ပခုက္ကူနယ်ထဲမှာ မိုင်းပေါက်ကွဲပြီး ဆိတ်ကျောင်းနေတဲ့ ကလေး ၁ ဦးသေ ၊ ၁ ဦးပြင်းထန်ဒဏ်ရာရ

ဇူလိုင်၂၆ -၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကျောက်စရစ်ကန်ကျေးရွာနဲ့ ဘုန်းကံကျေးရွာ အကြား ၊ ဘုရားကုန်းကျောင်းနားမှာ မနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲတာဖြစ်ခဲ့ပြီး ဆိတ်ကျောင်းနေတဲ့ ကလေး ၁ယောက် သေဆုံးကာ ၁ယောက် ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီ​ရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်တာပါ ၊ ရွာချင်းဆက်လမ်းမှာ ထောင်ထားတဲ့ မိုင်းကွဲတာ ဖြစ်တယ် ၊ သေဆုံးသွားတဲ့ အသက် ၁၃ အရွယ် ဆိတ်ကျောင်းနေတဲ့ ကလေးက ကျောက်စရစ်ကန်ရွာ ဦးကြီးညို ၊ ဒေါ် စန်းစန်းရဲ့ သားဖြစ်တယ် ၊ ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေဆုံးသွားတာပါ ၊ သူနဲ့ ဆိတ်ကျောင်းဖော် နောက်တယောက်လည်း ဒဏ်ရာရတယ် ၊ သူကတော့ အခု ပခုက္ကူဆေးရုံမှာတင်ထားရတယ်”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အဲ့ဒီ ရွာတွေဘက်ကို နယ်မြေရှင်းလင်းရေးလာလုပ်တာတွေရှိခဲ့ပြီး အဲ့ဒီအဖွဲ့ကို ထိအောင် ထောင်ထားတဲ့မိုင်းက ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ ဒေသခံတချို့ရဲ့ပြောပြချက်အရသိရပြီး VOMအနေနဲ့ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းဆိုတာ အတည်မပြုနိုင်ပါဘူး။

ဒါ့အပြင် ပခုက္ကူခရိုင်ထဲက ပေါက်မြို့နယ်မှာ ပြီးခဲ့တဲ့လပိုင်းက ရေနံလက်ယက်တွင်း အလုပ်သမား ၂ ဦးနဲ့ တောင်သူ ၁ ဦး တောကိုသွားရင်း လမ်းမှာ မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

ဆိပ်ဖြူ ၊ မြိုင် နဲ့ ရေစကြိုမြို့နယ်တွေမှာ ယာခင်းတောထဲသွားလာကြတဲ့သူတွေဟာ မိုင်းဘေးအန္တရာယ် စိုးရိမ်နေရတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW