်စီရွှေချ၊ စည်မျက်နှာဝ ပန်းကုံးမှာ ဆတ်တွန့်စေရစ်သည်။ ပန်းကုံးစည်းမှာ ရွှေချည်ငွေချည် ပန်းပွားများဆွဲထားသည်။ လင်းကွင်းကလည်း နှစ်တောင့်ထွာလောက်ရှည်သည့် ပန်းပွားပါသည်။ ထိုစဉ်က အိုးစည်အဖွဲ့တွေ ခေတ်စားတော့ အငြိမ့်မင်းသမီး မစိန်ဆင်ကလည်း မင်းသားလတ်ကရင်း အငြိမ့်စင်ပေါ် အိုးစည်တီးသတဲ့။

ကောဇာသက္ကရာဇ် ၁၁၈၁ခုနှစ်တွင် ဘကြီးတော်မင်းတည်တော်မူခဲ့သော အမရပူရမြို့က ပုထိုးတော်ကြီး ဘုရား၏ ကဆုန်ညောင်ရေသွန်းပွဲကား ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပဆဲဖြစ်သော်လည်း တစ်ခေတ်တစ်ခါက ထင်ရှားခဲ့သော အိုးစည်ပြိုင်ပွဲကား ပျောက်ကွယ်ခဲ့တာ ကြာပေပြီ။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW