ဆူးငှက်
မကျေပွဲအတွက် အလံနီ အလံဝါ
—————————————–
ဦးတက်တိုး၏ မင်းသား က ဝန်ကြီးချုပ်တာဝန်ယူစဉ် ကျွန်တော်နှင့် ဆက်သွယ်ဖို့ လမ်းကြောင်းပေးခဲ့သည့် မန္တလေး ရုံးကြီးတစ်ရုံး က ဌာနမှူးမှာ တာဝန်ကျေလှသည်။ ဝန်ကြီးချုပ် မရှိတော့သော်လည်း ကျွန်တော်တို့ ရပ်ကွက်လေး သတင်းနှင့် ပတ်သက်၍ ထူးလျှင် ထူးသလို အသိပေး အကြောင်းကြားပါသည်။ အခုလည်း ကြားရသည့် သတင်းက မကောင်းလှပေ။ ဝန်ကြီးချုပ် အထိန်းသိမ်းခံရပြီး မကြာမီမှာပင် မန္တလေးသို့ က.ထ.စ မှူး ရောက်လာသည်။ သူက ဝန်ကြီးချုပ် ရှိစဉ်ကာလ နန်းတွင်း၌ အစည်းအဝေးအပြီး တိုင်းမှူးကို “နေပါဦး၊ ကို(…..) ခင်ဗျားတို့ သရက်ကုန်းရပ်ကွက်က ဘာဖြစ်ကြတာလဲ” ဟုမေးတော့ တိုင်းမှူးက မဖြေနိုင်ခင် ဝန်ကြီးချုပ်က ခ.ယ.က ဥက္ကဋ္ဌဘက် လှည့်ပြီး “ကို(…..) ခင်ဗျားသိတယ်၊ ဘာဖြစ်တာလဲ၊ ပြောပါ” ဆိုပြန်တော့ ခ.ယ.က ဥက္ကဋ္ဌ က မဝံ့မရဲ လှမ်းကြည့်တော့ ခေါင်းငုံ့နေသော က.ထ.စ မှူးပဲ ဖြစ်သည်။
သူက တာဝန်အရ မန္တလေးမြို့တွင်း လှည့်လည် စစ်ဆေးအပြီး နန်းတွင်း ဧည့်ရပ်သာသို့ ပြန်နားဖို့ အစီအစဉ်ပဲ ဖြစ်သည်။ သို့သော် သူက နန်းတွင်းသို့ မပြန်သေးဘဲ လုပ်ငန်းရှင် အချို့နှင့် စက်မှုမြို့သစ်က လုပ်ငန်းရှင်ကြီး တစ်ဦးအိမ်မှာ သွားနားသတဲ့။ ထိုလုပ်ငန်းရှင်က စက်မှုမြို့သစ်မှာလည်း တာဝန်တစ်ခု ယူထားသူတဲ့။ ထိုအိမ်ရောက်တော့ သရက်ကုန်းမြေပုံကြီး စာပွဲပေါ်ဖြန့်ပြီး လက်ရှိသူများကို အစာပြန်ပေးမည့်နေရာ၊ သရက်ကုန်းမြေကို အကွက်ပြန်ရိုက်မည့် ပုံစံစသည်တို့ကို ဆွေးနွေးကြသတဲ့။ ထိုသတင်းက ချက်ချင်းပင် ကျွန်တော်တို့ထံ ရောက်လာသည်။ ဌာနမှူးက ကျွန်တော့်လူ အင်ဂျင်နီယာတဆင့် အသိပေးခြင်းဖြစ်သည်။
ထိုသတင်းရပြီး နောက်ရက်မှာပင် ရပ်ကွက်ထိပ် ၂၆ဘီလမ်းပေါ် တိုင်းထွာ ထားသည့် အလံတွေ လာစိုက်သည်။ သည်တော့မှ ရပ်ကွက်က လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့သည်။ အလံတွေက အဝါလည်းပါသည်။ အနီလည်းပါသည်။ အလံဝါတွေက ကျွန်တော့် အိမ်ထိပ်ထိ ရောက်လာ၏။
မနော်ဟရီလမ်းအတိုင်း အရှေ့တက်ပြီး တမျှော်တခေါ်
————————————————————–
တချို့ကလည်း နီးစပ်ရာစုံစမ်းပြီး အစားပေးမည်ဟု ကြားထားသော နေရာကို သွားကြည့်သူက ကြည့်နေကြပြီ။ ကြည့်ပြီးပြန်လာသူတွေက “သူတို့ ပေးမယ်ဆိုတဲ့နေရာက မနော်ဟရီလမ်း အတိုင်း အရှေ့ထဲထိ တက်ရတာဗျ၊ အဲ့ဒီကနေ တောင်ထဲကို တမျှော်တခေါ်ကြီး သွားရသေးတယ်။ လူနေရပ်ကွက်နဲ့ အဝေးကြီး ကိုင်းတောထဲမှာ၊ ကြားရတာကတော့ ဒီကွင်းထဲက တောဂရံရှိသူတွေကိုပဲ ပေ၃၀×ပေ၄၀ ပေးမယ်ဆိုလားပဲ”ဟု လာပြောသည်။ ကိုင်း ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ၊ ဒီတစ်ခါ ကယ်မယ့်သူ ဝေးပြီ။ ဦးတက်တိုးလည်း အဆက်အသွယ်မရတော့၊ သူ့ဖုန်းကလည်း ပိတ်ထားသည်။ သည်တော့ ကျွန်တော်တို့ ခေါင်းချင်းဆိုင်ရပြန်သည်။ အရေးကြီးတာ သတင်းအချက်အလက်တွေ အမှန်ရဖို့ ဖြစ်သည်။
တစ်ရက်နှစ်ရက် အတွင်းမှာပင် သတင်းတွေက တိတိကျကျ ရလာပြီ။ ၂၆လမ်းမေးတင်မှာ ရုံးတွေကို နေရာချမယ်တဲ့။ ချထားမည့် ရုံးတွေက နန်တွင်းထဲမှာရှိနေသော တိုင်း ထွေ/အုပ်ရုံးတဲ့။ စစ်ပြန်စစ်မှုထမ်းဟောင်းရုံးတဲ့။ ဒီ၂နေရာက သေချာနေသည်။ နောက်ထပ်ရုံးတွေလည်း ပါသေးသည်။ ၂၆ဘီလမ်းကနေ အတွင်ဘက် ပေ၄၀၀ ပတ်လည်ယူမှာတဲ့။ ထိုမှ မြောက်သို့ ပေ၆၀လမ်းက အရှေ့အနောက်ဖောက်မှာတဲ့၊ ထိုလမ်းမေတင် ပေ၁၀၀ ပတ်လည် ကျောကပ် ၂ကွက်တွေ၊ ပြီးတော့ ပေ ၁၀၀×ပေ ၈၀ ကျောကပ်၊ ပေ၄၀လမ်း၊ ပေ၆၀ × ပေ၄၀ အကွက် ကျောကပ် ပေ၂၀လမ်း စသည်ဖြင့် လျာထားပြီးပြီတဲ့။ တစ်ဆက်တည်း ထပ်မံသိရတာက နက်ဖြန်မနက် ၈နာရီလောက်မှာ က.ထ.စ မှူးနှင့် အတူလိုက်ပါလာသည့် အရပ်သား ဝန်ကြီးက ၂၆ဘီလမ်းတလျောက် ချထားမည့် ရုံးနေရာတွေကို မသိမသာ လာကြည့်မယ်တဲ့။
ရပ်ကွက်ထဲ ဆင်းကြည့်ရင် ရှင်းပြမယ်
—————————————–
ထို့ကြောင့် ကျွန်တော်တို့ ရဲ၃ဘော်လည်း ကျွန်တော်တို့လမ်းထိပ်က ၂၆ဘီလမ်းပေါ် မနက် ၈နာရီမတိုင်မီ ထွက်စောင့်ကြသည်။ အကယ်၍ ဝန်ကြီးက ကားပေါ်ကဆင်းပြီး ကြည့်လျှင် ကျွန်တော်တို့က ဝင်ပြောကြ၊ ရှင်းပြကြဖို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုဝန်ကြီးက အစိုးရအဖွဲ့တွင် ရှားရှားပါးပါး ပါလာသည့် အရပ်သား ဝန်ကြီးဖြစ်သည်။ ထို့ပြင် သူက သဘောလည်း ကောင်းသည်ဟု ကြားသိထားလို့ ဝန်ကြီးကို ကျွန်တော်ကပဲ မြေရာဇဝင်ရှင်းပြမည်။ လိုရမယ်ရအနေနှင့် ကျွန်တော်က ညီတော်မောင် အင်ဂျင်နီယာလေးထံက ဆပ်ပြာခွက် ကင်မရာလေးလည်း အိတ်ထဲ ဆောင်ထားသည်။
