ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းအစုံ…

ဆူးငှက်

သန်းခေါင်လေ မူးပါလို့
စမ်းရောင်ဖြူး ကြည်လို့လင်း
မန်းတောင်ပေါ်ရိုးဆီက
ဖိုးခေါင် ကျူးသာလှထင်
(မြို့မငြိမ်း)

မိုးဦးရာသီတွင် မန္တလေးသည် အလှကြီး လှနေသည်။ မိုးဦးက အထနှေးပေမယ့် ယာဉ်ရထား အသွားအလာ ကန့်သတ်ထားသည့်ကာလမို့ ကာဗွန် မီးခိုးအိတ်ဇောအငွေ့နှင့် ဆူညံအသံ နည်းပါးနေသောကြောင့် မြင်မြင်သမျှ အသစ်ရောင် လွှမ်းနေသည်။ မြို့စွန် မဟုတ်မူဘဲ မြို့နယ်နိမိတ်ထဲ လုံးလုံးရောက်ရှိနေသော မန္တလေးတောင်တော်က စိမ်းနု၊ စိမ်းရင့် ဆံကေသာတို့ဖြင့် သျှောင်ထုံးရန်ပြင်ဆင်နေချေပြီ။ သူ့ဆံကေသာမှာ မွေတော်ဓာတ်တော် ဆံထိုးရွှေရောင်၊ ဆံထိုးငွေရောင်တို့ အနှံ့အပြားထိုးစိုက်ထားချေ၏။ သည်တောင်သည် မန္တလေးကို အရှေ့မြောက်အရပ်မှ အုပ်ဆီးငုံ့ကြည့်နေသလို ရတနာပုံမ် မန္တလေးဟူသော မြို့ပြ၏မိခင်သဖွယ်လည်းဖြစ်ချေ၏။

ဤနေရာတွင် မြို့ပြမခေါ်မီကတည်းက ဤတောင်တော် တည်ရှိခဲ့သည်။ ဤစန္ဒမုခိ ဘီလူးမက ရှင်တောင်မြတ်ဘုရားထံသူ၏ ဖွံ့ဖွံ့ကြိုင်လန်း ဝတ်ပန်းစုံကို ပေးလှူခဲ့သည် မဟုတ်လား..။ ရှင်တော်မြတ်ဘုရားကလည်း ဤနေရာတွင် မြို့ပြကြီးတည်ထောင်နိုင်မည်ဟု ဗျာဒိတ်ပေးခဲ့သည် မဟုတ်လား..။
ထို့ကြောင့် မန္တလ အမည်ရှိ မန္တလေးတောင်တော်သည် မြို့ပြ၏ အအုပ်အစီးအဖြစ် ပြဒါးတိုင်ကြီးပမာ တည်ရှိခဲ့သည်။ တောင်တော် သာယာဝပြောလျှင် မန္တလေး သာယာဝပြောသည်။ တောင်တော်မှာ အလှူဒါန များပြားလျှင် မန္တလေး ရောင်းပန်းဝယ်ပန်း သာသည်။တောင်တော်စိမ်းစိုလျှင် မန္တလေးစိမ်းစိုသည်။ တောင်တော် ကျန်းမာလျှင် မန္တလေးကျန်းမာသည်။ ဒါက မြို့ဦးမြို့ဖျားက အနီးဆုံးအလှ။ မန္တလေးဟူသော ဆံကေသာထက်က အလှဆုံးပန်းတစ်ပွင့်..။

အရင်ကတော့ တောရနံ့လေးတွေ သင်းနေသည့် သဘာဝတောပန်းလေးတပွင့်..။ အခုတော့ သူက အပြုအပြင် များသွားချေပြီ။ တောသူဆန်တော့ အိုးလုံးမှောက်ဆိုလား..။ တောပန်းလေး မဟုတ်တော့။ ပလပ်စတစ်ပန်း..၊ အလျူမီနီယမ်ပန်း..၊ ဖိုက်ဘာပန်းတစ်ပွင့်ပင်ဖြစ်လို့နေပေါ့..။ ပြီးတော့ သူ့မှာ နောက်ဆုံးပေါ်ကား တဝီဝီ..၊ မိတ်ကပ်နံ့ တသင်းသင်း..။ သီချင်းသံတညံညံ..၊ဘော့စနီရွှေရောင်တဝင်းဝင်း..၊ နီကယ်ရောင် တဖျပ်ဖျပ်။ တိုက်ကျွမ်းကျိပင် ကလိုက်သေး..။ ဘာပဲပြောပြောသူက မန္တလေး၏ အဖိုးတန် ရတနာဖြစ်ပါ၏။ မန္တလေး၏ နောက်ထပ် အဖိုးတန်ရတနာတစ်ပါးလည်း ရှိသေးသည်။ သူက တောပန်းရနံ့ပိုသင်း..၊ တောသရုပ် ပိုပီပြင်..၊ လွမ်းစရာ့ ဇာတ်လမ်းလေးလည်း ရှိသေး..။ သူ့ကိုလည်း လွန်ခဲ့တဲ့ နှစ်၃၀ကျော်က အညှိုးကြီးစွာဖြင့် တစ်မြို့လုံးက သုဿန်တွေ သူ့ဆီပို့ကာ အပျိုရည် ဖျက်လိုက်ကြသေး..။

ဒါပေမယ့်လေ…

×××× ××××

ညို့ညို့ဆိုင်းဆိုင်း၊
မှိုင်းပြာရီမှောင်တန်းတော့
တိမ်ခိုးလေးတွေ ဘေးကယှက်လို့
တောင်တန်းတစ်ဖက် တစ်ချက်
ဝန်းကာရံကာပင်
လွမ်းစရာ့ စံရာတစ်ခွင်
သခင်မမှာ အရင်ဘဝက ခင်ပပသို့ အသွင် . . .။
သနားစရာကမျေးပါးအစ၊
ရင်ခတ်သရဖီ
အခွေအခွေပင် . . . ။
ယခုတိုင်ပင် ဒိဋ္ဌအမြင် . . .၊
ပုံတော်အစစ်ကို မြင်ရတော့
သခင်မ၊ ယခင်ဘ၀ . . .
အသက်မရှည်လေခြင်း . . .
ကျေးဇူးရှင်ရယ် နေညိုနု၊
ရွှေလိုရှု . . .
မေပျိုဥရဲ့ . . .၊ တောင်တော်အဝင် . . .။
(နန်းတော်ရှေ့ဆရာတင်၊ မယ်ဥတောင်သီချင်း)

မန္တလေးပတ်ဝန်းကျင်က လွမ်းစရာ့ အကောင်းဆုံးနေရာကိုပြောပါဆိုလျှင် သခင်မတောင်တော်ကိုပင် ညွန်းဆိုရပေမည်။ တချို့ကလည်း မယ်ဥတောင်ဟု ခေါ်ဆိုကြ၏။ မန္တလေးမြောက်ဘက် ရှစ်မိုင်အကွာ ကြာနီကန်၏ အရှေ့ဘက်တွင် တည်ရှိသည်။ ရေမြေကလည်း အလွမ်းရေမြေ . . .။ ပုဂံခေတ်၏ ကိုရင်မောင် မရွှေဥ အလွမ်းဇာတ်သန္ဓေတည်ရှိရာရေမြေ . .” ပတ်ဝန်းကျင် အနေအထားကလည်း ရိုးမ ရှိ၏။ လယ်တော ရှိ၏။ဗိဇင်၊ တောသဇင်၊ တောစံပယ်ပန်းလေးများရှိ၏။ တန်ခူးကာလရောက်လျှင် ပင်လုံးကျွတ်မျှ ပွင့်တတ်သော သရဖီပင်ဝိုင်းရှိ၏။ မင်းလေး၏ စီးတော်ကျားတွင်းရှိ၏။ သစ်ရွက်ခြောက်လေးတွေသာ ရှပ်တိုက်ပြေးနေသော စောင်းတန်းအိုးလေးလည်းရှိ၏။ စောင်းတန်းအတက်စမှာ ဦးခန္တီကောင်းမှု အာရုံခံ သံဇရပ်ကြီးက လူသူကင်းမဲ့ ငိုက်မျဉ်းနေတတ်ချေသေးသည်။ သို့သော် ဓားကိုယ်စီဖြင့် ရွှေဖျဉ်းညီနောင်က ကျားကိုယ်စီစီးလျက် မာန်ဝံ့နေသေး၏။

ခပ်လှမ်းလှမ်း အင်ကျယ်ရွာဆီမှ သီချင်းသံသဲ့သဲ့ ကြားနေရချေသည်။ ပြန်ဆိုတေးတစ်ပုဒ်ကို ဖွင့်နေသော ၆ ဗို့ဘက်ထရီသုံး ကက်ဆက်တစ်လုံးမှ ဖြစ်မှာပေါ့ . . .။ အခုတော့ တန်ခူးလ ပန်းကောက်ပွဲ၊ ကဆုန်လ ဆင်ရွာကြီး ညောင်ရေသွန်းပွဲ၊ သီတင်းကျွတ်လ ကျောက်တော်ကြီးပွဲမှ အစ ပွဲလမ်းအလှူအတန်းရှိလျှင် မလေးရှားပလေကတ်က ပွဲလည်းတိုး၊ အဝတ်လည်းခံသည်။ အိမ်မှာနေရင်း၊ ယာထွန်ရင်း၊ ပခုက္ကူထည်၊ ဝမ်းတွင်းထည်ကို နှမ်းပေါ်ပေး၊ ပဲပေါ်ပေးနှင့် ရနိုင်သည်။

