နိုဝင်ဘာ ၁၂-၂၀၂၂
GG(VOM)
အခုနှစ် မိုးစပါး နဲ့ မကြာခင်စိုက်ပျိုးတော့မယ့် နွေစပါးစျေးနူန်းကို စပါး တင်း ၁၀၀ ကို ၆၃၀၀၀၀ သတ်မှတ်တယ်လို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဈေးကွက်ပေါက်ဈေးဟာ အခြေခံရည်ညွှန်းစပါးဈေးနှုန်းအပေါ် ဖြစ်ပါက ဈေးကွက် ပေါက်ဈေးအတိုင်း ဝယ်ယူဖို့နဲ့ ဈေးကွက်ပေါက်ဈေးဟာ အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းအောက် ဖြစ်ပါက အခြေခံဈေးနှုန်းအတိုင်း ဝယ်ယူရမယ်လို့ သိရပါတယ်။
လက်ရှိ ပြင်ပမှာက စပါး တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်း ခွဲကနေ စပြီး စပါးအမျိုးအစားလိုက် စျေးနူန်းမြင့်မားနေချိန် အခုလို စပါးစျေးနူန်းကို ထက်ဝက်လျှော့ချသတ်မှတ်မှုဟာ လက်တွေ့စျေးကွက်အပေါ်အကျိုးသက်ရောက်မှုမရှိပေမယ့်၊ အခုလို စျေး သတ်မှတ်လိုက်တဲ့အဖွဲ့အစည်းကိုတော့ ရှုတ်ချတယ်လို့ တောင်သူတွေကပြောပါတယ်။
” စပါးစျေးဘယ်လောက်ပေါက်နေလဲ သူတို့မသိမမြင်တာလည်းမဟုတ်ဘူး၊အခုတော့ ပေါက်စျေးထက် တဝက်တောင်လျှော့ပြီး အခြေခံစျေးသတ်မှတ်ကြောင်းထုတ်ပြန်တာ မရှက်ဘူးလားမသိဘူး။ လယ်သမားတွေဘဝကို တအားကိုဖိနှိပ်ချင်နေတာ အရမ်းသိသာလွန်းပါတယ်။ ၆သိန်းကျော်နဲ့သူတို့ရောင်းမလား ရရင်ပြန်ဝယ်ပါမယ် “လို့ တောင်သူတဦးကပြောပါတယ်။
ပြီးခဲ့တဲ့နွေစပါးရာသီတုန်းက စပါးတင်း ၁၀၀ ကို ၉ သိန်းစျေးရှိခဲ့ပြီး လက်ရှိ မိုးစပါး စျေးနူန်းကတော့ စပါးတင်း ၁၀၀ ကို ၁၁ သိန်း ၅ သောင်းကနေ စပြီး စပါးအမျိုးအစားလိုက် ကာ ၁၄ သိန်းအထိရှိနေပါတယ်။
” စပါးစျေးလေး မြင့်နေလို့ တောင်သူတွေခံသာတာ၊မဟုတ်ရင် အခုနှစ်ကတော့ ခွေးဖြစ်ပြီ။မြေသြဇာစျေးက သိန်းဂဏန်း၊ စပါးရိတ်ခက တသိန်းနီးပါး၊ စပါးကအထွက်လျော့ ဘာကျန်မလဲ၊သူတို့ပြောတဲ့ ၆ သိန်းကျော်ဆိုရင်တော့ တောင်သူတွေ ခေါင်းကိုမထောင်နိုင်တော့ဘူး။ ဒီစာထုတ်တဲ့သူတွေ မရှက်ကြဘူးလား၊မြေပြင်ခြေအနေကို မသိတာလည်းမဟုတ်ဘဲ လျှောက်ထုတ်နေကြတယ်၊ အခုဖြစ်နေတဲ့ ၁၁ သိန်းကျော်ဆိုတာ စပါးရိတ်ပြီးပြီးချင်းစက်က ကျတဲ့စျေး၊ နေလှန်းပြီးအခြောက်ဆို စျေးပိုမြင့်တယ်”လို့ တောင်သူတဦးကပြောပါတယ်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ကတော့ စပါးသီးနှံ စိုက်ပျိုးတဲ့ တောင်သူတွေအတွက် သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ဈေးကွက်ဖြစ်ပေါ်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မယ့် စပါးအတွက် အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါ ပြဌာန်းချက်နဲ့အညီ ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
စပါး အစိုဓာတ် (၁၄)ရာခိုင်နူန်း ရှိပြီး အဖျင်း၊ အမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ပြီး အရည်အသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းနဲ့ ကိုက်ညီတဲ့စပါး တစ်တင်း (၄၆) ပေါင်ကိုက် စပါး တင်း(၁၀၀)ရဲ့ အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို ၆၃၀,၀၀၀ ကျပ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
ဒီနှစ် မိုးရာသီမှာ မိုးရွာသွန်းမှု မမှန်ခြင်း၊ဆည်ရေရရှိမှု မရှိတဲ့နေရာတွေမှာ စပါးအထွက်နူန်းလျော့ကျတာကြောင့် စပါးစျေးမြင့်တက်နေပေမယ့်လည်း တောင်သူတွေထဲမှာ အရှုံးနဲ့ရင်ဆိုင်နေရသူတွေရှိနေပါတယ်။
#voiceofmyanmar #VOM #ဆန်စပါးစျေးနူန်းကဏ္ဍ