ပုဂ္ဂလိကကျောင်းတွေကို ကန်ထရိုက်နဲ့ လုံးချင်းတိုက်တွေမှာ ဖွင့်ခွင့်မပြုတာ အပါအဝင် ညွှန်ကြားချက် ၄၄ ချက် ထွက်ရှိ

အောက်တိုဘာ ၂၄ – ၂၀၂၆
SS (VOM)
ပုဂ္ဂလိကကျောင်းတွေအတွက် ညွှန်ကြားချက် ၄၄ ချက် ထွက်ရှိထားပြီး ကန်ထရိုက်တိုက်၊ လုံးချင်းတိုက်တွေမှာ ဖွင့်လှစ်ခွင့်မပြုတာအပြင် အစိုးရကျောင်းအချင်းချင်း၊ ကိုယ်ပိုင်ကျောင်းအချင်းချင်း အနည်းဆုံး ကိုက် ၁၀၀၀ ကွာဝေးရမယ်လို့ ကန့်သတ်ထားကြောင်း ပညာရေးအသိုင်းအဝိုင်းမှ သိရပါတယ်။
ညွှန်ကြားချက်အသစ်အရ ပုဂ္ဂလိကကျောင်းတွေရဲ့ စာသင်ခန်း အကျယ်အဝန်းဟာလည်း သတ်မှတ်ချက်နဲ့အညီ ရှိရမှာဖြစ်ပြီး ကစားကွင်း၊ သိပ္ပံခန်းတွေလည်း သတ်မှတ်အကျယ်အဝန်းအတိုင်း မဖြစ်မနေ ပါဝင်ရမယ်လို့ သိရပါတယ်။
အဲဒီ ညွှန်ကြားချက်ကို သက်ဆိုင်ရာ ပညာရေးမှူးရုံးတွေကတဆင့် ကျောင်းတွေထံ ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက တရားဝင် အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ပုဂ္ဂလိကကျောင်း ဖွင့်လှစ်ထားသူ တယောက်က “အစိုးရကျောင်းနဲ့ရော၊ ကိုယ်ပိုင်ကျောင်းအချင်းချင်းပါ ကိုက် ၁၀၀၀ ဝေးရမယ်ဆိုတဲ့ အချက်က လက်တွေ့မြေပြင်နဲ့ အရမ်းကွာဟနေတယ်။ လူဦးရေထူထပ်တဲ့ မြို့နယ်တွေမှာ ဒီအတိုင်း သတ်မှတ်လိုက်ရင် နေရာရဖို့ မဖြစ်နိုင်သလောက် ဖြစ်သွားပြီ။ ကျောင်းတော်တော်များများ ပိတ်ရမယ့် အခြေအနေ ဆိုက်လာနိုင်တယ်” လို့ ပြောပါတယ်။
လာမယ့် ၂၀၂၇ – ၂၀၂၈ ခုနှစ် ပညာသင်နှစ်မှစတင်ကာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျောင်းတွေကိုသာ မှတ်ပုံတင်ခွင့်ပြုမယ်လို့လည်း ပညာရေးဝန်ကြီးဌာနက အသိပေးထားတာကြောင့် ကျောင်းပိုင်ရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ ကျောင်းအဆောက်အအုံတွေကို သတ်မှတ် အင်္ဂါရပ်တွေနဲ့ ကိုက်ညီအောင် ကြီးမားစွာ ပြင်ဆင်ရမယ့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာ အဆင့်မီအောင် လုပ်ချင်တာကို နားလည်ပါတယ်။ ဒါပေမယ့် ရုတ်တရက် အပြောင်းအလဲကြီးတွေက ရင်းနှီး မြှုပ်နှံထားသူတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်နေတယ်။ စံချိန်စံညွှန်း ကိုက်ညီအောင် ပြင်ဆင်ဖို့ အချိန်ကာလ အလုံအလောက် မပေးဘဲ ကန့်သတ်ချက်တွေချည်း တိုးလာနေတယ်လို့ ခံစားရတယ်” လို့ နောက်ထပ် ပုဂ္ဂလိကကျောင်းတကျောင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လက်ရှိ မှတ်ပုံတင်ရရှိထားတဲ့ ကျောင်းတွေအနေနဲ့ လိုင်စင်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက် ဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပေမယ့် ၂၀၂၇ – ၂၀၂၈ ခုနှစ် ပညာသင်နှစ်မှစတင်ကာ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို သက်ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့တွေက တင်းတင်းကျပ်ကျပ် စစ်ဆေးသွားမယ်လို့ သိရပါတယ်။
ပုဂ္ဂလိကကျောင်းတွေကို မှတ်ပုံတင် ခွင့်ပြုပေးရာမှာ ငါးနှစ်၊ နှစ်နှစ် အစရှိတဲ့ သတ်မှတ်ချက်တွေရှိကာ မှတ်ပုံတင်ကို ပြန်လည် သက်တမ်းတိုးရာမှာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှု ရှိ၊ မရှိကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ထပ်မံစစ်ဆေးပြီး သက်တမ်းတိုးပေးတာ ဖြစ်ပါတယ်။
“ရန်ကုန်လို မြို့ကြီးတွေမှာ မြေနေရာ ကျယ်ကျယ်ဝန်းဝန်းနဲ့ ကိုယ်ပိုင်တိုက်တွေ ဆောက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အခု ကန်ထရိုက်တိုက်နဲ့ လုံးချင်းတွေမှာ မဖွင့်ရဘူးဆိုရင် လက်ရှိ ငှားရမ်းပြီး ဖွင့်လှစ်နေတဲ့ ကျောင်းတွေ ဘယ်လို ရပ်တည်ရမလဲဆိုတာ မတွေးရဲစရာ ဖြစ်နေတယ်” လို့ ကိုယ်ပိုင်အထက်တန်းကျောင်း ဖွင့်လှစ်ထားသူ နောက်ထပ်တယောက်က ပြောပါတယ်။
ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂ဝ၂၆ – ၂၀၂၇ ပညာသင်နှစ်မှာ ဖွင့်လှစ်ခွင့်ပြုခဲ့တဲ့ ပုဂ္ဂလိကကျောင်းတွေကို ကျောင်း အင်္ဂါရပ် အဆောက်အအုံနဲ့ အကျယ်အဝန်း သတ်မှတ်ချက်တွေ၊ ကျောင်းသားဦးရေ ဝင်ဆံ့အင်အားအရ ကျော်လွန် လက်ခံထားတဲ့၊ စာသင်ခန်းအရေအတွက် ပြည့်မီခြင်း မရှိသေးတဲ့ ပုဂ္ဂလိကကျောင်းတွေကို အခု ပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီတနှစ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

✕
VOM News

FREE
VIEW