မုံရွာမှာ ကားတစီးပစ်ခတ်ခံရလို့ ကလေးငယ် ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ

ဇူလိုင်၂၆-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး မန္တလေး-ချောင်းဦး-မုံရွာ ကားလမ်းပေါ်မှာ မနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက
ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီး ၊ လူ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” ဖြစ်တာက ညနေ ၅ နာရီခွဲဝန်းကျင်ဖြစ်တာပါ ၊ နေရာက ဘိုးဘွားရိပ်သာ အဝိုင်းပတ်နားက ရေဦး ဆန်ပွဲရုံရှေ့ဖြစ်တာ ၊ ကားပေါ်က မိသားစု ၃ ယောက်ပါတယ် ၊ ကလေးဖြစ်သူက နေရာမှာတင် သေဆုံးတယ် ၊ မိဘဖြစ်သူ ၂ ယောက်လည်း ပြင်းထန် ဒဏ်ရာရတယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မုံရွာမြို့နယ်ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” အိမ်စီးကားတွေကို အကြောင်းမဲ့ ပစ်ခတ်တာပါ ၊ ကားပေါ်ပါလာတဲ့ အသက် ၅ နှစ်အရွယ် ၊ မခင်စန္ဒီဖြိုးအေး ဆိုတဲ့ကလေး ၁ ဦး ကျည်ဆံထိမှန် သေဆုံးတယ် ၊ နောက်ပြီး ဦးချစ်ဖြိုးအောင်နဲ့ မတင်မျိုးအေးကတော့ ဒဏ်ရာရတယ် “လို့ ပြောပါတယ်။

အဲ့ဒီနောက် မုံရွာမြို့ပေါ်ကလမ်းဆုံ လမ်းလေးခွနေရာတွေကို ရဲနဲ့ စစ်သားတွေက ပိတ်ဆို့စစ်ဆေး ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဇူလိုင် ၅ ရက် ကနေ ၂၅ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း မုံရွာ-ချောင်းဦး-မန္တလေး ကားလမ်းမှာ ခရီးသည်တင်ကားတွေ မိုင်းထိမှန်တာကြောင့် သေဆုံးသူ ၅ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW