ပြုံးမယောင် မျက်နှာကလေးရဲ့ နုတဲ့ပါးပြင်ဆီ

 

 

ဆူးငှက်

 

 

“မြို့မ ဗုဒ္ဓဝေယျာဝစ္စ တူရိယာအသင်း””ကို ၁၉၂၅ ခုနှစ်တွင် စတင်သ ေန္ဓတည်၍ ၁၉၂၈ ခုနှစ်တွင် အပီအပြင် ဖွဲ့စည်းရာ၌ ဓားတန်းဦးသန့်က လက်မွန်မဆွ ဦးဆောင်ပါဝင်ခဲ့သောကြောင့် ဖြစ်ပါ၏။ ဓားတန်းဦးသန့်(ကိုသန့်) အပါအဝင် ကိုဘညိန်း(မြို့မငြိမ်း)၊ ကိုဘငွေ၊ ကိုဘသက်၊ ကိုလှဒင်၊ ကိုမြသိန်း၊ ကိုရင်လေး၊ ကိုဘဒင်၊ ကိုဘကြင်၊ ကိုအုံး စသည့် လူငယ်များ စုစည်းတည်ထောင်သည့် မြို့မတူရိယာအသင်းသည် မူလက ဗုဒ္ဓဝေယျာဝစ္စ အပျော်တမ်းတူရိယာအသင်းဟု အမည်ပေးကာ တီးမှုတ် သီဆိုဖျော်ဖြေမှု အတွက်သာဟု ယူဆနိုင်သော်လည်း ဓားတန်းကိုသန့်နှင့် မြို့မငြိမ်းဖြစ်လာမည့် ကိုဘညိန်းတို့၏ ဂီတပါရမီနှင့် ဂီတလေ့လာအားများက ရေရှည်မျှော်ကြည့်သော အမြင်များရှိကြောင်း အသင်း၏ ရည်ရွယ်ချက်၆ရပ်တွင် တွေ့ရှိနိုင်သည်။

 

 

 

သည်ကတည်းက ၂၈လမ်း တရုတ်တန်းသား ကိုဘညိန်းနှင့် ဓားတန်းက သူဌေးသား ကိုသန့်တို့ တွဲမိကြသည်။ ဂီတလေ့လာတော့လည်း အတူတူ၊ ဂီတသင်္ကေတပညာ သင်ယူတော့လည်း အတူတူ၊ ထို့ကြောင့် မြို့မဟူသော အပျော်တမ်းတူရိယာဝိုင်း ထူထောင်တော့လည်း အပျော်တမ်းဖြစ်ငြား သာမန် သီဆို တီးမှုတ် ဖျော်ဖြေဟူသော အဆင့်မျှ မကဘဲ မြင့်မြင့်ပျံ ဝေးဝေးမြင်လိုသော ကြီးမားသည့် ဂီတရည်မှန်းချက် ရှိကြသည်ကလည်း တူညီသည်။

 

 

အသင်း၏ ဖျော်ဖြေရေးအတွက် သီချင်းရေးစပ်သည်ကိုပင် ကိုဘညိန်းက သူတို့ ရည်မှန်းချက်ကို လေ့လာ စမ်းသပ်မှုကိုအလွတ်မပေးခဲ့။ ရှိပြီးသား မဟာဂီတလာ သီချင်းထဲက တေးသွားအပိုဒ်ကို အနောက်တိုင်းတူရိယာများဖြင့် ဂီတသင်္ကေတကိုအသုံးပြုကာ ဝိုင်းဖွဲ့တီးမှုတ်ခြင်းက အမြဲပါသည်။ ထို့နောက် အသွားသစ် အသံသစ်များဖြင့် သံစုံ အဝင်အထွက် တီးမှုတ်မှုနှင့်ဆက်စပ်သည်။ ထိုလုပ်ဆောင်မှုများအတွက် ကိုဘညိန်းကို အများဆုံး အကူအညီပေးသူက ဓားတန်းကိုသန့် ဖြစ်သည်။ ထို့အတူဓားတန်းကိုသန့် ဖြစ်ချင်သော ဂီတကို ပုံဖော်ပေးသူကလည်း ကိုဘညိန်း(မြို့မငြိမ်း) ဖြစ်ပါ၏။ ဓားတန်းဦးသန့်က သူနှင့်ရည်ရွယ်ချက်တူသူ မြို့မငြိမ်းနှင့် ပတ်သက်၍ သူ၏ “အနုပညာ ရသ” စာတမ်းတွင် ဤသို့ ဖော်ပြခဲ့သည်။

 

ဆရာငြိမ်းကိုချီးကျူးဂုဏ်ပြုလိုတဲ့သဘော

 

 

“ကျွန်တော်ပြောချင်တာက အခုမရှိတော့တဲ့ ကျွန်တော် တို့ရဲ့ အလွန်ရင်းနှီးတဲ့မိတ်ဆွေ အလင်္ကာကျော်စွာ မြို့မငြိမ်းရဲ့ သုခုမအကြောင်းပါပဲ။ တစ်နည်းတော့ ကျွန်တော်က ဆရာငြိမ်း ကို ချီးကျူး ဂုဏ်ပြုလိုတဲ့ သဘောပါပဲ။

 

ဆရာငြိမ်းဟာ ကျွန်တော်နဲ့ ငယ်ငယ်ကပဲသိကျွမ်းပြီး အလွန်ရင်းနှီးတဲ့ မိတ်ဆွေပဲ။ ကျွန်တော်တို့ဟာ တစ်ယောက် တစ်ယောက်အတွင်းသိတွေပါ။ ဒီဆရာငြိမ်းဟာ သူ့အဖိုးအဖွားများက သဘောတူလို့ ပေးစားတဲ့မိန်းမကိုပဲ ရိုးရိုးသားသား၊ သားမှတ်မှတ်မယားမှတ်မှတ် ပေါင်းသင်းပါတယ်။

 

ဒီမိန်းမကလွဲရင် သူ ရည်းစားလည်း မထားဖူးဘူး။ ပိုးတယ် ပန်းတယ်လည်း မရှိဘူး။ တကယ်တော့ စုပေါင်းစကားစမြည် ပြောကြရင်တောင် မိန်းကလေး တစ်ယောက် နှစ်ယောက်ပါနေရင် သူဟာ ခေါင်းငုံ့ပြီး ဆိတ်ဆိတ်နေတာ တွေ့ရပါတယ်။ ဒီလိုနေလေ့ရှိပါလျက်နဲ့ သူ့ရဲ့Observation Power အလွန်ထက်မြက်တာ တွေ့ရပါတယ်။

 

Observation Power ဆိုတာကဘာပဲ ကြည့်လိုက်ကြည့်လိုက် ကျယ်ကျယ်ပြန့်ပြန့်လဲ မြင်တယ်၊ စူးစူးစိုက်စိုက် ပိုင်းပိုင်းခြားခြားလဲ မြင်တယ်။ အဲဒီ မြင်တာကို ပိုင်ပိုင်မှတ်မိတယ်။ ပိုင်ပိုင်ဝေဖန်နိုင်တယ်။ ဒီလိုမိန်းမတွေ ရှောင်ပါရဲ့နဲ့ သူ မိန်းမရဲ့စိတ်၊မိန်းမရဲ့ မျက်နှာတွေကို သိမ်သိမ်မွေ့မွေ့သိတတ်တာ၊ ပြီးတော့ သူ့သုခုမပညာနဲ့ ပရိသတ်တွေအသိမှာ လှလှနုနုနဲ့ ဖော်ထုတ်နိုင်တာကျွန်တော်တော့အံ့သြမိပါတယ်။ အဲဒီအစွမ်းကိုပဲ ကျွန်တော်ချီးကျူးဂုဏ်ပြုပါတယ်။

ကျွန်တော်ပြောချင်တာက အရင်နှစ်ပေါင်းများစွာကဆရာငြိမ်းရေးခဲ့တဲ့ “ဘုရားဈေး”ဆိုတဲ့ သီချင်းပါပဲ။ ဒီသီချင်းဟာတစ်နေ့က မြို့မရွှေရတု အခမ်းအနားမှာ ပြန်လည်ဖော်ထုတ်ခဲ့တယ်။ ဒါကြောင့် အခုတော့ ပွဲတွေမှာမြို့မကလည်း တီးတီးနေတော့ အားလုံးကြားမိကြမှာပါပဲ။

သီချင်းက(ကာလသားတွေ လာပြန်ရင် ပိုက်ဆံမပေးရတိုင်း ပိုးလည်း ပိုးရှာကြတော့သည်။ နုတဲ့ပါးပြင်ဆီ ရှက်သွေးဥလို့နီ)တဲ့၊ ကဲ အဲဒါ ကျွန်တော်တို့က အရသာခံတဲ့ ဘက်ကအနေနဲ့ ညှစ်ထုတ် ကြည့်ကြရအောင်။ အဲဒီမျက်နှာလေးကို စိတ်ကူးပြီးပေါ်အောင်ကြည့်စမ်းပါ။ ကာလသားတွေက ပိုးတော့ မိန်းကလေးပဲ သူ့စိတ်ထဲက ကျေနပ်မယ်ပေါ့။ ဒါပေမယ့် မိကောင်းဖခင်သမီးပီပီ ဟီရိတို့ သြတ္တပတို့ရှိတဲ့ ဣန္ဒြေရှင်ကလေးလည်း ဖြစ်တော့ ဒီကိစ္စမျိုးမှာ အရှက်သဘောလဲဝင်မယ်ပေါ့၊ သူ့ဟာကဥပမာ-လူတွေထဲ ထဘီကျွတ်လို့ မျက်နှာနီရဲသွားအောင်ရှက်တာမျိုး မဟုတ်ဘူး။ တကယ်လို့ အဲဒီလိုရှက်စရာဖြစ်လို့ မျက်နှာနီရဲသွားရင် ကျွန်တော်တို့ ဘေးကမြင်တဲ့လူတွေပါ စိတ်မချမ်းသာဖြစ်မယ်။ မျက်နှာလွှဲကြရမယ်ပေါ့၊ အခုဟာက “နုတဲ့ပါးပြင်ဆီရှက်သွေးဥလို့နီ” ရုံမျှဆိုတော့ ကျွန်တော်တို့မြင်ရတဲ့လူတွေ အလွန်အရသာ ရှိတဲ့မြင်ကွက်ပဲ။ မျက်နှာလွဲစရာလည်း မရှိဘူးပေါ့။ဒီမှာ ပါးကလေးမှာ သွေးတွေ ရောက်လာတာမျှဆိုတဲ့ အရသာ ဆရာငြိမ်းသိတယ်။ ပြီးတော့မှ သူများ အရသာပေါ်အောင်ကျတော့ စကားလုံးရွေးတာကလည်း (နုတဲ့ပါးပြင်ဆီ ရှက်သွေး ဥလို့ နီ) တဲ့၊ ဘယ်လောက်ပညာသားပါလဲ၊ ဘယ်လောက်သုခုမ ပါသလဲပေါ့၊

 

နောက် ဒီသီချင်းထဲမှာပဲပါတာက (ပြုံးမယောင် မျက်နှာကလေးက မရဲတရဲ ဘာကိုဝယ်မလဲရှင်၊ ဈေးသည်ပီပီ မေးတတ်ရှာပေသည်) တဲ့။ ဒီပြုံးမယောင်မျက်နှာလေး မရဲတရဲဆိုတဲ့ မျက်နှာဟာ ယောက်ျားတွေ အလွန်ချစ်တဲ့ မျက်နှာထားပဲ၊ ဘာကြောင့်ဆိုတော့ ယောက်ျားတွေရဲ့ ယောက်ျားမာနစွဲအတ္တ ဒိဋ္ဌိစွဲအတ္တကို ဒီလိုအားငယ်တဲ့ မိန်းကလေးပါ ဆိုတဲ့သဘော အလွန်ဘဝင်မြင့်စေတယ်။ အခု ကျွန်တော်တို့ မိန်းမရှိတဲ့လူချင်း မိန်းမက နိုင်တယ်၊ မိန်းမ ကြောက်ရတယ်ဆိုရင် အခံခက်ကျတာ ဒီသဘောပဲပေါ့။

 

ဆရာငြိမ်းရဲ့ နောက်နှစ်ကွက် တင်ပြပါဦးမယ်။ ဒါကတော့ (နွဲ့မျိုးစုံ)ဆိုတဲ့ သီချင်းထဲကပဲ။ အဲဒါက (နှုတ်ခမ်းစူကာ မူမှာပင်၊ ငိုမဲ့မဲ့နွဲ့မယ်ရှင်)တဲ့၊ အခု ကျွန်တော်ပြောနေတာ မိန်းကလေးစိတ် ဓာတ်ပုံရိုက်တဲ့ သဘောတွေ ပြောနေတာပါ။ ဒါ မေ့မသွားကြပါနဲ့ဦး၊ ဆက်ပြောရင် နှုတ်ခမ်းစူကာ မူမှာ ပင်၊ ဆိုတာပဲ စိတ်ကူး ကြည့်ကြပါ။ သူ့ဟာက စိတ်ဆိုးတာပြောပြီး ဘရိတ်အုပ် ထားပါတယ်။ စိတ်ဆိုးတာ အဟုတ်မဟုတ်ဘူး၊ မူတာမျှလို့ဆိုတာပါ။ ခင်ဗျားတို့လည်း ဒီအမူမျိုးခံဖူးကြမှာပဲ၊ ဘယ်လိုစိတ်တွေပေါ်လဲ။တိုတိုပြောရရင်တော့ ချော့ချင်တဲ့စိတ်တွေ ပေါ်မယ်ပေါ့” ဟူ၍ တင်ပြခဲ့သည်။

 

 

မြန်မာ့ဂီတပွဲတော်

တကယ်တော့ ဓားတန်းဦးသန့် နှင့် မြို့မငြိမ်းတို့က မြို့မတူရိယာအသင်းကို အလှူပွဲ မင်္ဂလာပွဲနှင့် ဘုရားပွဲ ကျောင်းပွဲများတွင် ဧည့်ခံဖျော်ဖြေသော တီးဝိုင်းအဖွဲ့မျှသာ တင်းတိမ်ရောင့်ရဲစွာ ဖွဲ့စည်း ဦးဆောင်ကြတာမဟုတ်။ မြန်မာ့ဂီတကိုနိုင်ငံတကာစံနှုန်းများနှင့် အဆင့်မီ တင်ပြလိုကြသည့် မြင့်မားသော ရည်ရွယ်ချက်ဖြင့် ဦးဆောင်ကြခြင်း ဖြစ်သည်။ ထိုရည်မှန်းချက်ဖြင့် ကြိုးပမ်းကြလျှင် တစ်နေ့၌ ရန်ကုန် (သို့မဟုတ်) မန္တလေးမြို့ကြီးများရှိ အမျိုးသားဇာတ်ရုံကြီးများတွင်ရွှေရောင်များဖြင့် အလွန်သားနား ခံ့ညားသည့် စင်မြင့်ထက်မှာ မြန်မာပိုးချိတ်လုံချည် မြန်မာပိုးတိုက်ပုံနှင့် အုပ်ပေါင်းများ ဆင်တူပေါင်းထားသည့် မြန်မာ အတီးအမှုတ်ဆရာများက ရွှေရောင် တဖိတ်ဖိတ် တောက်နေသော တူရိယာပစ္စည်းများဖြင့် မြန်မာပရိသတ်များသာမက နိုင်ငံခြားဧည့်သည်များကိုပါ ဖျော်ဖြေ တင်ဆက်နေသည့် မြန်မာဆင်ဖိုနီ တီးဝိုင်းကြီးအဖြစ် မြင်တွေ့စေရမည်၊ မြန်မာပြည်ရောက်လျှင် မြန်မာဆင်ဖိုနီဝိုင်းကြီး၏ တင်ဆက်မှုကို ခံစားဖူးမှ ပြီးပြည့်စုံစေရမည် ဟူသော ယုံကြည်ချက်ဖြစ်သည်။

 

 

ထိုအချိန်တွင် တစ်ကမ္ဘာလုံးက ကမ္ဘာလှည့် ခရီးသည်များသည် သူတို့၏ ခရီးစဉ်ကို ရေးဆွဲကြသည့်အခါသီတင်းကျွတ်လ တန်ဆောင်မုန်းလ များတွင် မြန်မာ့ဂီတပွဲတော်နှင့် ကြုံကြိုက်ရန် တကူးတကန့် ချိန်ကိုက် ရေးဆွဲကြမည့်ခရီးစဉ်များ ဖြစ်စေရမည် ဟူသည်အထိ ရည်ရွယ်ထားကြ၏။ တစ်နေ့သော် တစ်ကမ္ဘာလုံးရှိ ဂီတဝါသနာရှင်များက မြန်မာဂီတပွဲတော်ကို တက်ရောက်ဖူးမှသာ သေပျော်သည်ဟူသည့် စွဲလန်းမှုမျိုးဖြုစ်စေရမည်ဟူသော “ကမ္ဘာကြည့်” ကြည့်မြင်ကာ ဂီတကိုဖန်ဆင်းလိုကြခြင်း ဖြစ်ပါ၏။

 

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #မြို့မငြိမ်း #ပြုံးမယောင်မျက်နှာကလေးရဲ့ နုတဲ့ပါးပြင်ဆီ #မြို့မ #ဓားတန်းဦးသန့်

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW