အိုမီခရွန်မျိုးကွဲကို ကာကွယ်ဖို့ နှာခေါင်းစည်းတပ်ဆင်ပါ

သွေး (စစ်ကိုင်း)

မြန်မာနိုင်ငံမှာ ကိုဗစ် 19 ရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းလာပြီ ဆိုပေမယ့် လုံးဝစိတ်ချရတဲ့ အနေအထားထိ
မရောက်သေးပါဘူး။ ကမ္ဘာတဝှမ်းမှာလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ ဆက်လက်လုပ်ဆောင်နေတဲ့ အတောအတွင်းမှာပဲ ကူးစက်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။

ကိုဗစ်မျိုးကွဲတွေကလည်း တစ်မျိုးပြီး တစ်မျိုး ထွက်ပေါ်လာနေတဲ့အတွက် ကာကွယ်ဆေးတွေရဲ့
ခုခံနိုင်စမ်း လျော့နည်းသွားမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိနေဆဲပါ။

သိပ်မကြာသေးမီကပဲ BA.4 နဲ့ BA.5 လို့ ခေါ်တဲ့ ကိုဗစ်မျိုးကွဲ နှစ်မျိုးကို အမေရိကန်ပြည်ထောင်စုမှာ
ခြေရာခံမိခဲ့ပါတယ်။ အဲဒီမျိုးကွဲတွေဟာ မူလ အိုမီခရွန်မျိုးကွဲထက်ပိုပြီး ကူးစက်နိုင်ခြေရှိတယ်လို့ ကျန်းမာရေးပညာရှင်တွေက ယူဆနေသလို အမေရိကန်မှာ နောက်ထပ် ကိုဗစ်လှိုင်း တစ်လှိုင်း ထပ်ဖြစ်လာမလားလို့ ပူပန်နေကြပါတယ်။

BA.4 နဲ့ BA.5 ဟာ မူအိုမီခရွန် မျိုးကွဲ BA.1 လိုပဲ စတင်တွေ့ရှိရတဲ့ နေရာက တောင်အာဖရိကမှာ ဖြစ်ပါတယ်။ ထူးခြားချက်က တောင်အာဖရိကနိုင်ငံမှာ လူတော်တော်များများက ကာကွယ်ဆေးထိုးပြီး ဖြစ်တာကြောင့် ကာကွယ်ဆေးတွေရဲ့ ခုခံနိုင်စွမ်း လျော့နည်းသွားစေတာလား သံသယဝင်စရာပါ။
တောင်အာဖရိကရဲ့ National Institute for Communicable Diseases က တစ်ရက်တည်းမှာပဲ
ကိုဗစ်ကူးစက်မှု ၄၀၀၀ နီးပါး တွေ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာနရဲ့ အဆိုအရ အမေရိကန် လူဦးရေ ၆၆ ဒသမ ၂ရာခိုင်နှုန်းက ကာကွယ်ဆေး ထိုးနှံပြီးပြီလို့ သိရပါတယ်။ ကိုယ်ပျောက် အိုမီခရွန်လို့ ပြောကြတဲ့ BA.2 ထက်စာရင် BA.4 နဲ့ BA.5 က ပိုပြီး ကူးစက်နိုင်‌ခြေများတယ်လို့ ဆိုပါတယ်။ ရောဂါလက္ခဏာတွေကတော့ တခြား အိုမီခရွန်မျိုးကွဲ ကူးစက်မှု လက္ခဏာတွေနဲ့ ဆင်တူပါတယ်။

အာဖရိက ကျန်းမာရေး သုတေသနသိပ္ပံမှ အဲလက်ဆီဂယ် (Alex Sigal)က – “ခင်ဗျားဟာ ကိုဗစ်ကာကွယ်ဆေး တစ်လုံးမှ ထိုးမထားရသေးဘူးဆိုရင် BA.4 နဲ့ BA.5 ကို ခုခံဖို့ ကိုယ်ခံအား ရှိမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ worldometer ရဲ့ စာရင်းအရ အမေရိကန်နိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးခဲ့ရသူ လူဦးရေ ၁ သန်း ကျော်သွားပါပြီ။ ကမ္ဘာတဝှမ်းလုံးမှာ တညီတညွတ်တည်း လက်ခံထားတဲ့ အချက်တစ်ချက်ကတော့ ကိုဗစ် 19 ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်ခြင်းဟာ
အကောင်းဆုံးနဲ့ အထိရောက်ဆုံး ကာကွယ်မှုဆိုတဲ့ အချက်ပါပဲ။

ဘာကြောင့် အရေးကြီးတာလဲ ဆိုတော့ နှာခေါင်းစည်း တပ်ဆင်ခြင်းဟာ ကိုယ့်ဆီကနေ တခြားသူဆီကို
ရောဂါမကူးစက်အောင် ကာကွယ်ပေးသလို ကိုယ့်ဆီကိုလည်း တခြားသူဆီကနေ ရောဂါကူးစက်မှုကို ကာကွယ်ပြီး ဖြစ်နေလို့ပါ။ အထူးသဖြင့် လူထူထပ်တဲ့ ဈေးတွေ၊ ဈေးဝယ်စင်တာတွေကို သွားရောက်သူတွေ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ဖြစ်တဲ့ ဘတ်စ်ကား၊ မီးရထားစီးနင်းသူတွေ၊ ရုံးတက်သူတွေဟာ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ရမှာပါ။ နှာခေါင်းစည်းတပ်ဆင်ဖို့ လိုလားသူတွေ ရှိသလို နှာခေါင်းစည်း တပ်ဆင်ဖို့ ဝန်လေးသူတွေရှိနေတာက နိုင်ငံတိုင်းလိုလိုမှာပါ။

အခုနောက်ဆုံး သိရသလောက် ကိုဗစ်ကူးစက်မှုတွေ မရှိဘူး လို့ ပြောကြားခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ တွေ့ရှိခဲ့တယ်လို့ သိရပြီး အသွားအလာကန့်သတ်မှု Lockdownချမှတ်ထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းကလည်း နည်းပါးနေပါသေးတယ်။ အိုမီခရွန်မျိုးကွဲ ကူးစက်မှုကို တွေ့ခဲ့ရတာဖြစ်ပြီး အိမ်နီးချင်း
တောင်ကိုရီးယားနိုင်ငံမှာလည်း ကိုဗစ်ကူးစက်မှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာလည်း အိုမီခရွန်မျိုးကွဲ ကူးစက်မှုကို ဆက်ရင်ဆိုင်နေရပြီး မေလ ၁၁ ရက်နေ့ တစ်ရက်တည်းမှာပဲ ကူးစက်မှု အသစ် ၃ သောင်းခွဲကျော်ထိ တွေ့ရှိခဲ့ရပါတယ်။

ဒီလို ဆက်လက် ကူးစက်မှုတွေကနေ ကိုဗစ် 19 ဟာ ဘယ်လိုနိုင်ငံ, ဘယ်လို အခြေအနေမှာပဲမဆို ကူးစက်နိုင်ကြောင်း သက်သေပြနေ သလိုပါပဲ။ စိတ်မကောင်းစရာ အချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်မှု လျော့လာပြီ ဆိုပြီး နှာခေါင်းစည်း မတပ်သူတွေ များလာနေတာပါ။ အဲဒီလို ပေါ့လျော့မှုဟာ နောက်ထပ် ကိုဗစ်ကူးစက်မှုတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတာ သတိပြုသင့်ပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတာနဲ့ နှာခေါင်းစည်းတပ်ဖို့ မလိုဘူးလို့ ထင်မှတ်နေသူတွေလည်း အများကြီး ရှိပါတယ်။ တကယ်တော့ ကာကွယ်ဆေးဟာ ကိုဗစ်ဖြစ်လာရင် ရောဂါပြင်းထန်မှု လျော့ကျအောင် ကာကွယ်ပေးတာသာ ဖြစ်ပြီး ကိုဗစ်မဖြစ်အောင် ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့် ဈေးလို လူစည်ကားတဲ့ နေရာတွေကို သွားမယ်ဆိုရင် ဈေးရောင်းသူရော ဈေးဝယ်သူပါ နှာခေါင်းစည်း မဖြစ်မနေ တပ်ရမှာပါ။ ပိုဆိုးတာက နှာခေါင်းစည်းကို မေးစေ့မှာ ချိတ်တာပါပဲ။ အဲဒီလို
မေးစေ့ချိတ်တာဟာ အခန့်မသင့်ရင် မေးစေ့မှာ ရှိနေနိုင်တဲ့ ဗိုင်းရပ်စ်ဟာ နှာခေါင်းနဲ့ ပါးစပ်ထဲကို ဝင်နိုင်ပါတယ်။

လက်ရှိ အသုံးပြုနေကြတဲ့ နှာခေါင်းစည်းတွေထဲမှာ ပြန်အသုံးပြုလို့ရတဲ့ နှာခေါင်းစည်းနဲ့ ပြန်အသုံးပြုလို့
မရတဲ့ တစ်ခါသုံး နှာခေါင်းစည်းရယ်လို့ ရှိပါတယ်။ တစ်ခါသုံး နှာခေါင်းစည်းတွေကို တစ်ခါတပ်ဆင်ပြီးတာနဲ့ စွန့်ပစ်သင့်ပြီး အသစ်တစ်ခု လဲလှယ် အသုံးပြုရမှာပါ။ စိုစွတ်လာတဲ့… ဒါမှမဟုတ် ညစ်ပေလာတဲ့ နှာခေါင်းစည်းတွေကို ဆက်ပြီး အသုံးမပြုသင့်ပါဘူး။ ပိုပြီး သန့်ရှင်းတဲ့၊ခြောက်သွေ့တဲ့ နှာခေါင်းစည်းနဲ့ လဲလှယ်ရမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူအများဆုံး အသုံးပြုကြတဲ့ နှာခေါင်းစည်းတွေက တစ်ခါသုံး နှာခေါင်းစည်း၊ အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်း N95 နှာခေါင်းစည်းတွေ ဖြစ်ပါတယ်။ နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်တာက အရေးကြီးသလို အသုံးပြုပြီး နှာခေါင်းစည်းတွေကို စွန့်ပစ်တာကလည်း အရေးကြီးပါတယ်။ သုံးပြီးသား နှာခေါင်းစည်းကို နောက်တစ်နေ့မှာ… ဒါမှမဟုတ် နောက်တစ်ကြိမ်မှာ ပြန်လည်အသုံးပြုတာကို ရှောင်ရှားသင့်ပါတယ်။ အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်းတွေကိုတော့ လျှော်ဖွပ်ပြီး ပြန်သုံးနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က အလွှာ ၃ လွှာ ပါဝင်တဲ့ အဝတ်နှာခေါင်းစည်းကို အသိအမှတ်ပြုထားပါတယ်။ အဝတ်နဲ့ ပြုလုပ်ထားတဲ့ နှာခေါင်းစည်းကို မတပ်ဆင်ခင်မှာ လက်ကို စင်ကြယ်အေင် ဆေးဖို့လိုပြီး
အနာအဆာ ပါ၊မပါ စစ်ဆေးကြည့်ရပါမယ်။ ပါးစပ်၊နှာခေါင်းနဲ့ မေးစေ့တွေ လုံတဲ့အထိ တပ်ဆင်ရမှာဖြစ်ပြီး အသုံးပြုပြီးတဲ့နောက် သန့်ရှင်းတဲ့ ပလပ်စတစ်အိတ်ထဲမှာ ထည့်သိမ်းနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး တစ်ကြိမ် ဆပ်ပြာနဲ့ ရေပူကို သုံးပြီး လျှော်ဖွပ် နိုင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးပညာရှင်တွေက အဝတ်နှာခေါင်းစည်းတွေဟာ ကိုဗစ်ကို အပြည့်အဝ မကာကွယ်နိုင်ဘူးလို့ သတိပေးပြောဆိုထားပါတယ်။

USA TODAY မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ ကောက်နုတ်ဖော်ပြချင်ပါတယ်။
“အဝတ်နှာခေါင်းစည်းတွေဟာ အလွန်အင်မတန် သေးငယ်တဲ့ ဗိုင်းရပ်စ်တွေ ပါဝင်တဲ့ အမှုန်တွေကို နှာခေါင်းတွေ၊ပါးစပ်တွေထဲ မဝင်အောင် ထိထိရောက်ရောက် မကာကွယ်နိုင်ပါဘူး” လို့ ဆိုပါတယ်။ သုတေသီ တစ်ဦးဖြစ်တဲ့ ‘လင်ဆေးမား’ က “အဝတ်နှာခေါင်းစည်းတွေက အိုမီခရွန်မျိုးကွဲကို ကာကွယ်ဖို့ အလုပ်မဖြစ်ဘူး” လို့ ပြောကြား ပါတယ်။ ဒါကြောင့် အများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေကို သွားမယ်ဆိုရင် ၃ လွှာပါတဲ့ တစ်ခါသုံး နှာခေါင်းစည်းနဲ့ N95 နှာခေါင်းစည်းတွေ တပ်တာ အကောင်းဆုံးလို့ အကြံပြုပါတယ်။ Duke တက္ကသိုလ်မှ သုတေသီတွေက N95 နှာခေါင်းစည်းတွေဟာ အမှုန်အမွှားတွေကို ၉၉ ရာခိုင်နှုန်းအထိ နှာခေါင်းနဲ့ ပါးစပ်ထဲ မဝင်အောင် တားဆီးပေးနိုင်တယ် လို့ ဆိုပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေး ဗဟိုဌာနကလည်း ကိုဗစ်ကာကွယ်ရေးမှာ အဝတ် နှာခေါင်းစည်းတွေဟာ ထိရောက်မှု အနည်းဆုံးလို့ သတိပေးထားပါတယ်။ တကယ်လို့ အဝတ်နှာခေါင်းစည်းကို သုံးမယ်ဆိုရင်တော့ အလွှာအထပ်ထပ်ပါတဲ့ နှာခေါင်းစည်းကို အသုံးပြုဖို့ အကြံပြုထားပါတယ်။ ဒါကြောင့် နှာခေါင်းစည်း သုံးရာမှာ မိမိနဲ့ သင့်တော်တဲ့ နှာခေါင်းစည်းကို အသုံးပြုမှသာ ထိရောက်စွာ ကာကွယ်မှုပေးနိုင်မှာပါ။ ခွဲစိတ်ခန်းသုံး Surgical Mask တွေဟာ တစ်ခါသုံး နှာခေါင်းစည်းတွေ ဖြစ်ပြီး ဗိုင်းရပ်စ်ကို ၉၀
ရာခိုင်နှုန်းကျော်အထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဘယ်ကိုပဲ သွားသွား နှာခေါင်းစည်းတပ်၊ လက်ဆေး၊ လူစုလူဝေး ရှောင်ရှားမှသာ ကိုဗစ် 19 ကို ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

#voiceofmyanmar #VOM #သွေး(စစ်ကိုင်း) #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW