အပူဒဏ်ကြောင့် လဲကျသေဆုံးသူ ၁၂ ယောက်ဝန်းကျင်အထိ ရှိလာ

အောက်တိုဘာ ၂၅ – ၂၀၂၆
SN (VOM)
ဒေသတချို့မှာ အောက်တိုဘာ ၁ ရက်နေ့ကနေ ၂၄ ရက်အထိ အပူဒဏ်ကြောင့် ရုတ်တရက် လဲကျသေဆုံးသူ ၁၂ ယောက်ဝန်းကျင်အထိ ရှိလာတယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
မွန်ပြည်နယ်မှာ သေဆုံးသူ အများဆုံးဖြစ်ပြီး ဘီးလင်းမြို့နယ်မှာ လေးယောက်၊ မော်လမြိုင်မြို့နယ်မှာ သုံးယောက်၊ မုဒုံမြို့နယ်မှာ တယောက်၊ သထုံမြို့နယ်မှာ တယောက်၊ စုစုပေါင်း ကိုးယောက် ရှိနေပြီလို့ သိရပါတယ်။
ရန်ကုန်တိုင်းအတွင်းက သန်လျင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ စမ်းချောင်းမြို့နယ်တွေမှာလည်း အပူဒဏ်ကြောင့် ရုတ်တရက် သတိလစ်သေဆုံးသူ သုံးယောက်ရှိပြီး မရမ်းကုန်းမြို့နယ်၊ ကျောက်တံတားမြို့နယ်နဲ့ ပဲခူးတိုင်း တောင်ငူမြို့နယ်တွေမှာလည်း လေဖြတ်သူ တယောက်၊ သတိလစ်လဲကျသူ နှစ်ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အပူဒဏ်ကြောင့် သေဆုံးသူ၊ သတိလစ်၊ လေဖြတ်သူတွေထဲမှာ သက်ကြီးပိုင်းတွေအပြင် သက်လတ်ပိုင်း လူငယ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
အခုလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဆေးပညာနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အသိပညာပေးမှုတွေ ပြုလုပ်နေတဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာကျော်မင်းထွန်းက
“Heat Stroke (အပူဒဏ်ကြောင့် သတိလစ်ခြင်း) ဖြစ်တာပေါ့။ ပြင်းထန်တဲ့ အပူချိန်ကြောင့် ခန္ဓာကိုယ်က ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးပြီး သတိလစ်တာမျိုးပါ။ အတော်များများက အပူလျှပ်တယ်ဆိုရင် သာမန်ကာလျှံကာပဲ တွေးတတ်ကြပါတယ်။ တကယ့်တကယ်တမ်းတော့ Heat Stroke ဖြစ်ပြီဆိုရင် မူးလဲတာ၊ သတိလစ်တာကနေ စလို့ အကြောသေ၊ အကြောဆိုင်းတာကနေ ဦးနှောက်သွေးကြော ပြတ်တဲ့အထိကို ဖြစ်တတ်ပါတယ်” လို့ ပြောပါတယ်။
အပူပြဿနာဆိုပါက အဆင့် သုံးဆင့်ရှိပြီး အပူကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် အားအင်ကုန်ခမ်းခြင်း၊ အပူလျှပ်ခြင်းတို့ဖြစ်ကာ ဒီသုံးခုလုံးက အရေးပေါ် အခြေအနေဖြစ်တယ်လို့ သူက ပြောပါတယ်။
“အပူချိန်များတဲ့ နေရာမှာ နေတယ် (ဒါမှမဟုတ်) နေပူထဲမှာ အလုပ်လုပ်တဲ့သူဖြစ်တယ် ဆိုရင် ဒီအခြေအနေ သုံးခုအကြောင်းကို သိကို သိထားသင့်တယ်ပါတယ်။ ဒီအရေးပေါ်ပြဿနာတွေက စောစောသိပြီး စောစောကုနိုင်မယ်ဆိုရင် အသက်ရှင်နိုင်ခြေများပြီး အထူးသဖြင့် ကြွက်တက်တဲ့အဆင့်၊ အားအင် ကုန်ခမ်းတဲ့အဆင့်မှာ သိမယ်ဆိုရင် အပူလျှပ်တဲ့အထိ မဖြစ်အောင် ကာကွယ်နိုင်တယ်” လို့ သူက ပြောပါတယ်။
Heat Stroke မဖြစ်အောင် ကာကွယ်ဖို့အတွက် နေရောင်အောက်မှာ တနေကုန် အလုပ်လုပ်တာကို ရှောင်သင့်ပြီး နေရောင်အောက်မှာ လုပ်ကို လုပ်ရမယ့်အလုပ် ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့် ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရမယ်လို့ သူက ပြောပါတယ်။
နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ တွေ ဝတ်ဖို့ လိုအပ်ပြီး အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (ဒါမှမဟုတ်) အရောင်ဖျော့ဖျော့လေးတွေ ဝတ်သင့်တယ်လို့ ဒေါက်တာကျော်မင်းထွန်းက အကြံပြုပါတယ်။
နေရောင်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ် ဆောင်းထားသင့်ပြီး အရမ်းပူတဲ့အချိန် (အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။
Heat Stroke ဖြစ်ပါက ဆေးရုံ၊ ဆေးခန်းကို သွားတာဟာ အကောင်းဆုံးဖြစ်ပေမယ့် ရုတ်တရက်ဖြစ်တဲ့ အခြေအနေမှာဆိုရင်တော့ အရေးပေါ် ရှေးဦးသူနာ ပြုစုနည်းတွေနဲ့ သက်သာအောင် ပြုလုပ်ပေးရမှာဖြစ်ကာ ပန်ကာ (ဒါမှမဟုတ်) လေအေးပေးစက်ရှိတဲ့ နေရာ၊ အရိပ်ရှိတဲ့ နေရာကို လူနာကို အရင်ပို့ပြီး ခန္ဓာကိုယ်ကို လှဲလျက် အနေအထားနဲ့ ခန္ဓာကိုယ်ပေါ်၊ မျက်နှာပေါ်ကို ရေအေးအေး ဖြန်းပေးရမယ်လို့ သိရပါတယ်။
လူနာ သတိမလစ်ဘူးဆိုပါက ရေ (ဒါမှမဟုတ်) ဓာတ်ဆားများများ တိုက်ပေးရမှာဖြစ်ပြီး အဝတ်အစားတွေ အကုန်ချွတ်ကာ အပူကျအောင် ချိုင်း၊ ပေါင်ခြံ (ဒါမှမဟုတ်) လည်ပင်းနားတဝိုက်ကို အဓိကထားပြီး ရေပတ်တိုက်ပေးရမယ်လို့ သိရပါတယ်။
သတိလစ်တဲ့၊ တက်တဲ့အဆင့်အထိ မရောက်ခင် အဲဒီအဆင့်တွေကို သေချာစွာ ပြုလုပ်ပေးပါက အမြန်သက်သာလာနိုင်ပေမယ့် အပူချိန်က တက်ပြီးရင်း ထိုးတက်လာပြီး ချွေးတွေ အဆမတန် ထွက်လာပြီဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မီ ပို့ပေးဖို့ လိုအပ်ကာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ဆေးရုံဆေးခန်းကို ရတဲ့နည်းနဲ့ သွားတာက အကောင်းဆုံးလို့ သိရပါတယ်။
Photo – CJ/Y.Rescue

Related posts

✕
VOM News

FREE
VIEW