တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ် မံပုံရွာမှာ နေအိမ်တွေမီးလောင်ပြီး ရွာလုံးကျွတ် စစ်ရှောင်နေရ

မေ ၁၇၊ ၂၀၂၄
Shy V (VOM)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ မံပုံရွာက ဒေသခံတွေ ရွာလုံးကျွတ် စစ်ရှောင်ကြရပြီး တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မံပုံက ဒေသခံတွေ မရှိ‌တော့ဘူး။ အခု အဲဒီဘက်နား တိုက်ပွဲ ဖြစ်နေတာ။ ဗန်းမော်မြို့ထဲဘက်ကလည်း အချိန်မရွေး လက်နက်ကြီး ပစ်နေတယ်။ ဗုံးကြဲနေတာလည်း အဆက်မပြတ်ပဲ ။ မြို့ထဲနေတာတောင် အိပ်မရဘူး။ စိတ္တဇ ဖြစ်တော့မယ်” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
တိုက်ပွဲက နားလိုက် ချလိုက် ဖြစ်နေပြီး မိုးမောက်ဘက်တင်မကပဲ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်မေတယ်လို့ သူက ပြောပါတယ်။
“ဒီနေ့လည်း မိုးမောက်ဘက် လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်။ မနေ့ကတော့ မံပုံဘက် လေယာဉ် ဗုံးကြောင့် မီးလောင်နေတာ။ ညပိုင်းထိလည်း လောင်နေတုန်းပဲ။ ၅ မိုင်ဘက်ထိတောင် လောင်တယ်လို့ကြားတယ်” လို့ ဒေသခံ တ‌ယောက်က ပြောပါတယ်။
မိုးမောက်မြို့ထဲမှာတော့ တိုက်ပွဲ မရှောင်တဲ့ ဒေသခံတွေ တချို့ ရှိနေသေးတယ်လို့ သူက ပြောပါတယ်။ နေအိမ်တွေ မီးလောင်နေတာ မြင်ရပေမယ့် ပြန်ကြည့်လို့ မရတာကြောင့် ဘယ်နေရာ၊ ဘယ်သူ့ အိမ်တွေ လောင်ကုန်တာ အတိအကျ မသိရဘူးလို့ မံပုံ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကစ ဒီနေ့ မေလ ၁၇ ရက်နေ့အထိ ဗန်မော်ခရိုင်အတွင်းက မိုးမောက်နဲ့ မံစီ ဘက်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး တိုက်ပွဲကြောင့် နေအိမ် ရာချီ မီးလောင်ပျက်စီး သွားပြီဖြစ်ပြီး ပြည်သူ တချို့ ထိခိုက်သေဆုံးမှု ရှိထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Photo Crd# ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW