သြဂုတ် ၂၊၂၀၂၂
KK(VOM)
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၂ ရပ်ကွက် ၊ရွှေပြည်သာကွေ့အနီးက CNG ဆိုင်မှာ ဂတ်စ်ထည့်ဖို့စောင့်နေတဲ့ YBS 94 ခရီးသည်တင်ယာဥ်တစ်စီးကို ဒီကနေ့မနက်ပိုင်းက အမျိုးသားတဦးက ခိုးယူမောင်းပြေးခဲ့ရာ ယာဥ်တိုက်မှုဖြစ်ပြီး ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ပရဟိတအသင်းတွေဆီက သိရပါတယ်။
ရွှေပြည်သာကွေ့အနီးက CNG ဆိုင်က ခိုးယူမောင်းပြေးခဲ့တဲ့ YBS 94 ခရီးသည်တင်ယာဥ်ဟာ ဒညင်းကုန်းလမ်းဆုံမီးပွိုင့်နဲ့ ဖော့ကန်မီးပွိုင့်မှာ နှစ်ကြိမ်တိုက်ခဲ့လို့ ကလေးငယ် တဦးနဲ့စိတ်ဝေဒနာရှင် တဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကြယ်စင်မေတ္တာအသင်းက တာဝန်ရှိသူတဦးက VOM ကိုပြောပါတယ်။
“ဒညင်းကုန်းလမ်းဆုံမှာက ၁၂ အရွယ်ကလေးတစ်ဦးသေတယ်၊ ဂျပန်လမ်းမှတ်တိုင်က အမျိုးသမီးတဦးသေတယ်၊ DadeBody ကို ကနောင်နာကူအသင်းက လာသယ်သွားတယ်၊ ကျွန်မတို့က လူနာတွေကို အင်းစိန်ဆေးရုံကိုပို့တာ”လို့ သူကရှင်းပြပါတယ်။
ဒဏ်ရာရရှိသူဟာ အမျိုးသားတဦးနဲ့အမျိုးသမီးနှစ်ဦးဖြစ်ပြီး အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
လက်တလောမှာ YBS 94 ခရီးသည်တင်ယာဥ်ကို ခိုးယူမောင်းပြေးတဲ့ အမျိုးသားကို ယာဥ်ထိန်းရဲတပ်ဖွဲ့က ရွာမရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
#voiceofmyanmar #VOM #ရန်ကုန်