ဒီနေ့ မန္တလေးမြို့မှာ ရဲလှည့်ကင်းကား နဲ့ အချုပ်ကား မိုင်းခွဲခံရတဲ့ ဖြစ်စဉ်၂ခုရှိပြီး ရဲအုပ်၊ ဒုရဲအုပ်နဲ့ ရဲတပ်ကြပ်တို့ ဒဏ်ရာရ

နိုဝင်ဘာ ၁-၂၀၂၂
Voice Of Myanmar(VOM)

မန္တလေးမြို့မှာ ဒီကနေ့မနက်ပိုင်းကပဲ မဟာအောင်မြေမြို့နယ်နဲ့ အောင်မြေသာစံမြို့နယ်တို့မှာ ရဲလှည့်ကင်းကားနဲ့ အချုပ်ကားတို့ မိုင်းခွဲခံရပြီး ရဲအုပ် ရဲမေအပါအဝင် ရဲ၃ဦး ဒဏ်ရာရတဲ့ဖြစ်စဥ်တွေ ဖြစ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနဲ့ ၄၁လမ်းထောင့် မီးပွိုင့်အနီးမှာ ဒီကနေ့မနက် ၁၀နာရီ ဝန်းကျင်အချိန်က အချုပ်သားတွေ တင်လာတဲ့ ရဲအချုပ်ကားကို ဆိုင်ကယ်နဲ့အမည်မသိ အမျိုးသား၂ဦးက လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ခဲ့တာကြောင့် အချုပ်ကားပေါ်ပါလာတဲ့ ရဲမေ ၂ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“အချုပ်ကား မောင်းလာချိန် လက်လုပ်မိုင်းနဲ့ပစ်ခံရတာပါ၊ ရဲအုပ်အဆင့် ရဲမေတဦးနဲ့ ရဲတပ်ကြပ် ရဲမေတဦး မိုင်းစထိမှန် ဒဏ်ရာရပါတယ်၊ တရားခံဖမ်းမိဖို့အတွက်တော့ ဆက်လုပ်နေပါတယ်”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။

မန္တလေးမြို့ခံတဦးကလည်း ” ခင်စောမူကွေ့နားရောက်ချိန် အုန်းကနဲ အသံကြားတော့ ကားကို ပြန်ကွေ့ပြီး ပြေးရတော့တာပဲ၊ အဲ့ဒီအသံကြားပြီး သေနတ်တွေ ဆက်တိုက်ပစ်တော့တာပဲ နောက်လှည့်မကြည့်နိုင်ခဲ့ဘူး၊ ရဲကားအပစ်ခံရတာဆိုတော့ အထိအခိုက်တော့ရှိမှာ”လို့ ပြောပါတယ်။

နောက်ဖြစ်စဉ်ကတော့ အောင်မြေသာစံမြို့နယ်၊ ၁၂လမ်းနဲ့ ၈၈ထောင့်မှာလည်း မနက် ၆နာရီအချိန်ခန့်က ရဲလှည့်ကင်းကားတစီး မိုင်းထောင်ဖောက်ခွဲခံရတာပြီး ကားပေါ်ပါလာတဲ့ ဒုရဲအုပ်တဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဥ်တွေ ဖြစ်ပွါးပြီး နောက်ပိုင်း မန္တလေးမြို့ပေါ်က အဓိက လမ်းမတွေနဲ့ နေရာအတော်များများမှာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့လည်း မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW