လမင်းတရာ ကဗျာဆရာ

ဆူးငှက်

“ကန္တာရပြင်
ပန်းပင်ပွင့်စေ
စမ်းရေစီးမြ
ငှက်လှတေးဆို
ပျိုစေ . . သစ်စေ . .
ချစ်နိုင်စေ . . ” တဲ့ . . . ။

ကဗျာဆရာကြီး ကြည်အောင် က သူ၏ “အရိုင်းလွင်ပြင်”ကဗျာတွင် ဖွဲ့ဆိုခဲ့သည်။ ကျွန်တော်က ဆရာကြည်အောင်၏ “မိခင်မာရသွန်”ကဗျာစာအုပ်ကို အမှတ်တရပြန်လှန်ဖတ်ရှုရင်း “အရိုင်းလွင်ပြင်” ကဗျာကို ဖတ်ကာ အထက်ပါ စာပိုဒ်လေးရောက်တော့ ကဗျာဆရာကို ဖျပ်ခနဲ လွမ်းဆွတ်သတိရကာ ဖတ်လက်စ စာအုပ်လေး ရင်ဘတ်ပေါ်တင်ရင်း စိတ်တွေကလည်း အဝေးဆီသို့ ပျံ့လွင့်သွားတော့သည်။

၁၉၇၅ ဝန်းကျင်ကာလများ၌ ကျွန်တော်သည် မုန့်ဖိုးထဲမှစု၍ တစ်လလျှင် မဂ္ဂဇင်းစာအုပ် ၂ အုပ် ဝယ်ဖြစ်သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမဝရုပ်စုံမဂ္ဂဇင်း တို့ဖြစ်သည်။ မဂ္ဂဇင်း ၂ အုပ်စလုံးမှ ကဗျာတွေ၊ဆောင်းပါးတွေ၊ ဝတ္ထုတို၊ ဝတ္ထုရှည်တွေတိုင်းကို သဘောကျသည်။ မဂ္ဂဇင်း မျက်နှာဖုံးတွေက အစ ရင်ခုန်စွာစောင့်
မျှော်ဖတ်ရှုရသည်။ မိုးဝေက နိုင်ငံရေးချယ်ပြီး ရှုမဝက စာပေအနုပညာချယ်သည်။ မိုးဝေမှ ကဗျာများက ထိုစဉ်က လှုပ်ရှားယိမ်းထိုးနေသည့် ဗီယက်နမ်ပြည်သူ့လွတ်မြောက်ရေးစစ်ကို အားပေးဂုဏ်ပြုမှုများနှင့် နယ်ချဲ့စစ်ကို ဆန့်ကျင်မှုများလွှမ်းသည်။ ရှုမ၀ ကဗျာတွေက လူ့သဘောသဘာဝများမှ ပုံရိပ်များကို ထင်ဟပ်နေသည်။

မည်သည့်မဂ္ဂဇင်းက ကဗျာဖတ်ဖတ် အရသာရှိလှသည်။ ဤသို့သော အဆီအဆိမ့် ကဗျာများထဲမှ ၁၉၇၉ ဝန်းကျင်ရောက်တော့ မိုးဝေမဂ္ဂဇင်းထဲမှာ မြန်မာငါးပိရေကျိုလေးကို တမာရွတ်နု လတ်လတ်ဆတ်ဆတ်လေးနှင့် တို့ကာမြှုပ်ကာ စားလိုက်ရသည့် အရသာမျိုး ကဗျာကို တွ့လိုက်ရ၏။

၁။ သက်ကယ်ပျစ် စ ဆံရစ်ချ
အပျိုဦး မဆံရစ်
သက်ကယ်ကိုပျစ်။
ပျစ်ဆံက မတိုမရှည်
မိုးယိုမယ်လေ။
ဆံရစ်ခွေ ညီညာချသလို
သက်ကယ်ဆံ တိုရှည်လှအောင်
အပျစ်သင် လက်ရာကျမှ
မယ်မင်းကြီးမ။ ။

၂။ ကြိုးနဲ့ကြိမ် အိုးနဲ့အိမ်
ရှင်လူထွက် ကြိုးကျစ်လျှင်
လွန်းကြက်ထွန့်ပင်။
ရှင်လူထွက် ကြိမ်သတ်လျှင်
မျှော့ဝမ်းပါးပင်။
ပျိုလေးခင်ရဲ့ သက်လျာလေးရယ်
ကြိုးကြိမ်ပိုင်ဖို့ ခက်ပါသေးတယ်။
အိုးအိမ်နိုင်ဖို့ ရက်သာဝေးတယ်။ ။. . တဲ့လေ။

ကဗျာဆရာက “ကြည်အောင်“ တဲ့ ။ အလို . . .ကျွန်တော်က ဆရာကြည်အောင်ကို သိသည်က အားကောင်းမောင်းသန် ရဲရဲတောက်ကဗျာဆရာ အဖြစ်လေ။
“……………………………………………..
လမင်းတရာ၊ သည်ကမ္ဘာဝယ်
သာလျက်အစဉ်ပါတကား။
သို့တစေလည်း
သူ့ရေမြေပေါ်၊ စစ်ကျူးကျော်သော်
ရွှေလှော်အဆင်း၊ ဖိုးလမင်းသည်
မြစ်တွင်းငုတ်လျှိုးသွားတကား။
မြစ်မရေတွင်း၊ စစ်ကျော်နင်းလျှင်
လမင်းမှုန်ရီ၊ သွေးစွန်းနီကာ
ပီပီ မလင်းနိုင်ရှာပေ။” ….တဲ့။

ဆရာကြည်အောင်က သူ၏ နာမည်ကျော် လမင်းတရာ ကဗျာမှာ ဖွဲ့ဆိုခဲ့သည်။“အသားမဲ (မည်း)သော ခရစ်တော်”ကဗျာတွင်လည်း . . .
“ခရစ်တော်ဓား၊ ပြည်သူ့အားကို
အသားမဲမျိုး၊ နီဂရိုးတို့
မြတ်နိုးယုံကြည်၊ သွေးစည်းသည်ကြောင့်
တိုင်းပြည်လွတ်မြောက်ကြကုန်အံ့။”ဟုလည်း အတွေးရဲရဲ ရေးစပ်ခဲ့သေးသည်။
ကျွန်တော်တို့သည် ဆရာကြည်အောင်၏ အားမာန်ပါပြီး ခေတ်စနစ်ကိုထင်ဟပ်သော ကဗျာတွေအပေါ်
အံကြိတ်ခဲ့ကြ၊ လက်သီးဆုပ်ခဲ့ကြသည်။

ဆရာကြည်အောင်နှင့်ပတ်သက်ပြီး မှတ်မိတာရှိသေးသည်။သူ၏ လမင်းတရာ ကဗျာစာအုပ် ထွက်လာတော့ လူထုဒေါ်အမာ က “လမင်းတရာ သာလိမ့်မည်”ခေါင်းစီးဖြင့် အမှာစာရေးသားသည်။
ဒေါ်ဒေါ်၏ အဆိုပါ စာမှာ . . . “ဤလှိုင်းတံပိုးကြားတွင် လူဖြစ်လာသည့် လူငယ်များအနက် မန္တလေး တက္ကသိုလ်မှ ဖူးပွင့်လာသည့် တင်မိုး၊ ကြည်အောင်၊မောင်စွမ်းရည် ဟူသော ကဗျာဆရာ လူငယ်သုံးဦးသည် သူများထက် ရဲရဲတွေးပြီး ရဲရဲရေးလာကြသည်။” ဟူသော ရေးသားချက်က အတော် ဂယက်ရိုက်ခတ်ခဲ့တာ မှတ်မိသည်။ ငြင်းကြ ခုန်ကြတာ ဆူညံလို့ပေါ့။

မည်သို့ဆိုစေ . . . ထိုစဉ်ကာလက ကျွန်တော်တို့ လူငယ်များအဖို့ ဒေါ်ဒေါ့်အမှာစာတွင် ဆက်လက်ပါရှိသော
“ကဗျာတစ်ပုဒ်ဟူ၍ ဖြစ်ပေါ်လာရာ၌ (၁)စာဆိုသူ ဖြတ်သန်းကြီးပြင်းလာခဲ့ရသည့် ဘဝခရီး၊(၂)စာဆိုသူ ခံယူသည့် ဘ၀ အဘိဓမ္မာနှင့် ဦးတည်ရည်မှန်းချက်၊ သို့မဟုတ်၊ ဘဝနှင့်ပတ်သက်သော သူ့ယုံကြည်ချက်၊(၃)စာဆိုသူ လက်လှမ်းမီသည့် အသိအမြင် ဗဟုသုတ နှင့် ဝေါဟာရတို့အပေါ်တွင် အခြေခံလျက် ကဗျာလည်း
ပေါက်ဖွားလျက်ရှိပါသည်။” ဟူသော သဘောထားကို လေးနက်စွာ ခံယူကြသည်။

ဒေါ်ဒေါ်က ဆရာကြည်အောင်ကိုသုံးသပ်ပြသည့်“မောင်ကြည်အောင်က အနုပညာသည် အနုပညာ အတွက် သက်သက်ဆိုသည်ကို လက်မခံ၊ အလှသည် အလှသက်သက်ပင် ဖြစ်မည်ဆိုလျှင် ထိုအလှ၌ ဘာတန်ဖိုးရှိသနည်းဟု သူက ကိုင်ဆွဲထားဟန် ရှိသည်။ အလှသည်
အကျိုးရှိသော အလှ၊ လူကို အကျိုးပြုသောကျးဇူးပြုသော အလှဖြစ်ရမည်ဟုလည်း ကိုင်ဆွဲထားဟန်ရှိသည်။ သူက သူ့ကဗျာကို လှရုံအတွက် သို့မဟုတ် ကာရန်ပြေရုံအတွက် နားဝင်ပီယံသက်သက်နှင့် မဖွဲ့ ၊ သူ့ကဗျာသည် တိုလိုက တိုပေမည်၊ ရှည်လိုက ရှည်ပေမည်၊ သို့သော် ထို အတိုအရှည်တို့၌ သူ့ယုံကြည်ချက်တစ်ကွက် ပါလေသည်ချည်း တွေ့ရသည်။”ဟူသော အချက်ကိုလည်း လေ့လာသင်ယူခဲ့ရ၏။ ထို့ကြောင့်လည်း ဆရာကြည်အောင်၏ ဆားတစ်ပွင့်၊ ပျားတစ်ခက်၊ ဓားတစ်လက် ကဗျာကို တတ်တက်ရွတ်ဆိုခဲ့ကြသည်။

“ကဗျာထဲမှာ၊ ဆားမပါလဲ
ရသာလွန်စွဲ၊ ငါ့လျှာထဲ။
ကဗျာထဲမှာ၊ ပျားမပါလဲ
ရသာချိုမြဲ၊ ငါ့လျှာထဲ။
ကဗျာထဲမှာ၊ ဓားတော့ပါတယ်
မဟာအောင်ပွဲ၊ ငါ့ရင်ထဲ။” . . . တဲ့။

ထို့ပြင် နောက်ထပ် စွဲမက်နေသေးသည် ဆရာကြည်အောင်၏ ကဗျာတစ်ပုဒ် ရှိပါသေး၏။
ကဗျာခေါင်းစဉ်က “ရေ တပေါက်ပေါက်၊ မီးတောက် တဟုန်းဟုန်း” တဲ့။ အားမာန် ပါလှချည့်။ ကဗျာကဒီလို . . .

