ပခုက္ကူခရိုင်မှာ လုယက်၊ လူသတ်မှုတွေကြောင့် အသွားအလာ အတော်ကျဲပါး

ဇူလိုင် ၊ ၃၀ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူ ခရိုင်တခုလုံးကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေဟာ ပေါက်ကွဲမှု၊ လူသတ်လုယက်မှုတွေကြောင့် အသွားအလာမရှိသလောက်ကျဲပါးသလို ခြိမ်းခြောက်ငွေတောင်းခံတာတွေကြောင့် သီးနှံပွဲရုံတချို့ ပိတ်ထားရတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ပခုက္ကူ မြိုင်လမ်းပိုင်းက လေညှင်းတောင်နား တဝိုက်မှာ တိုက်ပွဲဖြစ်တယ် ၊ ကျောက်ဆောက်ဆို မီးရှို့ခံရတယ်။ ပခုက္ကူ ပေါက်လမ်းဘက်မှာလည်း ပစ်ခတ်တာတွေရှိတယ် ၊ တခါ ပခုက္ကူ မြစ်ခြေ ဆိပ်ဖြူ လမ်းပိုင်းဘက်မှာလည်း မိုင်းတွေရှိတယ် ၊ အန္တရာယ်ဖြစ်နိုင်လို့ မသွားရဲဘူး ၊ ရေစကြို ပခုက္ကူလမ်းပိုင်းက လည်း မိသားစုကားတချို့ကလွဲ အသွားလာ အတော်ကျဲတာ ၅ရက်လောက်ရှိပြီ ” လို့ ပခုက္ကူမြို့ခံ ကားသမား တယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူခရိုင်တွင်းမှာ ကားလုယူခံရတဲ့ ဖြစ်စဥ် အကြိမ်ရေ ၂၀ ထက်မနည်း ရှိတဲ့အတွက် ကားလုယူခံရမှာကို စိုးရိမ်ကြသလို မီးရှို့ဖျက်ဆီးခံရတာတွေရှိနေတာကြောင့် နယ်ဘက်က ကားတွေဟာ ပခုက္ကူမြို့ကို မလာရဲကြဘူးလို့ သိရပါတယ်။

အခုလ ၂၈ ရက် မနက်ပိုင်းက ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ညောင်ပင်သာကျေးရွာနားမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ ဒေသခံ PDF တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် နေ့လယ်ပိုင်းမှာ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကျားပစ်ကန်ကျေးရွာနားမှာလည်း အလားတူ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

” နယ်ဘက်တွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် စျေးကားတွေ မလာကြဘူး ၊ ပခုက္ကူမြို့ပေါ်မှာ အရောင်းအဝယ်တွေ အေးနေတာ သုံးလေးရက်ရှိပြီ ၊ မြို့ပေါ်က ဆိုင်အများစုကတော့ အလုပ်မဖြစ်တဲ့အတွက် ပိတ်ထားကြတယ် ပွဲရုံတခုဆို ငွေသိန်း ၂၀၀ စာပို့တောင်းလို့ ပိတ်ထားရတယ်” လို့ ပခုက္ကူမြို့ခံတယောက်က ပြောပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့ပေါ်မှာ လုံခြုံရေး တင်ကြပ်လျက်ရှိပြီး စစ်ဆေးတာတွေ နေရာအနှံ့ လုပ်နေတဲ့အတွက် နယ်ဘက်စျေးသည် အများစုက စျေးရောင်းမလာရဲကြဘူးလို့ သိရပါတယ်။

အဲ့ဒါကြောင့် အခုလ ၂၈ ရက်ကစလို့ ပခုက္ကူမြို့မှာတင်မက တခရိုင်လုံးနီးပါး လမ်းတွေ အသွားအလာမရှိသလောက် ကျဲနေတာလို့ သိရပါတယ်။ လတ်တလော ဧရာဝတီမြစ်ကူးတံတားဖြတ်သွားရတဲ့လမ်းကိုပဲ အဓိကထား သွားလာကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ #လုယက်မှု

Related posts

Leave a Comment

VOM News

FREE
VIEW