အောက်တိုဘာ ၂၅၊ ၂၀၂၆
Shy V (VOM)
ဗန်းမော်မြို့နယ် တာပိန်တံတားအနီး အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းက လေကြောင်း ဗုံးထပ်ကြဲခံရပြီး လူထိခိုက်မှုရှိကာ အစိုးရတပ်က စစ်ကြောင်းဆက်ထိုးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အရင်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ လေကြောင်းဗုံးထိမှန်တဲ့ တာပိန် တံတားအနီး မနေ့ အောက်တိုဘာလ ၂၄ ရက်နေ့က လေကြောင်း ထပ်မံ ဗုံးကြဲလို့ လူသုံးယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိကြောင်း ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဆိုင်ကယ်နဲ့ ဖြတ်လာတာ အမျိုးသမီး နှစ်ယောက် လေယာဉ် ဗုံးစ ထိမှန် သေဆုံးသွားတာ။ လမ်းကောင်းတော့ ဆိုင်ကယ် အရှိန်နဲ့ လေတိုးသံနဲ့ လေယာဉ်သံ မကြားလိုက်ဘူးနေမှာ။ အဲဒီ နှစ်ယောက်က နယ်ခံမဟုတ်ဘူး။ ရွှေကူနယ်ဘက်က ခရီးသွား ဧည့်သည်လို့ သိရတယ်” လို့ သူက ပြောပါတယ်။
မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးပေါ်ရှိ မြို့သစ် တံတားကြီးကို အောပ်တိုဘာလ ၂၄ ရက်နေ့ မနက် ၁၀ နာရီကျော်ခန့်က ဂျက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲခံရပြီး လူထိခိုက်သေဆုံးမှု ရှိတယ်လို့ KIA ဘက်က သတင်းထုတ်ထားပါတယ်။
ဒေသခံ နှစ်ယောက်နဲ့ ဝန်ထမ်း တယောက် သေဆုံးပြီး နောက်ထပ် ဒေသခံ တယောက်က ထိခိုက် ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။
အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း အဲဒီ တံတားမှာ လေကြောင်း ဗုံး ထိမှန်ခဲ့တာ ဖြစ်ပြီး ယမန်နေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ထပ်မံ ဗုံးကြဲခံရတယ်လို့ လည်း ဖော်ပြထားပါတယ်။
အစိုးရတပ်က ဗန်းမော်ဘက်ကို စစ်အင်အား ဖြည့်တင်း ထိုးစစ်ဆင်လာတာကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ခုခံ တိုက်ခိုက်ရာက တိုက်ပွဲ ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။
“စစ်တပ်ဘက်ကတော့ ဗန်းမော်ဘက် ရေ ကြောင်းနဲ့ အင်အား ဖြည့်လာပြီးနောက် နေ့တိုင်း နီးပါး ဗန်းမော်ဘက် တိုက်ပွဲ ပြင်းထန်နေတယ်။ KIA ဘက်က ခံစစ်ပုံစံပဲ တိုက်နေတယ်လို့ သိရတယ်။ စစ်တပ်ဘက်ကတော့ ဟန်တဲ ဘက် စစ်ကြောင်းထိုးလာတယ်လို့ ကြားတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
အစိုးရတပ်ဘက်က ကားလမ်းမကြီး ပေါက်သွားအောင် စစ်ကြောင်းထိုး တိုက်နေပုံရတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ မနက် ၅ နာရီခန့်ကစ ဗန်းမော် တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး လက်ရှိထိ တိုက်ပွဲ ကာလ ၂ နှစ်နီးပါး ကြာလာပြီ ဖြစ်ပါတယ်။
Video Crd# ဒေသခံ