၁။ အေးအေးလေးနဲ့
ဆွေးမြည့်ပေါက်ကျိုး။
ရေအိုးအောက်ခြေ
“သံ ကရွတ်ခွေ”။
၂။ တူသံက ညံ
မီးလျှံက ရဲ
သံခဲထုချက်
ထက်မြက်အသွား
“သံမဏိဓား”။ ..ဟူလို။
xx xx xx xxx

ဆရာကြည်အောင် ဟုဆိုလျှင် အကြောင်းအရာအရသော်လည်းကောင်း၊ စကားလုံးအရသော်လည်းကောင်း၊ အားမာန်အပြည့်ပါသော၊တိုက်ပွဲဝင်သော ကဗျာများရေးဖွဲ့သူဟု စိတ်ထဲတွင် စွဲထင်ထားသည်။ ယခု ရှုမဝမှာ ဖော်ပြပါရှိသည့် ကဗျာတွေက ကျေးလက်တေးကဗျာတွေဖြစ်နေတော့ အံ့သြမိသည်။ အံ့သြသည်က ပြောင်းလဲသွားလို့ မဟုတ်။ ကျေးလက်ကိုရော၊ မြန်မာစာပေကိုပါ နိုင်နင်းသူမို့ အခုကဗျာတွေကလည်း ထူးခြားလှပနေတော့သည်။

ကနဦးကပြောသလို အညာကျေးလက်ထမင်းဝိုင်းမှာ မြိန်ရေယှက်ရေ စားလိုက်ရသလိုမျိုးပေါ့။ အခုလည်း ကြည့်လေ။ ရှုမဝမဂ္ဂဇင်းမှာ . . .
“မြေရိုင်းထွင်ခြင်း ကဗျာ ၂ ပုဒ်”
၁။ စားမဦးချ လယ်တီစ
လယ်တီဖို့ တောထွင်
ပယ်ပင်နဲ့ အိုင်ခွက်။
ဖီးထအောင် ခင်ရိုင်းကိုက်
ကျွံလိုက်တဲ့ ဗွက်။
ကိုက်ပစေလေ
ကျွံပစေ တအားတက်။
ကြင်စဦး မာင်နှံပျိုတို့
ဓားမကို ထက်အောင်သွေးပါလို့
လယ်တီမြေ ပွားအောင်မွေးမယ်ပေါ့
သားမြေး လက်ထက်။

၂။ ဓားသွေးကျောက်
အာခြောက်လို့ နေနေ
ရေကိုတော့ မသောက်။
သံသွေးသာ သူက သောက်
ဓားသွေးတဲ့ ကျောက်။
မြေယာမဲ့ အဖိုးအို
ဓားမကို ထိုင်ကာသွေး။
ယာသစ်ထွင် မျှော်ရည်တွေး
ခွန်အားကို မွေး။ . . .တဲ့။
သည့်အရင်ကလည်း ရှုမဝမှာ ကျေးတောသူဖို့ ကဗျာ ၂ ပုဒ်၊ ပျိုလေးတို့အိပ်ခန်းသာ ကဗျာ၂ ပုဒ် စတာတွေကိုလည်း ဆက်တိုက်ဖတ်ခဲ့ရသည်။ မြေရိုင်းထွင်ခြင်း ကဗျာ ၂ ပုဒ် မတိုင်ခင်လမှာ ရှုမဝဖော်ပြခဲ့သည့်
မိခင်မာရသွန် အမည်ရှိ ကဗျာကတော့ အနုပညာအရရော၊ အတွေးအခေါ်အရပါ ထင်ရှားခဲ့သည့် ကဗျာဖြစ်သည်။

သားသယ့် အမေ
မိုင်ရှည်တာဝေး
အပြေးသမား။
သားသမီးချစ်
သက်လုံဖြစ်အောင်
ပာင်းပစ်သလား။ . . . တဲ့။

သားသမီး အပူ၊သားသမီးဇော၊သားသမီး ပရိဒေ၀ စသည့် အတိဒုက္ခများအကြားမှ အမေများစွာကို ကိုယ်စားပြုလိုက်သည့်ကဗျာဖြစ်နေသည်။ ကျွန်တော်တို့ ဝန်းကျင်မှာ မိခင်မာရသွန်တွေ အများကြီး။ ထိုကဗျာကို ခေါင်းစီး တပ်၍ ဆရာကြည်အောင်၏ ကဗျာလုံးချင်းစာအုပ် တစ်အုပ်ကိုလည်း ၁၉၈၅ ခုနှစ်၊ဖဖာ်ဝါရီလမှာ လူထုကြီးပွားရေးစာအုပ်တိုက်က ထုတ်ဝေလိုက်သည်။ ဆရာကြည်အောင်၏ ရဲဘော်မိတ်ဆွေ၊ တက္ကသိုလ်မောင်စောလွင်၏ ကဗျာစာအုပ်ပါ အမှာစာကလည်း ဟည်းထပွက်လောညံသွားပြန်၏။

ကြည်အောင် – သာနိုး
တင်မိုး – စွမ်းရည်
ကိုလေး (အင်းဝဂုဏ်ရည်)တို့ဟာ ကဗျာစာပေ တပ်ဦးက တပ်မှူးတွေဖြစ်တယ်လို့ ရဲရဲကြီး ဆိုလိုက်ပါတယ်ဟု
ဗိန်းမောင်းတီး ကန့်လန့်ကာဖွင့် လိုက်သော စာသားတွေကြောင့်ဖြစ်သည်။ ထိုစဉ်က ရိကြ၊ ခနဲ့ကြ၊ ဆော်ကြ၊ ကလော်ကြသည့် ဆောင်းပါးတွေများ ပလူပျံလို့၊ တကယ်တော့ အနှစ်နှစ်ဆယ်ကျော် မကြာခင်မှာပဲ
ဘယ်သူဘာလဲ၊ ဘယ်သူတပ်မှူးလဲ ဆိုသည့် အဖြေက ထွက်သွားချေပြီ။ သမိုင်းကိုဖြင့် လိမ်ညာ မရတော့။
သို့တစေ ဝမ်းနည်းစရာကောင်းသည်က ယခုနှစ်အစိတ်တွင် တိုင်းပြည်နှင့်လူမျိုးအပေါ် ရိုးသားစွာချစ်ခဲ့ကြသော ဆရာတင်မိုးမရှိတော့၊ ဆရာကြည်အောင်မရှိတော့၊ အခု ဆရာမောင်သာနိုးလည်း မရှိတော့။ဆရာမောင်စွမ်းရည် ရွှေပြည်ကြီးနဲ့ဝေးကွာတဲ့နေရာမှာ၊ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၏ ကလောင်ကလည်း
လွတ်လပ်လာသည်မှာ မကြာသေး။

ကျွန်တော်တို့မှာဖြင့် အချင်းချင်း ဆုံတွေ့ကြလျှင် ဆရာဂျမ်း(ဆရာတင်မိုး)၊ဆရာစွမ်း(ဆရာမောင်စွမ်းရည်)နှင့် ဆရာကြည်(ဆရာကြည်အောင်)တို့အကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ပြောဆိုကာ သတိတရရှိနေကြဆဲဖြစ်သည်။ ဆရာတို့တတွေနှင့် ဆုံလေတိုင်း အထူးသဖြင့် ဆရာကြည်အောင်၏ ရိုးသားပွင့်လင်းစွာ တုတ်ထိုးအိုးပေါက် ပြောဆိုဆုံးမသည့်လေသံကိုတော့ လွမ်းဆွတ်နေမိသည်။ အပြောအဆိုပွင့်လင်းမှု၏နောက်ကွယ်မှ ဆရာ့စေတနာကိုလည်း ရိုးရှင်းစွာ အထင်းသား မြင်ရပြန်၏။

ကျွန်တော်သည် မိခင်မာရသွန် ကဗျာစာအုပ်ကို ရင်ဘတ်ပေါ်တင်ရင်း အတွေးတွေ အဝေးဆီပျံ့လွင့်ကာ မျက်ရည်တစ်စပင် စို့လာပါသေးသည်။ ဘာပဲပြောပြော ကိုယ့်အပေါ် သွန်သင်ဆုံးမထောက်ပြမည့်သူတွေ ရှိနေလျှင် အလိုလို ကိုယ်ကနုပျိုနေသည်။
အခုတော့ . . .

#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW