ဖေဖော်ဝါရီ ၂၈ – ၂၀၂၅
SN (VOM)
ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) ငွေပေးငွေယူ စနစ်အသုံးပြုမှုကို ခွင့်ပြုဲလိုက်ပြီး လက်ရှိမှာတော့ စျေးဝယ်တာအပါအဝင် ငွေပေးချေမှုအချို့မှာသာ လက်ရှိအသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ငွေကျပ် ဘီလီယံပေါင်း များစွာ ရိုက်ထုတ်ဖို့ မလိုအပ်အောင် ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာကျူအာ (MMQR) စနစ်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ နစကဥက္ကဋ္ဌက မနေ့ ဖေဖော်ဝါရီ ၂၇ ရက်က နေပြည်တော်၊ ကျောက်စိမ်းခန်းမမှာ ပြုလုပ်တဲ့ MMQR ငွေပေးငွေယူစနစ် စတင်အသုံးပြုတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
MMQR စနစ် အသုံးပြုပြီး ငွေပေးချေမှုကို အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းတွေ လစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစား စီးပွားရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်း ရောင်းချခြင်း စတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
ဒီစနစ်နဲ့ ပတ်သက်လို့ စီးပွားရေး လေ့လာသုံးသပ်သူ တယောက်က “ဒီစနစ်ကို အကောင်အထည် ဖော်လိုက်တာက ဗဟိုဘဏ်မှာ လက်ကျန် ငွေစက္ကူ ကုန်ကြမ်းလိပ်တွေ မရှိတော့လို့လားပေါ့။ အဲဒီလိုလည်း တွေးစရာရှိတယ်။ ဒါဆိုရင်တော့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ပိုပြီး ဖြစ်လာနိုင်ခြေ ရှိနေတယ်။ နောက်တခု ဒီဂျစ်တယ် ငွေကြေးလိမ်လည်မှုဖြစ်တဲ့ ကျားဖြန့်လုပ်ငန်း၊ အွန်လိုင်း လိမ်လည်မှုတွေလည်း ပိုပြီး ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ခြေ ရှိတယ်” လို့ သုံးသပ် ပြောဆိုပါတယ်။
ငွေစက္ကူရိုက်ထုတ်တာက ငွေစက္ကူ နံပါတ်စဉ်နဲ့ ပမာဏသတ်မှတ်၊ ရိုက်ထုတ်ရတာဖြစ်ပြီး ဒီဂျစ်တယ် ငွေကြေးမှာက ဘာပမာဏ သတ်မှတ်ချက်မှ မရှိတော့တာကြောင့် ဒီဂျစ်တယ်ငွေကြေးနဲ့ဆို ငွေကြေးဖောင်းပွမှုနှုန်း အဆမတန် ပိုပြီး မြန်ဆန်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“စင်္ကာပူလို နိုင်ငံမျိုးမှာတောင် အွန်လိုင်း လိမ်လည်မှုတွေကြောင့် ဒေါ်လာသန်းချီ ဆုံးရှုံးကြရတာမျိုးဆိုတော့ မြန်မာပြည်လို နိုင်ငံမျိုးမှာဆိုရင်တော့ ဆိုဖွယ်ရာမရှိပေါ့။ ဒီထက်မက အခြေအနေ ပိုဆိုးလာနိုင်တယ်။ နောက်တခု ဒီစနစ်အတွက်က လျှပ်စစ်မီး အချိန်ပြည့်လာဖို့ လိုသလို အင်တာနက်ကို နေရာတိုင်း အလွယ်တကူ လိုင်းကောင်းကောင်းနဲ့ အသုံးပြုနိုင်ဖို့ လိုတယ်။ တိုင်းပြည်မှာလည်း အလုပ်အကိုင်တွေ ကောင်းနေဖို့ လိုတယ်။ ဒီလိုတွေ မဟုတ်ဘဲနဲ့တော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး” လို့ သူက ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲ ကာလအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ပြည်တွင်း ငွေကြေးဖောင်းပွမှုနှုန်းဟာ ၁၀ ဒသမ ၃၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ငွေစက္ကူရိုက်နှိပ်ရတဲ့ ကုန်ကျစရိတ်တန်ဖိုးဟာ ငွေစက္ကူရဲ့ မူရင်းတန်ဖိုးထက် များနေတဲ့အတွက် အခုလို QR စနစ်နဲ့ အစားထိုးတာ ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
နစကဥက္ကဋ္ဌကတော့ MMQR စနစ် အသုံးပြုခြင်းကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုနိုင်ခြင်း မရှိသေးသူတွေသာမက ရှိပြီးသားသူတွေပါ ငွေရေးကြေးရေးစနစ်မှာ ပိုမိုပါဝင်လာနိုင်ပြီး ငွေကြေးဝန်ဆောင်မှု ရယူဖို့ အထောက်အကူ ပြုနိုင်မယ်လို့ ဆိုပါတယ်။
ဒါအပြင် မတူညီတဲ့ ဘဏ်စာရင်းတွေ၊ မတူညီတဲ့ ဒီဂျစ်တယ်မိုဘိုင်း ပိုက်ဆံအိတ်တွေ၊ မတူညီတဲ့ ငွေပေးချေမှု စနစ်တွေကို ချိတ်ဆက် အသုံးပြုနိုင်မှာဖြစ်လို့ ကုန်သည်တွေနဲ့ အသုံးပြုသူတွေကြား ငွေကြေး စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေမှာ လျင်မြန်လွယ်ကူပြီး ရှုပ်ထွေးမှုတွေကို ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။
ဒါအပြင် တဖက်မှာလည်း အွန်လိုင်း လိမ်လည်မှုတွေ မဖြစ်အောင် စနစ်တကျ စောင့်ကြည့်ထိန်းကျောင်း ကြီးကြပ်ဖို့ လိုအပ်မယ်လို့လည်း နစကဥက္ကဋ္ဌက ပြောဆိုထားပါတယ်။
MMQR စနစ်မှာ ဝန်ကြီးဌာနနဲ့ အများပြည်သူတွေ ဒီဂျစ်တယ် ငွေပေးငွေယူမှု အသုံးပြုနိုင်ဖို့ ပမာဏကြီးမားတဲ့ ငွေပေးချေမှုတွေအတွက် CBM-NET System RTGS စနစ်၊ ပမာဏသေးငယ်တဲ့ ပေးချေမှုတွေအတွက် CBM-System ACH စနစ် ၊ QR အသုံးပြု ငွေပေးချေမှုတွေအတွက် Digital Payment Switch နဲ့ အသုံးပြုရမှာ ဖြစ်တယ်လို့ သိရပါတယ်။
MMQR အသုံးပြုဖို့အတွက် အက်ပလီကေးရှင်း သီးသန့် Download ထပ်လုပ်စရာမလိုဘဲ မိမိလက်ရှိအသုံးပြုနေတဲ့ ဒါမှမဟုတ် အသုံးပြုလိုတဲ့ ဘဏ်၊ မိုဘိုင်း ငွေကြေးအဖွဲ့အစည်းတွေကို ဆက်သွယ် အကြောင်းကြားဖို့ပဲ လိုတယ်လို့ သိရပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ Mobile Banking တွေ၊ Mobile Wallet အများစုအနေနဲ့လည်း MMQR ကို Certified ဖြစ်ထားပြီးဖြစ်တဲ့အတွက် အလွယ်တကူ အသုံးပြုန်ိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ MMQR စနစ်ကို အသေးစား စီးပွားရေးလုပ်ငန်းတွေ၊ စက်သုံးဆီ အရောင်းဆိုင်တွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေ ရောင်းချတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်တယ်လို့ ကြေညာထားပြီး နောက်ပိုင်းမှာတော့ အခွန်အခ၊ မီတာခ ပေးဆောင်ရာမှာ အသုံးပြုနိုင်မှာဖြစ်သလို နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးတာနဲ့ ပင်စင်ထုတ်ပေးတာမှာ သုံးဖို့ရှိတယ်လို့ သိရပါတယ်။
MMQR မှာ AYA Pay, KBZ Pay, Wave Money, OK$, CB Pay, uabpay, A+ Wallet, CTZ Pay, Yoma, Trusty, Zego နဲ့ Mpitesan တို့က ပထမအဆင့်အနေနဲ့ ပူးပေါင်း ပါဝင်မှာဖြစ်သလို နောက်ပိုင်းမှာ မိုဘိုင်းဘဏ်လုပ်ငန်း၊ Mobile Wallet ဆောင်ရွက်တဲ့ ဘဏ်နဲ့ ငွေပေးချေမှု အဖွဲ့အစည်းတွေအားလုံး ပါဝင်လာမယ်လို့ သိရပါတယ်။
MMQR စနစ်ကို အကောင်အထည်ဖော်ဖို့ NLD အစိုးရလက်ထက်က စတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပြီး နစက က ဒီစနစ်ကို ချက်ချင်း အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွန်းအားပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