လွန်ခဲ့သော နှစ်တစ်ရာကျော်ကာလများတော့ သည်နေရာမှာ အိမ်ရှေ့ကိုယ်တော်ကြီး ရဲမက်တွေ မြင်းကိုယ်စီနှင့် ဟန်ရေးတပြပြ ဖြစ်နေမှာ မြင်ယောင်သည်။ “ယောက်ဖ၊မပေး” စသည်ဖြင့် ရင်းနှီးစွာ စပြောင်ကြရင်း မြင်းရေးပြိုင်ကြမည်။ လက်လှဲအားစည်းကြမည်။
ဓားရေးပြကြမည်။ နပန်းပွဲကြမည်။ ငယ်ကျိုးငယ်နာဖော်ကာ နောက်ကြပြောင်ကြမည်။ ဪ….ထန်းရည်ကလေးကလည်း မူးနေကြပေသကိုး . . .။

သခင်မတောင်တော်ဟု ဆိုလျှင်ဖြင့်၊ မန္တလေးသားတွေပြေးမြင်မိကြသည်မှာ အိမ်ရှေ့မင်းထန်းတောပဲ ဖြစ်ပါသည်။ သခင်မတောင်ခြေ အရှေ့ဘက်က ပိန်းပိတ်ညိုမှောင်နေသော ထန်းတောကြီးကား မန္တလေးအနီးပတ်ဝန်းကျင်ရှိ ထန်းတောပေါင်းမြောက်မြားစွာအနက်၊ အကောင်းဆုံး ထန်းရည်များထွက်ရာ ထန်းတောကြီးဖြစ်သည်။ ထိုထန်းတောကြီးမှာ နန်းတော်ရှေ့ ဆရာတင်လည်း ခြေရာထပ်မျှ့စပ်ခဲ့သည်။ သူ၏ နာမည်ကျော် “မင်းဂံဘုတ်” သီချင်းကို အိမ်ရှေ့မင်းထန်းတောမှ မွေးဖွားခဲ့သည် မဟုတ်လား။
“ဇာတိနွယ်” ဟုခေါ်သော လက်ရည်တစ်ပြင်တည်း “သီချင်းထဲမှ “ထန်းပင် ထန်းလက် ထန်းရွက်တွေက အသွယ်သွယ်ပါကွယ်၊ လမ်းစဉ်၊ လမ်းဆက်၊ လမ်းမျက်စိတောင်မှ လည်ပါတယ် မောင်ရယ်” ဟူသော စာသားကလည်း အိမ်ရှေ့မင်းထန်းတောမြင်ကွင်းမှ ပေါက်ဖွားလာသည် မဟုတ်လော။

ဆရာတင့် သီချင်းသြဇာကြောင့် မန္တလေးသားမှန်လျှင် သခင်မတောင်နှင့် အိမ်ရှေ့မင်းထန်းတောသို့ ရောက်ဖူးကြသည်ချည်းဖြစ်သည်။ သင်္ကြန်တွင်းလို အခါသမယမှာတော့ အိမ်ရှေ့မင်းထန်းတောမှာ သင်္ကြန်ပျော် ဂျစ်ကားတွေ ဥဒဟိုရောက်တတ်ကြသည်။ ထိုအရာများကား အတိတ်ရုပ်ပုံလွှာများပင် ဖြစ်တော့၏။

နန်းတော်ရှေ့ ဆရာတင်ကပင် ဤသို့ ဆိုခဲ့ဖူးသည်မဟုတ်လော . . .။
“ပင်စုံမြိုင်နန်း၊ ပန်းကရမက်တွေက ဝေဝေလွင်လွင်၊ မစုံသူတွေရာက်ကြလျှင် ဝမ်းသာသလိုလို၊ ဝမ်းနည်းချင်သလိုလို ငိုချင်သလောက်ပင်၊ မုန်းချင်စိတ်နာပါတယ်။ လိပ်ပြတောင် ငယ်သေးပါတယ်။ အဝေးက မမြင်ချင်၊ ဪ. . .သြာ် . . . ဗြိဇင်တောင်သဇင်
တောစံပယ်ပန်းကလေးက ဘေးအကျ မွှေးလှတယ်ရှင်၊ ကျေးဇူးရှင် မပျိုဥရဲ့တောင်တော်အဝင် . . . ” တဲ့။

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW