ဆူးငှက်
‘ဂါထာနတ်ရုပ်၊ အင်းမြှုပ် အင်းနှံ၊ စီမံပယောဂ၊တလကုမ္ဘ၊ ရာ့နှစ်ဆယ်ဝင်၊ လေးခွင်လေးထောင့်၊ ဂြိုဟ်နတ်စောင့်နှင့်၊ မြို့စောင့်နတ်ဂူ၊ ဆူဆူများစွာ၊ မြို့အင်္ဂါလည်း၊ ဖွယ်ရာမကြွင်း’ဟူသော မဃဒေဝလာ အစီအမံအတိုင်း မန္တလေးမြို့တော်ကြီး စတင်တည်ထောင်စဉ် မြို့တော်လေးထောင့်တွင် ဆီအိုးကြီးများ မြှုပ်နှံပြီးလေသောအခါ ခုနစ်ဌာနကို အုတ်စီခင်း၍ တံခါး ၁၂ရပ် တိုင်ထူခဲ့သည်။
ခုနစ်ဌာနတွင် မဟာလောကမာရဇိန်စတီတော်ပါ၏။ အတုလဝေယံကျောင်းတော်ပါရှိ၏။ မဟာလာက မာရဇိန် ဘွဲ့တော်ချီသော စေတီတော်ကြီးမှာ ၁၂၂၁-ခု၊ ကဆုန်လပြည့်ကျော် ၇ရက်နေ့တွင် ရွှေမြို့တော်ကြီး နဲ႔ တစ်ပြိုင်နက် အုတ်စီခင်း စတင်တည်လုပ်ခဲ့ရာ ၁၂၂၄-ခု၊ ဝါဆိုလတွင် ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့ နေ့တစ်ချက်တီးကျော် ငါးမောင်းအချိန်တွင် ရွှေထီးအထွတ်တင်လှူပြီး ကမ္ပည်းတပ်တော်မူခဲ့သည်။ ဘဝရှင်မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုကုသိုလ်တော်ဖြစ်၏။ မြို့တော်သူ မြို့တော်သားတို့က ‘ကုသိုလ်တော်ဘုရား’ ဟု ခေါ်ဆိုခဲ့ကြသည်။
ဘုရားပရိဝုဏ်တွင် ပိဋကတ် ကျောက်စာတော်ပေါင်း ၇၂၉ ဆူရှိ၏။ မဟာအတုလဇေယာရာမတိုက်တော်အတွင်းရှိ ‘မဟာအတုလဝေယန်’ ကျောင်းတော်ကြီးမှာလည်း ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် ပန္နက်ချလုပ်ဆောင်ခဲ့သည်မှ ၁၈နှစ်အကြာ ၁၂၃၉-ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့တွင်မှ အပြောက်အမွှမ်းနှင့် လုပ်ဆောင်ပြီးပေသည်။ ဘုံ၅ဆင့်ရှိ၏။ ရွှေပိန်းချ ၏။ ကွန်းစင်တိုင်အမြင့်၆၃တောင်၊ တိုင်ပေါင်း ၂၄၆တိုင်ဖြင့် ခမ်းနား၏။ မံဘုရားဆင်းတုတော်ကြီးတွင် ဥဏ္ဏလုံမွေးရှင်တော်ပြု၍ တပ်ဆင်ထားသော ရတီချိန် ၁ဝဝကျော် မဟာစိန်ကလေးရှိ၏။ အဆိုပါ
ကျောင်းတော်ကြီးကို ယောအတွင်းဝန်မင်းကြီး ဆောက်လုပ်ခဲ့သည်။
ရွှေမြို့တော်ကြီးနှင့် တစ်ပြိုင်နက် ပန္နက်ချ တည်တော်မူခဲ့သော ကုသိုလ်တာ်ဘုရား၏အရှေ့မုခ်နှင့် အတုလဝေယန်ကျောင်းတော်ကြီး၏ အရှေ့မုခ်ကို ပျံ့ပျူးဖြောင့်စင်းသည့် မြေနီသရွတ်ကျံလမ်းနှင့် ဆက်သွယ်ပေးထားမှာ သေချာသည်။ ရှင်ဘုရင်ကောင်းမှုတော်များချည်းမို့ ထိုလမ်းပေါ်တွင် သဲဖြူခင်း ရာဇမတ်ကာ၊ ငှက်ပျောပင်တို့ စိုက်ထားပေမည်။ ပိုးဖဲကတ္တီပါ ရွှေချည် ငွေချည်ထိုး၊ မင်းခမ်းမင်းနားများ မကြာခဏ ကျင်းပပြုလုပ်ပေမည်။ မောင်းသံတဟီဟီ၊ စည်တော်သံရွှမ်းကာဖြင့် ဘုန်းမိုးသွန်းလောင်းတာ မကြာခဏ ဖြစ်ပေမည်။
ထို့အပြင် မဟာဝိဇယပုညကျောင်းတိုက်၊ ဝဇီရာရာမ စိန်တုံးတိုက်၊ မတ္တရာတိုက်၊ သက်ပန်းတိုက်၊ မင်္ဂလာရာမမောင်းထောင်တိုက်၊ မဟာဝီဇယာရာမ ခင်မကန်တိုက်၊ရွှေကူတိုက်၊ တကောင်းတိုက်၊ မဟာဝိသုဒ္ဓါရာမ အင်းကမ်းတိုက်၊ မဟာဓမ္မိကာရာမ စလင်းတိုက်၊ ဝိစိတ္တာရာမ မာန်အောင်တိုက်၊ ဆင်တဲတိုက်၊ လယ်ကိုင်းတိုက်၊ မက္ခရာတိုက်၊ ငါးဆူတိုက်၊ စည်ပုတ္တရာတိုက်၊ တွင်းကြီးတိုက်၊ စလင်းတိုက်သစ်၊ လှတွေတိုက် စသည့် စိန်တုံးမိဖုရား၊ လောင်းရှည်မိဖုရား၊ သက်ပန်းမိဖုရား၊ ရတနာဒေဝီ နန်းမတော်မိဖုရားကြီး၊ အနောက်နန်းမိဖုရား၊ အလယ်နန်းရှင် ဆင်ဖြူမရှင်မိဖုရား၊ တောင်နန်းမတော် မိဖုရား၊ဒေဝီစုဖုရားကြီး၊ ရွှေဘိုမင်းမိဖုရားခေါင်ကြီးနှင့်
သီပေါမင်းစုဖုရားလတ်တို့၏ ကုသိုလ်ကျောင်းတိုက်ကြီးများသည်လည်း ဘဝရှင်မင်းတရားကြီး၏ ကုသိုလ်တော်များနှင့် တစ်ဆက်တည်းတန်းလျက် တည်ရှိသည်။
ယခုအခါ ထိုကျောင်းတိုက်ကြီးများသည် ၆၂လမ်းမကြီး အရှေ့ဘက်ကပ်လျက် ၁၂လမ်းမှသည် ၃၅လမ်းအထိ ဆက်လျက်ရှိ၏။ ထို့ကြောင့် ၆၂လမ်း၏ မြောက်ဖက်ဖျားမှသည် တောင်ဘက် ၃၅လမ်းအထိကား ရတနာပုံခေတ်၏ ရှင်ဘုရင် မိဖုရားတို့ ထွက်စည်ဝင်စည်ဖြင့် ပွဲကြီးချိမ့်ချိမ့် ကျင်းပကာ မင်းလမ်းစိုးလမ်း ဖြစ်ခဲ့သည် မဟုတ်လော။ ပဒေသရာဇ်၏ ရွှေရောင်လွှမ်းသော လမ်းမကြီး ဖြစ်ခဲ့ဖူးသည် မဟုတ်လော..။
တကယ်တော့ “ဥယျာဉ်မြို့တော်”ဟူသည် ရတနာပုံခေတ်ကတည်းက မန္တလေးတွင် စတင်ခဲ့၏။ မင်းကြီးမဟာဇေယျသူ ဘွဲ့ခံပညာရှိအမတ် ညောင်လှမြို့စား နိုင်ငံခြားဝန်ထောက်မင်း ဦးချိန်သည် အမှာတော်ရေး ရာထူးနှင့် အမှုထမ်းစဉ်က မင်းတုန်းမင်းတရားကြီးထံ ဥယျာဉ်တော်၂၁ရပ်အကြောင်း ပတ်ပျိုးသီချင်းခံကြီးကို တင်သွင်းခဲ့လေသည်။ လေးပြင်လေးရပ် ဥယျာဉ်တော်များရှိ၏။ ဥယျာဉ်တော် ၂၁ရပ်တွင် သီရိမနောရမံ ဥယျာဉ်တော်လည်း ပါဝင်ပေသည်။ ယင်းဥယျာဉ်သည် ကျယ်ဝန်းကာ ကျုံးမြောင်းများရှိသည်။ အရှေ့တွင် နန်းတော်ကွက်၊ အရှေ့တောင်စွန်းတွင် ဘုရားရှိသည်။ ဥယျာဉ်ရှေ့တစ်လျှောက်တွင် မြို့တော်ဝန်ကြီး ရွှေးကြီး တာ၉ဝ၊ မကွေးမင်းကြီး တာ၁၁ဝ၊ ပခန်းမင်းတောင် ဥယျာဉ်တော်၊ မြောက်ဥယျာဉ်တော်ရှိသည်။ အနောက်တွင် လက်ဝဲ၊ လက်ယာ၊ ယာတော်များရှိပြီး အသည်းဝင်း၊ ရွှေနန်းရိုးသမိုင်းဝန်၊ ယင်ပုံလှေအုပ်၊မြောက် ထားဝယ်ဝိုင်း၊ တောင် ထားဝယ်ဝိုင်း၊ ဆင်အုပ်၊ကျောက်စီ ဝန်ထောက်တို့အတွက် မြေနေရာကွက်များရှိသည်။ ထို့ကြောင့် မှူးကြီးမတ်ရာသေနာပတိတို့ ဝန်းဝိုင်းရံခနေသည့် သီရိမနော်ရမံဥယျာဉ်တော်သို့ ဘုရင်မင်းမြတ် မကြာခဏ ထွက်စံပယ်တော်မူခဲ့ကြသည်။
ထီးကျိုးစည်ပေါက်ပြီးနောက် ခရစ်သက္ကရာဇ် ၁၈၉ဝ ခုနှစ်ရာက်သောအခါ ဘုန်းတော်ကြီး ဂျွန်ဝေဟင်ဂါး (John Wehinger)က ကုဋ္ဌနူနာရာဂါသည်များအတွက် မန္တလေးတွင် ဆေးရုံတစ်ရုံဆောက်လိုကြောင်း မဟာမင်းကြီး ဆာချားလ်ခရော့ဝ်သာဝိတ်အား တင်ပြသည်။ မဟာမင်းကြီးက မနောရမံဥယျာဉ်တွင် ပထမဆုံးဆေးရုံအဆောက်အအုံကို ၁၈၉၁-ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ပေးကာ လူနာများကို ဆေးဝါးကုသပေးခဲ့၏။ ထိုသည်ကစ၍ နောက်ပိုင်းတွင် “မနော်ရမံ” ဟူသောအမည်နာမသည် အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားတော့၏။ ၁၉၉၀ ဝန်းကျင်အထိ…။ ။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး