သူတို့အိမ် အခန်း (၂၃၁)

ဆူးငှက်

 

ရပ်ကွက်လေး ရှေ့ရေး ပူသူဝေး
————————————-
ကျွန်တော်တို့ ရပ်ကွက်လေးက အမှန်တကယ် တည်တံ့ တရားဝင်ရေးကို မေ့လျော့ နေကြသည်။ ကျွန်တော်ကတော့ ဦးတက်တိုး၏ အဆက်အသွယ်က အကြံပေးသလို မြေရာဇဝင်နှင့် ဖြစ်စေချင်သည့် အနေအထား များအား တိုင်းမှူး ဒု တိုင်းမှူးနှင့် မြို့တော်ဝန်တို့ထံ ရပ်ကွက်အနေနှင့် စာတင်ထားလိုက်သည်။ ကိုယ့်အနေနှင့်က ဘယ်လိုမှ စိတ်မချနိုင်သေး။ တရားဝင် စာနှင့်ပေနှင့် အကြောင်းမကြား မထုတ်ပြန်သ၍ စိတ်မအေး နိုင်သေးပေ။ ကျွန်တော့်လို စိတ်ပူသူတွေက ကျွန်တော်တို့ ရဲသုံးဘော်နှင့် ရပ်ကွက်နေ ၅ဦးခန့်မျှသာ ရှိသည်။ ရပ်ကွက်ထဲမှာ နောက်မှ ရောက်လာသူတွေက ပိုမပူသေးသပေါ့လေ။

 

 

ဓမ္မာရုံရှိရင် ဘူဒိုဇာ မထိုးဘူးတဲ့
————————————-
သည်လိုအခြေအနေတွင် ရပ်ကွက်ထဲက စိုးရိမ်ပူပန်နေသူ အချို့နှင့် ရပ်ကွက်ခံ လူငယ်များ စုစည်းပြီး ဓမ္မာရုံလည်း ဆောက်ဖို့ စီစဉ်နေကြသည်။ ၁၉၉၃ – ၉၄ ခုနှစ် အကွက်ရိုက် ကတည်းက မြေပိုင်ရှင်တစ်ဦးက ဓမ္မာရုံအတွက် မြေလှူထားသည်။ ရပ်ကွက်၏ အဦးအထိပ် အရှေ့မြောက်ထောင့် အရပ်မှာ ရှိသည်။ ထိုနေရာက အတန်ငယ်ကျယ်ဝန်းသည်။ သို့သော် ထူးပေါက်ရေပေါက်နေရာမို့ မြေအတော်ဖို့ကြရမည်။ ဒါလည်းပူစရာမလိုပေ၊ ရပ်ကွက်အတွင်း လူငယ်များ ဦးစီးပြီး ညစဉ်ညတိုင်း လူစုကာ အုန်းပင် ပင်စည်တုံးကြီးတွေရှာဖွေပြီး ထိုရေဝပ်သည့် နေရာမှာ ချကာ မြေဖို့ကြသည်။

 

 

ထိုစဉ်ကာလ မြေတွေ အသိမ်းခံကြရလွန်းသောကြောင့် မန္တလေးသားတွေ အယူအဆက ကိုယ့်ရပ်ကွက်ထဲ ဓမ္မာရုံရှိလျှင် ဘူဒိုဇာ အထိုးလွတ်နိုင်သည် ဟူလို။ ထို့ကြောင့်လည်း ကျွန်တော်တို့ ရပ်ကွက်မှာ ဓမ္မာရုံလေး တစ်ဆောင် အမြန်အကောင်အထည် ဖော်ကြခြင်း ဖြစ်သည်။ ကြိုးပမ်းကြသူများအနေနှင့် အတော် ပင်ပန်းကြပါ၏။ ကြိုးပမ်းသူတွေကလည်း ရပ်ကွက်လေးထဲ ဦးဆုံးရောက်လာကြကာ ပင်ပန်းဆင်းရဲစွာ ရုန်းကန် အခြေချခဲ့သူများ ဖြစ်ပါ၏။ ထို့ကြောင့် ချွေးဖြင့် ရင်းခဲ့သည့် ကိုယ့်နေရာလေးကို တည်တံ့စေချင်သောကြောင့် လုံ့လစိုက်ကြခြင်း ဖြစ်သည်။

 

 

ဒေါ်မေရှင်ဆီ လာသော ဝန်ကြီးချုပ်
—————————————-
ထိုစဉ်ကာလ အောက်တိုဘာလ၏ ဒုတိယပတ်အကျော်လောက် ဖြစ်မည်။ ကျွန်တော် မြို့ထဲက အပြန် ၂၆ဘီလမ်းအတိုင်း အရှေ့တက်တော့ ၆၂လမ်းမရောက်မီ ယာဉ်ထိန်းရဲများက ယာဉ်ကြောကို ပိတ်ကာ မြစန္ဒာလမ်းအတိုင်း ၂၆ဘီလမ်းဘက် ချိုးလာသည့် ယာဉ်တန်းအတွက် လမ်းကြောင်းရှင်းထားသည်။ ကျွန်တော်လည်း စက်ဘီးလေးရပ်ပြီး စောင့်နေစဉ် ယာဉ်တန်းက မြစန္ဒာလမ်းဘက်က ထွက်လာပြီး အနောက်ဘက် ချိုးသွားသည်။ ယာဉ်တန်းက စီးရေမများလှပေ။ တိုင်းမှူးပင် မဖြစ်နိုင်၊ မြို့တော်ဝန်လေလား၊ မြို့တော်ဝန် ယာဉ်တန်းတော့ မဟုတ်၊ မြို့တော်ဝန် ယာဉ်တန်းက သိသာသည်။ အခုယာဉ်တန်းက ဘယ်သူပါလိမ့်။

 

ထိုစဉ် အနီးရှိ ဒိန်ချဉ်ဆိုင်က မျက်နှာသိမို့ ကျွန်တော့်ကို ဒေါ်မေရှင်ဆီ ဝန်ကြီးချုပ်လာတာဟု လှမ်းပြောသည်။ ဟုတ်တာပေါ့၊ ကျွန်တော် သတိမထားမိတာ၊ သတင်းတွေထဲမှာ ဝန်ကြီးချုပ်က စစ်ကိုင်းတောင် ပုညရှင်ဘုရားသွားဖူးတာ မန္တလေးတောင်ခြေ တိုင်းရင်းဆေးတက္ကသိုလ်သွားတာတွေ ကြားနေသည်။ အခု မန္တလေးသူ နာမည်ကျော် ဂန္ထဝင် အနုပညာရှင်ကြီး ဒေါ်မေရှင်ကို လာတွေ့တာဆိုပဲ။ အနားမှာ ကျွန်တော့်လို စက်ဘီးလေး ထောက်ကာ ရပ်စောင့်နေသူတစ်ဦးက နေ့လယ်ကတည်းက စည်ပင်ခန်းမ ၁မှာ စည်းဝေးနေတာ၊ အဲ့ဒီက တန်းလာတာ နေမှာဟု ပြောနေသည်။

 

 

ကျွန်တော်လည်း ဝန်ကြီးချုပ်က အဆောင်အယောင် နည်းလှချေလားဟု အောင့်မေ့မိသည်။ ဝန်ကြီးချုပ် ဆိုရင်ဖြင့် ၂၆ဘီလမ်းအတိုင်း အနောက်ဆင်းကာ နန်းတွင်း မပြန်ဘဲ အရှေ့တက်ပြီး ကျွန်တော်တို့ သရက်ကုန်း ကွက်သစ်လေးဆီ လာစေချင်ပါဘိ။ လမ်းလေးတွေ ဝင်းလေးခြံလေးတွေ ကိုယ်ထူကိုယ်ထ လမ်းမီးလေးတွေနှင့် စည်းကမ်းတကျ ဖွဲ့စည်းနေထိုင်သည့် ရပ်ကွက်လေးကို ပြချင်ပါဘိ။ အနည်းငယ် အချိန်ရလျှင် ရပ်ကွက်လေးက ခက်ခက်ခဲခဲ အကောင်အထည်ဖော်နေသည့် ဓမ္မာရုံလေးနေရာကိုလည်း ပြချင်ပါဘိ၊ လမ်းလည်း သင့်နေတာလေ ဟု စိတ်ကူးနေမိသည်။

 

 

ကြက်ဥအရောင် တိမ်တောင်သဖွယ်
—————————————
အလိုလေး.. ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်သတဲ့၊ နောက်ရက်မှာ ထူးထူးခြားခြား ကြားလိုက်ရသည့် သတင်းက မန္တလေးက အပြန် ဝန်ကြီးချုပ်ကို ထိန်းသိမ်းလိုက်ပြီတဲ့။ သတင်းတွေ၊ ကောက်ချက်တွေ၊ သုံးသပ်ချက်တွေ အမျိုးမျိုးပါပဲလေ။ ကျွန်တော်ကတော့ ဦးတက်တိုးပြောသည့် ဒို့မင်းသားက သူ့လူတွေကို ယုံလွန်းတယ်ဟူသောစကား၊ ဒီပဲယင်းကိစ္စမှာ တတိယအုပ်စုပါလာပြီ ဟူသောစကားနှင့် ညကြီးမင်းကြီး တွေ့ခဲ့ရသည့် တပ်မှူးတစ်ဦးပြောသော တစ်ဖက် အုပ်စုက ဟူသည့် စကားများကို ပြန်လည် ကြားယောင်ကာ ဆက်စပ်တွေးနေမိသည်။

 

ဒီပဲယင်းမှာ တတိယအုပ်စု ပါလာတယ် ဟု ပြောခြင်းမှာ ၁ – ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်ပါတီဝင်များ ဝန်းရံသူများ၊ ၂ – လိုက်ပါ စောင့်ကြည့် ထောက်လှမ်း သတင်းယူသူများပဲ တစ်လျှောက်လုံး ရှိနေခဲ့ရာမှ မုံရွာအဝင်မှာပင် ထို အုပ်စု ၂စုက မဟုတ်သော တတိယအုပ်စုတစ်စု ပါဝင်လာတာ နံပတ်၂ အဖွဲ့က သိလိုက်ရပြီကို ဆိုလိုသည်ဟုလည်း ဦးတက်တိုး က ရှင်းပြခဲ့သည်။ ထို့ကြောင့် ဦးတက်တိုးတို့ဘက်က လုပ်ရဲရင်လုပ်ကြည့် မင်းတို့ဖိုင်တွေ ငါတို့ဆီမှာ အသေးစိတ်ရှိတယ် ဟူသော အခြိမ်းအခြောက်ကို လက်ဦးမှု ယူသွားလေသလား ဟူသည် ကိုလည်း စဉ်းစားနေမိသည်။

 

 

အပေါ်ထပ်မှာ ကွဲနေကြတယ်ဆရာ
————————————-
ထိုသို့သော စကားတွေ နားနှင့်ဆတ်ဆတ်ကြားမိပြီးနောက် မန္တလေးသို့ ရောက်လာသည့် ဆရာကြီးတစ်ဦးနှင့် တွေ့သောအခါ “အပေါ်ထပ်မှာ ကွဲနေကြတယ်ဆရာ” ဟု ပြောခဲ့သည်။ ဘာပဲပြောပြော ဆရာကြီးက ထိုစဉ်ကာလ ဒိမိုကရေစီ နိုင်ငံရေး ရှေ့ဆောင်ပုဂ္ဂိုလ်များနှင့် အနီးကပ်မို့ ပြောပြခြင်း ဖြစ်သည်။ သို့သော် ဆရာကြီးက ကျွန်တော့်ကို မင်းနုပါသေးတယ်ကွာ ဟူသော အကြည့်ဖြင့် ကြည့်ကာ ပယ်ချခဲ့၏။

 

ကျွန်တော်ကတော့ ဘယ်အရာမဆို ပကတိ သတင်းအမှန် အချက်အလက်မှန်များ ရယူစုဆောင်းပြီးမှ စဉ်းစားသုံးသပ်ချင်သည်။ သင်္ချာသဘောအရဆိုလျှင် ပေးထားချက်များ အပေါ်မှ လိုအပ်သည့် ဆောက်လုပ်ချက် ထည့်ကာ အဖြေထုတ်လိုခြင်း ဖြစ်သည်။ ကိုင်း ထားပါတော့။ ကျွန်တော် ထိုသတင်းကြားပြီး ခက်ချင်း ပူပန်သွားတာက ဦးတက်တိုးပဲ ဖြစ်ပါ၏။ သူရော ရှိပါသေးလား။ သူရှိခြင်း မရှိခြင်းက ကျွန်တော်တို့ ရပ်ကွက်လေး ကျန်းမာရေးနှင့် ဆက်စပ်နေသည်လေ။

 

ဆူးငှက်

Related posts

✕
VOM News

FREE
VIEW