မနက် ၈နာရီမတိုင်မီ ကတည်းက ရပ်ကွက်ထိပ် ၂၆ဘီလမ်းဘေး တမာပင်အရိပ်က စောင့်ကြည့်ကြတော့ လုံခြုံရေးအတွက် အရပ်ဝတ်များ ချထားလေမလား အကဲခတ်ရသည်။ ထူးထူးခြားခြားတော့ မတွေ့ရ။ ကျွန်တော်တို့လည်း သည်အတိုင် ရပ်စောင့်နေတာ သိသာမည်စိူးသဖြင့် ဈေးကပြန်လာသည့် ရပ်ကွက်ထဲက စကားခပ်ပေါပေါ အပျိုကြီးကို အကြောင်းမရှိအကြောင်းရှာကာ သူမောင်းလာသည့် ဆန်နီကားလေးတားပြီး အကြောင်းမရှိအကြောင်းရှာ၍ သူ့ကား အကွယ်လေးက စောင့်သည်။
အပျိုကြီးကလည်း စကားပြောဖော်ရှာနေသောကြောင့် တိရစ္ဆာန်ဆရာဝန်နှင့် ရေပက်မဝင်ပေါ့။ ကျွန်တော်နှင့် ကိုလင်းက တစ်ခါတရံမှသာ စကားဝင်ထောက်ပြီး ၂၆ဘီလမ်းအတိုင်း အနောက်ဆီသို့ မျှော်ကြည့်နေရ၏။ ဝန်ကြီးတည်းတာက ၂၆ဘီလမ်း ကျုံးနဘေးရှိ သူ့ ဝန်ကြီးဌာန ဧည့်ရိပ်သာမှာ ဖြစ်သည်။ ထို့ကြောင့် ဝန်ကြီးက သူ့ရုံးဧည့်ရိပ်သာက အရှေ့သို့ တက်လာရုံပဲ ဖြစ်သည်။ ကိုင်း ၈နာရီလည်း ထိုးပြီ။ ဆရာဝန်နှင့် အပျိုကြီးက စကားကောင်းဆဲ၊ ကျွန်တော်တို့က ကားဘောနက်ပေါ် လက်ထောက်ပြီး အနောက်ဆီ လှမ်းကြည့်နေသည်။
လက်ထဲက အလံလိတ်လေးတွေနှင့်
—————————————–
ထိုစဉ် ကိုလင်းက မျက်ရိပ်ပြသည်။ ၂ယောက်စီစီးလာသော ဆိုင်ကယ် ၂စင်းအနက် တစ်စင်းက ရပ်ပြီး ရပ်ကွက်ထဲဝင်သည့် ဆင်လမ်းမ ထိပ်မှာ စောင့်နေသည်။ တစ်ယောက်က ဆိုင်ကယ်ဘေးမှာ ရပ်နေပြီး တစ်ယောက်က လက်ထဲမှာ ဘောလုံးပွဲက လိုင်းစမင်းဒိုင်ကိုင်သည့် အနီရောင် အလံလေးကို မသိမသာ လိတ်၍ ကိုင်ထားကာ ရပ်ရင်း အနောက်ဘက်လှမ်းကြည့်နေသည်။ နောက်ဆိုင်ကယ် တစ်စီးက ဟိုအရှေ့ဘက်ထိ တက်သွားပြီး အောင်ပင်လယ် ကန်ဘောင် လမ်းထိပ်မှာ ရပ်သည်။ မရှေးမနှောင်းဘဲ မတ်တူး အဖြူရောင် ကားတစ်စီက အနောက်ဆီက ခပ်ဖြည်းဖြည်း မောင်းလာသည်။ ကားက ဖြတ်တော့ လမ်းထိပ်ရပ်နေသူက သူ့လက်ထဲက အလံလေးကို မသိမသာ လှုပ်ပြသည်။ ထို့နောက် ကားက အရှေ့ထိ တက်သွားသည်။
အောင်ပင်လယ် ကန်ဘောင်လမ်းက စောင့်နေသူထံက အလံနီလေး လှုပ်သွားတာ ဖျပ်ခနဲ မြင်လိုက်ရသည်။ မတ်တူးကားလေးက ကန်ဘောင်လမ်းရောက်တော့ ပြန်ကွေ့ချိုးလာသည်။ သည်တစ်ခါ ခပ်ပြင်းပြင်း အရှိန်နှင့် မောင်းသွားကာ ကျွန်တော်တို့ကို ဖြတ်ပြီး လာလမ်းအတိုင်း အနောက်သို့ ဆင်းသွားသည်။ ဆိုင်ကယ် ၂စီးနှင့် လူ၄ယောက်လည်း အလံလေးလိတ်လေးကို ခါးကြားထိုးပြီး ကားနောက်က အမြန်လိုက်သွားသည်။ ဒါဝန်ကြီးပဲလေ၊ ရပ်ကွက်အဖြတ် ခပ်ဖြည်းဖြည်းမောင်းစဉ် မှန်ဖွင့်ပြီး ခေါင်းပြူကြည့်တာ လှစ်ခနဲ မြင်လိုက်တာမို့ သေချာသည်။ ရပ်ကွက်ထဲ ဆင်းမကြည့်သည့် အပြင် လာတာကိုပင် လူအသိမခံဘဲ လျှို့ဝှက်စွာ လာသွား သည်။ ဘာ့လို့ လျှို့ဝှက်ရပြန်ပါလိမ့်လေ။
ဆိုင်းဘုတ်တွေ လာပြီ
—————————
ရပ်ကွက် အရှေ့ထိပ် အနောက်ထိပ် ၂၆ဘီလမ်းပေါ် ရုံများနေရာချထားမည့် အစီအစဉ်အတွက် ဝန်ကြီးတစ်ယောက် သိုသိပ်စွာ လာကြည့်ပြီး ကြားရသည့် သတင်းကတော့ ကောင်းသည်။ ဝန်ကြီးက သည်နေရာမှာ လူနေအိမ်တွေရှိနေလို့ ရုံနေရာအတွက် ငြင်းဆန်လိုက်သတဲ့။ စစ်ပြန်စစ်မှုထမ်းဟောင်းကလည်း သည်နေရာထက် ကျယ်ဝန်းပြီး စိုက်ပျိုး မွေးမြူရေးပါ ပြုလုပ်လို့ရသည့် ရန်ကင်းတောင်ဘက်ပဲ နေရာတောင်းသတဲ့။ ထို့ကြောင့် ၂၆ဘီလမ်းမေးတင်က ရုံးအစီအစဉ် ပျက်သွားသည်။ သို့သော် ရုံးများအတွက် လျာထားသော နေရာများကို ပေ ၁၀၀ပတ်လည် ပြန်ရိုက်မယ်ဟု သိရပြန်သည်။
ထိုသတင်းကြားပြီး နောက်၂ရက်လောက်နေတော့ မနက်မိုးမလင်းမီကပင် သတင်းတစ်ခုက ရပ်ကွက်ထဲ ချက်ချင်း ပြန့်သွားတော့သည်။ ဒီသတင်းကတော့ ကောလာဟာလ မဟုတ်။ အသေအချာပါပဲ။ မယုံရင် ရပ်ကွက်ထိပ် ထွက်ပြီး ၂၆ဘီလမ်းပေါ် ကြည့်လိုက်တော့လေ။ “တပ်ပိုင်မြေ၊ မကျူးကျော်ရ” တဲ့။ အနီခံပေါ်တွင် အဖြူစာလုံးကြီးတွေ ပြူးလို့။ ယခင်က ရပ်ကွက်ထဲ စိုက်ထားသော အလံဝါများကလည်း အလံနီတွေ ဖြစ်ကုန်ပြီ။ မကြာမီ ရပ်ကွက် အိမ်ထောင်ဦးစီးများကိုလည်း တ.ယ.က ရုံးက ဆင့်ခေါ်လိမ့်မည်ဟု သတင်းထွက်လာသည်။
ဆူးငှက်
